ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်
ယမန်နေ့မှအဆက်
၂ဝ၁ဝ ပြည့်နှစ်တွင်ပြုစုသောအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ –
- ၁၉၂၅ ခုနှစ်တွင် ၆၅.၈ ရာခိုင်နှုန်း
- ၁၉၅၈ ခုနှစ်တွင် ၅၇.၂ ရာခိုင်နှုန်း
- ၁၉၇၅ ခုနှစ်တွင် ၅၂.၇ ရာခိုင်နှုန်း
- ၂ဝ၁၃ ခုနှစ်တွင် ၅၂.၃ ရာခိုင်နှုန်း
- ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၁.ဝ ရာခိုင်နှုန်း
အသီးသီး လျော့ကျလာသည်ဟုဆိုသည်။
မြန်မာ့သစ်တောသည် ၁၉၈၈ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ပြုန်းတီးမှု မှာ စတုရန်းကီလိုမီတာ ၁၁ဝ၆၂၁ ရှိသည်ဟုဆိုသည်။ အဆိုပါနှစ် ၃ဝ အတွင်း နှစ်စဉ်ပျမ်းမျှ ပြုန်းတီးမှုမှာ သုည ဒသမ ၈၇ ရာခိုင်နှုန်းအထိ
ရှိသည်ဟုဆိုသည်။ နိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၆၇၆၅၇၈ ရှိသည့်အတွက် နှစ်ပေါင်း ၃ဝ အတွင်း နိုင်ငံ့ဧရိယာတစ်ခုလုံး ၏ ၁၆ ရာခိုင်နှုန်းခန့်ရှိသော သစ်တောများ ပြုန်းတီးခဲ့သည့် သဘော ဖြစ်သည်။
ဤကိစ္စမှာ အထက်တွင်ဖော်ပြခဲ့သလို လူဦးရေတိုးလာသည်နှင့် အမျှ လိုအပ်သော ထင်း၊ မီးသွေး၊ သစ်၊ ဝါးရရှိရေးသည်လည်း အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလွှမ်းခြုံမှုသည် ၁၉၈၈ ခုနှစ်တွင် ၂ဝ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ခြင်းကလည်း ထင်း၊ မီးသွေးလိုအပ်ချက်ကို ပို၍ကြီးမားစေခဲ့သည်။
သို့သော် စာစောင်များနှင့် သတင်းများတွင် ဖော်ပြမှုမတွေ့ရသော ကိစ္စတစ်ခုရှိနေသည်။ ယင်းကိစ္စမှာ ၁၉၈၈ မှ ၂ဝ၁၇ ခုနှစ်အတွင်း သစ်တောဧရိယာများကို ပလပ်ပြီး လယ်ယာမြေများ တိုးချဲ့ခွင့်ပြုထားခြင်းဖြစ်သည်။ လယ်ယာမြေစစ်တမ်း ကောက်ယူချက်အရ ၁၉၈၈ ခုနှစ်တွင် လယ်ယာမြေ ၁၈၈၆၉၄ စတုရန်းကီလိုမီတာသာ ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင်မူ ၂၅၇၈၈ဝ စတုရန်းကီလိုမီတာ အထိ ကျယ်ပြန့်လာသည်။ နှစ်ပေါင်း ၃ဝ အတွင်း ၆၉၁၈၆ စတုရန်းကီလိုမီတာ တိုးလာခြင်းဖြစ်သည်။ သို့ပါ၍ အမှန်တကယ် သစ်ခုတ်ယူမှုကြောင့် နှစ်ပေါင်း ၃ဝ အတွင်း သစ်တောပြုန်းတီးမှုမှာ စတုရန်းကီလိုမီတာ ၄၁၄၂၇ ရှိသည်ဟုဆိုရမည်။
ဤကာလအတွင်း သစ်တောစိုက်ခင်းဆောင်ရွက်မှုသည် ပြုန်းတီးမှု၏ ၁ဝ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း စတုရန်းကီလိုမီတာ ၃၆၁၈ ခန့်သာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။
သစ်တောပြုစု ပျိုးထောင်မှုတွင် တောင်ကိုရီးယားနိုင်ငံကို နမူနာယူသင့်ကြောင်း ကမ္ဘာ့မှတ်တမ်းများတွင် တွေ့ရသည်။ ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ကိုလိုနီကာလတွင် ကိုရီးယား ကျွန်းဆွယ်တစ်ခု လုံး၏ ၅ဝ ရာခိုင်နှုန်း သစ်တောပြုန်းတီးသွားခဲ့သည်။ သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၆ သန်း(ဧက ၂၃ ဒသမ ၇ သန်း) ပြုန်းတီးသွားသည်။ တစ်ဖန် ၁၉၅၁-၁၉၅၂ ခုနှစ်တွင်ဖြစ်ပွားသော ကိုရီးယားစစ်ပွဲတွင် အမေရိကန်၏ မတန်တဆ ဗုံးကြဲခဲ့မှုများကြောင့် သစ်ပင်များဆုံးရှုံးမှု အပါအဝင် စစ်အတွင်း သစ်တောဆုံးရှုံးမှုပါ ပေါင်းလိုက်လျှင် ကိုရီးယားကျွန်းဆွယ်၏ သစ်တောသည် ၈၅ ရာခိုင်နှုန်းအထိ ပြုန်းတီးသွားခဲ့သည်။
တောင်ကိုရီးယားသမ္မတ ပါ့ချောင်ဟီးလက်ထက် ၁၉၇၇ ခုနှစ်မှစ၍ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ပြီး ပြည်သူ့အားကို အရယူပြီး ဆောင်ရွက်ခဲ့သည်။ ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။ သူ့ကိုဆက်ခံသော သမ္မတချန်ဒူးဟွမ်ကလည်း အားထည့်ခဲ့သည်။ ဒေသပြည်သူများကိုယ်တိုင်က We can do (ငါတို့လုပ်ရင်ဖြစ်တယ်) ဆိုသည့်အချက်ကို သိသွားခြင်းက သစ်တောစိုက်ခင်းများ အောင်မြင်ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ကြသည်။
နှစ် ၄ဝ အကြာ ၂ဝ၁၇ ခုနှစ်တွင် တောင်ကိုရီးယားမြေ၏ ၆၄ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းခဲ့ပြီ။
မိမိတို့နိုင်ငံတွင်လည်း သစ်တောမူဝါဒများ ချမှတ်ပြီး နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည်ကိုလည်း ကြားသိနေရသည်။ သို့သော် နယ်စပ်ဒေသများတွင် တရားမဝင် သစ်ခုတ်ရောင်းချနေမှုများ ပမာဏကြီးမားစွာ ဖြစ်ပေါ်နေသည်။ အလားတူပင် နေပြည်တော်ကဲ့သို့ သော ရုံးစိုက်ရာဒေသ အရှေ့ဘက်တောင်ကြော တစ်လျှောက် ကားလမ်းပေါက်နေသော ဒေသဝန်းကျင်မှ သစ်တောများ ပြုန်းတီးနေသည်မှာလည်း မျက်မြင်ဖြစ်သည်။ အလားတူပင် ပျဉ်းမနား၊ တောင်ငူ စသည့်ဒေသများနှင့် ပဲခူးရိုးမတွင်လည်း သစ်တောများ ပြုန်းတီးမှုကို တွေ့မြင်နေကြရသည်။
ရေအသုံးချမှုတာတမံများ တည်ဆောက်မှုကြောင့် ရေဝပ်ဧရိယာ အတွင်းမှ သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်နေသည်မှာလည်း လက်တွေ့ဖြစ်သည်။ အဆိုပါရေဝပ် ဧရိယာများကြောင့် ပြုန်းတီးမှုအပေါ် နိုင်ငံတော်မှ သက်ဆိုင်ရာ တာတမံဆောင်ရွက်သည့် ဌာနနှင့် သစ်တောဦးစီးဌာနတို့ ညှိနှိုင်းစေပြီး သင့်လျော်သော အစီအစဉ်တစ်ခု ချမှတ်သင့်သည်။
ထို့ပြင် ဆည်တစ်ခု၊ ရေအားလျှပ်စစ် စီမံကိန်းတစ်ခု တည်ဆောက်လျှင် မူလက တောကြီးမျက်မည်း၊ လူသူရောက်ရန် ခက်ခဲသောဒေသများမှာ ကားလမ်းများ ပေါက်သွားကြသည်။ အဆိုပါလမ်းများသည် ဒေသတွင်း၊ ဒေသပြင်ပမှ တရားမဝင်သစ်၊ ဝါးခုတ်သူများအတွက် သစ်၊ဝါး တရားမဝင် သယ်ယူရန် လမ်းဖောက်ပေးလိုက်သလိုပင် ဖြစ်နေသည်။ အလားတူပင် ယခင်က သွားလာရေးခက်ခဲသော တောကြီးထဲတွင် ရေလှောင်ကန် ပေါ်လာသည့်အတွက် ကန်ထိပ်ဖျားမှ ခုတ်ယူရရှိသော သစ်၊ ဝါးများကိုဖောင်ဖွဲ့၍ သင့်လျော်ရာနေရာအထိ ဆွဲယူလာပြီး စီးပွား ဖြစ်နေသူများကိုလည်း တွေ့မြင်နေရသည်။
ရှေ့မှစိုက်နေချိန်တွင် နောက်မှလေလွင့်နေသည်။ ဤကိစ္စမှာ သာမန် ပြည်သူများ၏ အရေးကိစ္စမဟုတ်တော့ပေ။ တစ်နိုင်ငံလုံးအရေး၊ တစ် ကမ္ဘာလုံးအရေး ဖြစ်နေပြီဆိုသည်ကို သတိပြုရပါမည်။ နည်းလမ်းရှာ ရပါမည်။ စားဝတ်နေရေးကိစ္စ မည်သို့ပြောင်းလဲ စီစဉ်ပေးနိုင်သည်ဆို သောအချက်ပေါ် အဓိကမူတည်လာသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှသက်ဆိုင်ရာ တာဝန်ရှိသူများသည် တောတောင်များနှင့် မလှမ်းမကမ်းမှ ပြည်သူများအတွက် ၎င်း တို့နေ့စဉ်ဝင်ငွေကို မည်သို့ဖန်တီးပေးသင့်သည်၊ အလုပ်အကိုင်မည်သို့ ဖန်တီးပေးသင့်သည်ကိုလည်း စဉ်းစားသင့်သည်။
စာရေးသူသည် ပြန်လည်ပြည့်ဖြိုးမြဲရေကို ထိရောက်စွာ အသုံးချရေးခေါင်းစဉ်ကို အဓိကဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ပြန်လည်ပြည့်ဖြိုးမြဲရေကို ပုံမှန်ပြန်လည်ပြည့်ဖြိုးစေရေး၊ မဖောက်မပြန်ပြည့်ဖြိုး နေစေရေးမှာ ကမ္ဘာကြီး၏ ကျန်းမာရေး (ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီ ဥတုပြောင်းလဲမှုများ)နှင့် တိုက်ရိုက်ချိတ်ဆက် နေသည်။ သို့ပါ၍ အားလုံး ကို တစ်ပါတည်း ဆက်စပ်ရေးသားခဲ့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံကို မိမိတို့သာ တကယ်ချစ်သည်။ မိမိတို့ချစ်သည့် အကြောင်းကိုလည်း ပါးစပ်နှင့်မပြောဘဲ လက်တွေ့ပြကြဖို့အချိန် ရောက်နေပြီ။ ကမ္ဘာကြီး ကိုယ်အပူချိန်တက်ပြီး ဖျားနာနေပြီ၊ မည်သည့် ရောဂါဆိုသည်ကိုလည်းသိနေပြီ၊ သည်ရောဂါ သည်ထက်ဆိုးလာလျှင် ဘာဖြစ်မည်ဆိုသည်ကိုသိနေပြီ၊ မည်ကဲ့သို့ကုသလျှင် ရောဂါသက်သာ လာမည်ကိုလည်း သိနေသည်။ ဆေးကလည်း ဝေးဝေးလံလံ ရှာစရာ မလို ကိုယ့်ပတ်ဝန်းကျင်မှာပင် အလွယ်တကူရနိုင်သည်။
ကမ္ဘာကြီး၏ ကျန်းမာရေးအတွက် အမြန်ဆေးဝါး ကုသပေးကြပါ။ လူတိုင်းကုသမှ ပျောက်မည်ဖြစ်၍ လူတိုင်းက ပူးပေါင်းဆောင်ရွက်ကြပါ။ အချိန်မီကုသရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးမှာ ကြီးမားသည်။ တစ်ဖက်ကလည်း အဖိုးတန်သည့် ပြန်လည်ပြည့်ဖြိုးမြဲ ရေကိုလည်း ချွေတာကြပါ။ အကျိုးရှိအောင်လည်း ကြိုးပမ်းကြပါ။"ရေချိုကိုတန်ဖိုးထား၊ ကမ္ဘာကြီးကိုလည်း စောင့်ရှောက်ပါ" ဟုသာ အကြံပြုလိုပါသည်။
ပြီးပါပြီ။