ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် လီဗာပူးအသင်းက ဒုတိယပိုင်းသွင်းဂိုးများဖြင့်  တန်းတက် အစ်ဝှစ်ချ်အသင်းကို အနိုင်ရရှိ

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် လီဗာပူးအသင်းက ဒုတိယပိုင်းသွင်းဂိုးများဖြင့်  တန်းတက် အစ်ဝှစ်ချ်အသင်းကို အနိုင်ရရှိ

လန်ဒန်     ဩဂုတ်    ၁၇

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် လီဗာပူးအသင်းနှင့် ယခုနှစ်ဘောလုံးရာသီတွင် တန်းတက်လာခဲ့သည့် အစ်ဝှစ်ချ် အသင်းတို့ကစားခဲ့ရာ လီဗာပူးအသင်းက ဒုတိယပိုင်းသွင်းဂိုးများဖြင့်  အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေးကစားနိုင် ခဲ့သော်လည်း အစ်ဝှစ်ချ်အသင်းက ခံစစ်ပိုင်း အားပြုပြီး အကောင်းဆုံးဖိအားပေးကစား နိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် နှစ်သင်းလုံးဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ဂိုးမရှိသရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် လီဗာပူးအသင်း၏ ပိုမိုတိုက်စစ်ဆင် ဖိအားပေးမှုများကြောင့် အစ်ဝှစ်ချ်အသင်း ခံစစ်ပိုင်းအမှားအယွင်းများရှိလာခဲ့ပြီး ပွဲချိန် မိနစ် ၆၀ တွင် ဆာလက်၏ဖန်တီးပေးမှုမှတစ်ဆင့် ဂျိုတာက လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန်ငါးမိနစ်အကြာ ၆၅ မိနစ်တွင် ဆာလက်က ဒုတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် လီဗာပူးအသင်းက ၂ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်ပွဲစဉ်ကို နိုင်ပွဲရယူနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင်  လီဗာပူးအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ သည့် ဆာလက်သည် ပရီးမီးယားလိဂ်ပြိုင် ပွဲသမိုင်းတစ်လျှောက် ရာသီအဖွင့်ပွဲစဉ်များ တွင်    သွင်းဂိုးကိုးဂိုးထိရှိလာခဲ့ပြီးနောက် ရာသီအဖွင့်ပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ        သမိုင်းတစ်လျှောက်   ရာသီအဖွင့်ပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမား စာရင်း၌ ဆာလက်၏နောက်တွင်  နယူးကာဆယ် အသင်းကစားသမားဟောင်း အလန်ရှီးယား၊ ချဲလ်ဆီး အသင်းကစားသမားဟောင်း ဖရန့်လမ်းပတ်၊ မန်ယူအသင်းကစားသမားဟောင်း ရွန်းနီတို့က ရှစ်ဂိုးစီ၊  မန်စီးတီးအသင်းကစားသမားဟောင်း အဂူရို၊ မန်ယူအသင်းနှင့်စပါးအသင်းကစားသမားဟောင်း တက်ဒီရှာရင်ဂမ်နှင့် လက်စတာအသင်းကစားသမား ဗယ်ဗာဒီတို့က   ခုနစ်ဂိုးစီသွင်းယူနိုင်ခဲ့ကြကြောင်း သိရသည်။

အခြားပွဲစဉ်များတွင် မန်ယူအသင်းက ဖူလ်ဟမ်အသင်းကို ၁  ဂိုး   ဂိုးမရှိဖြင့်လည်းကောင်း၊  အာဆင်နယ်အသင်းက ဝုလ်ဗ်အသင်းကို   ၂  ဂိုး    ဂိုးမရှိဖြင့်လည်းကောင်း၊    ဘရိုက်တန်အသင်းက အဲဗာတန်အသင်းကို   ၃ ဂိုး   ဂိုးမရှိဖြင့်လည်းကောင်း၊ နယူးကာဆယ်အသင်းက ဆောက်သမ်တန်အသင်းကို ၁ ဂိုး  ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး  နော်တင်ဟန်ဖောရက်စ်အသင်းနှင့် ဘုန်းမောက် အသင်းတို့က တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။       

                                 စည်သူအောင်

Dates: 
Sunday, August 18, 2024 - 08:34