မေတ္တာနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြပါစေ
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၁၉ ရက်)
ဝါခေါင်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အတွက် ‘‘မေတ္တာအခါတော်နေ့” ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဟူသော ဝေါဟာရကို အသေးစိတ်လေ့လာကြည့်လျှင် ဗုဒ္ဓဟူသည်မှာ ဘဝများစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါနစသောပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် ဗောဓိမဏ္ဍိုင်ဝယ် သစ္စာလေးပါးတရား ဥဿုံအလုံးစုံကို ဆရာမရှိ ကိုယ်တော်တိုင်ထိုးထွင်း၍ သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဟူသည် ထိုဘုရားသခင်သည် ၄၅ ဝါကာလပတ်လုံး လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့ အကျိုးစီးပွားတိုးပွားရန် နိဗ္ဗာန်အလို့ငှာ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များဟု အဓိပ္ပာယ်ရပါသည်။ ဗုဒ္ဓဘာသာဝင်ဟူသည်မှာ မြတ်စွာဘုရား ဟောကြားသော တရားတော်ကိုယုံကြည်သက်ဝင် ကြည်ညိုကိုးကွယ်၍ လိုက်နာကျင့်ကြံ ကြိုးကုတ်အားထုတ်နေကြသောသူများဟု အဓိပ္ပာယ်ရသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လျှင် ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သာသနာတော်တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်းနှင့် လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်းတို့ကို ပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ်ပြုလုပ်ရမည်ဖြစ်သည်။ မေတ္တာပို့ခြင်းဟူသည်မှာ အများသတ္တဝါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာလိုသော စိတ်ကိုဖြစ်ပေါ်စေခြင်း၊ ပို့လွှတ်ခြင်း၊ ပွားများခြင်းတို့ဖြစ်သည်။ လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်ထားရှိကြမည်ဆိုလျှင် ယနေ့ကမ္ဘာ့နိုင်ငံ အချို့တွင်ဖြစ်ပွားနေသော စစ်ပွဲများလုံးဝရှိမည်မဟုတ်ပေ။ ဗုဒ္ဓမြတ်စွာသည် လူသားတို့ကောင်းကျိုးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရား လက်ကိုင်ထားရန် ဟောကြားဆုံးမတော်မူခဲ့သည်။ ဤတရားလေးပါး၏ အရင်းခံသည် မေတ္တာစိတ်ပင်ဖြစ်သည်။
သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွားများ၍ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်း ဖြစ်၍ ဗြဟ္မဝိဟာရဟုခေါ်သည်။ ထိုကဲ့သို့ပွားများခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သော ဗြဟ္မစိုရ်ဟုခေါ်ခြင်းဖြစ်သည်။ မေတ္တာပွားလျှင် ဦးစွာမိမိကိုယ်ကို အရင်ပွားရသည်။
“ငါချမ်းသာချင်သကဲ့သို့ အသက်ရှိသောသတ္တဝါတိုင်းချမ်းသာချင်ကြမည်” ဟု ကိုယ်ချင်းစာတရား ဖြစ်ပွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ မေတ္တာဆိုသည်မှာ ဒေါသ၏ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါပညတ်ကို အာရုံပြုကာ “ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ” စသည်ဖြင့် သတ္တဝါတို့၏ ကြီးပွားချမ်းသာမှုကိုလိုလားတောင့်တသော အဒေါသစေတသိက်ကိုပင် ‘‘မေတ္တာ” ဟုခေါ်ခြင်းဖြစ်သည်။
မေတ္တာပို့သမှုအမြဲရှိနေသူသည် ချမ်းသာစွာအိပ်ရခြင်း၊ ချမ်းသာစွာနိုးရခြင်း၊ မကောင်းအိပ်မက်မမက်ရခြင်း၊ လူတို့ချစ်ခင်နှစ်သက်ခြင်း၊ နတ်တို့ချစ်ခင်မြတ်နိုးခြင်း၊ နတ်တို့စောင့်ရှောက်ခြင်း၊ မီး၊ အဆိပ်၊ လက်နက်မသင့်နိုင်ခြင်း၊ စိတ်လျင်မြန်စွာတည်ကြည်ခြင်း၊ မျက်နှာရုပ်ဆင်း ကြည်လင်ရွှင်ပျခြင်း၊ မတွေဝေဘဲသေရခြင်း၊ သေသောအခါ ဗြဟ္မာပြည်သို့လားရခြင်းဟူသော အကျိုး(၁၁)ပါး ရရှိခံစားရသည်။ ‘‘တစ်နေ့ သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း” ဟူ၍လည်း ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်တွင် ဖော်ပြထားပါသည်။
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ မေတ္တသုတ်ဒေသနာကို ဝါခေါင်လအတွင်း မြတ်စွာဘုရား ဟောကြားတော်မူသည်ကို အထောက်အထားပြု၍ ကျင်းပရခြင်းဖြစ်သည်။
သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရား နာယူပြီး ဟိမဝန္တာရှိ တောအုပ်ကြီးတစ်ခုအတွင်းသို့ ပထမဝါကပ်တော်မူရန် ကြွရောက်သွားကြသည်။ အဆိုပါရဟန်းတော်ငါးရာမှာ တောအုပ်အတွင်း တရားအားထုတ်နေသောကြောင့် ရုက္ခစိုးနတ်များက သူတို့၏ ဘုံဗိမာန်သစ်ပင်များပေါ်တွင် မနေရဲဘဲ အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသည်။ ရဟန်းတော်များ ပြန်ကြွသွားနိုးနှင့် စောင့်နေသော်လည်း ရက်ကြာလာသည့်အခါ အဆိုပါရုက္ခစိုးနတ်များက ကြောက်မက်ဖွယ်အဆင်းအာရုံ၊ ထိတ်လန့်ဖွယ်အသံအာရုံ၊ စက်ဆုပ်ဖွယ် အနံ့အာရုံတွေပေးပြီး ရဟန်းတော်များကို အနှောင့်အယှက်ပြုကြသည်။ ရဟန်းတော်များမှာ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း သမာဓိမရဘဲရှိနေသည်။ ထို့ကြောင့် ဘုရားရှင်ထံပြန်ကြွလာပြီး အကျိုးအကြောင်း လျှောက်ထားကြသည်။
မြတ်စွာဘုရားရှင်က အရံအတားလည်းဖြစ်၊ ကမ္မဋ္ဌာန်းလည်းဖြစ်တဲ့ ‘‘ကရဏိယ မတ္တကုသလေန’’ အစချီသော မေတ္တသုတ်တော်ကို သင်ကြားပြသဟောကြားတော်မူခဲ့ပြီး သင်ချစ်သားတို့အား ထိုတောအုပ်မှတစ်ပါး အရဟတ္တဖိုလ်ပေါက် ခရီးရောက်နိုင်သော အခြားအရပ်မရှိချေ။ ထိုတောအုပ်သို့သာ ဒုတိယဝါကပ်အမီ ပြန်ကြရန်မိန့်တော်မူသည်။ ရဟန်းတော်တို့၏ မေတ္တာစိတ်ကြောင့် ရုက္ခစိုးနတ်များက ရဟန်းတော်များအား လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ကြသည်။ တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်ဖြင့် ဆက်ဆံကြသည့်အတွက် နောက်ဆုံးတွင် ရဟန်းတော်ငါးရာလုံး ရဟန္တာများ ဖြစ်တော်မူကြသည်။ မေတ္တသုတ်လာ မေတ္တာပို့နည်းများကို မင်းကွန်းတိပိဋက ဆရာတော်ကြီးက လူအများနားလည်ပြီး ရွတ်ဆိုလွယ်အောင် ရေးသားပေးထားပါသည်။
အနှစ်ချုပ်ဆိုရသော် မေတ္တာနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။
ဗုဒ္ဓဘာသာတရားတော်(အခြေခံအဆင့်)