စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်၊ အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော်နှင့် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁၀၂၀ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၁၈
စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်၊ အမိုနီယမ်ကလိုရိုဒ်၂ ဒသမ ၃ တန်ကျော်နှင့် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁၀၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦး မောင်းနှင်ပြီး အောင်ဇော်ထွေး လိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ်နှင့် သက်ခိုင်ထွေး မောင်းနှင်ပြီး အောင်ဇေ လိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့် ထည့်လျက် ဓာတုပစ္စည်း Propiophenone လီတာ ၁၀၂၀ အားလည်းကောင်း၊ သတင်းကွင်းဆက်အရ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီတွင် အဆိုပါနေရာတွင် ထွန်းဘော် မောင်းနှင်ပြီး အောင်ကျော်ခန့် လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် ကဖင်း ၃ ဒသမ ၉၇၅ တန် နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန် တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူ မတင်တင်စု(ခ) စုမြ(ခ)မစု အား ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိ ဂိုဒေါင်တွင် HINO ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၅ တန် နှင့် လည်းကောင်း၊ ဩဂုတ်လ ၁၆ ရက်တွင် လွှမ်းမိုးနှင့် ကိုမျိုး တို့ ၂ ဦးကို ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၅ တန်၊ CANTER ၆ ဘီး မော်တော်ယာဉ် ၁ စီး၊ မှန်လုံယာဉ် ၁ စီးတို့နှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသ ကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဓာတုပစ္စည်း Propiophenone လီတာ ၁၀၂၀၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား မြန်မာ-အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့ သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။