မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ISPE အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ
ရန်ကုန် ဩဂုတ် ၁၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)အဖြစ် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ISPE အသင်း၏အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့မှုကြောင့် အခက်တွေ့ခဲ့ပြီးပွဲချိန် ၂၅ မိနစ်တွင် ခိုင်ရဲဝင်းက ISPE အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၂၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရန်ကျော်ထွေးက ရန်ကုန်ယူနိုက်တက်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် တစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ISPE အသင်းခံစစ်ပိုင်းခက်ခက်ခဲခဲထိန်းချုပ်ကစားခဲ့သော်လည်း ပွဲချိန် ၅၂ မိနစ်တွင် ရန်ကျော်ထွေးနှင့် ပွဲချိန် ၆၅ မိနစ်တွင် ဒေးဗစ်ထန်းတို့က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ISPE အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များအဖြစ် ဩဂုတ်လ ၁၈ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့အားကစားကွင်း၌ ဧရာ၀တီယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်း၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရတနာပုံ အက်ဖ်စီအသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်