တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဩဂုတ်    ၁၆

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Antique Floor Tile (၂၇၈၄)စတုရန်းမီတာ အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၀၀၈၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် (၃)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင် တင်သွင်းခွင့်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဆေးဝါး Aci Clovior Tablets ကူးစက်ရောဂါကာကွယ်ဆေး (၁၀)လုံးပါ (၁၂၀)ကတ်၊ အိန္ဒိယနိုင်ငံထုတ်ဆေးဝါး Erlotinib ကင်ဆာရောဂါကာကွယ်ဆေး(၂၀)မျိုး အပါအဝင် ဆေးပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၅၀၅၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၅၁၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ်လ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Two Golden Cranes ခရုဆီ(၃၆)ပုလင်း၊ Assorted Car Side Mirror (၆၃၀)ကီလိုဂရမ်၊ Knorr တံဆိပ် ကြက်သားမှုန့် (၅၀)ဘူး၊ တရုတ်နိုင်ငံထုတ် Delton Welding Machine (၁၀)လုံး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဩဂုတ်လ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့လမ်းဆုံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ (၁)လီတာပါ (၄၈၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၁၄၀၀၀၀)ကို    ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ်လ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၅၅၂)တန်၊ အခြားသစ် (၅ ဒသမ ၇၂၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀၄၄၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း၌ လိုင်စင်မဲ့ Honda Fit  Shuttle  မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၉၀၄၄၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ်လ  ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  မန္တလေးမြို့၊ မြစ်ငယ်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်  Galvanized  Iron Pipe (၂၂၁၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၅၉၃၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၀၀၀၀၀)ကို လည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ(၁၀)ကီလိုဂရမ်ပါ(၇၅၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၅၉၃၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ်လ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(သုည ဒသမ ၁၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၄၆၀)နှင့် မီးသွေး (၁၂ ဒသမ ၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၆၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၇၅၄၄၀၆)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Saturday, August 17, 2024 - 18:42