ဆေးဖက်ဝင်အပင်နှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

 

ဆေးဖက်ဝင်အပင်နှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

အုန်းပင်

အင်္ဂလိပ်အမည်- Coconut Palm

မျိုးရင်း- Palmaceae

ရုက္ခဗေဒအမည်- Cocos nucifera Linn

အဓိကဆေးဖက်ဝင်ပုံ

အပူကန်ခြင်း၊ ရေဓာတ်အားနည်းခြင်း၊  ဆီးသွား နည်းခြင်း၊ ဆီးကျိတ်ရောဂါ၊ ဆီးလွန်ရောဂါ၊ သွေးပေါင် ကျရောဂါ၊ ကြွက်သားအားနည်းရောဂါ၊ ကြွက်တက် ရောဂါ၊ အပူကြီးအဖျားရောဂါ၊ ညအိပ်မပျော်ရောဂါနှင့် အစာအိမ်လေပူထရောဂါများအတွက်  ဆေးဖက်ဝင် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပေါက်ရောက် ပြီး  ပင်လယ်ကမ်းခြေ၌   ပိုမိုဖြစ်ထွန်းသည်။  တချို့ ကုန်းတွင်းပိုင်း၌     စီးပွားဖြစ်စိုက်ပျိုးသူများလည်း ရှိသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အသီး၊ အပွင့်၊ အသား၊ တစ်ပင်လုံးဆေးဖက်ဝင်အသုံးပြုနိုင်သည်။

အပင်ပုံသဏ္ဌာန်

၁၂ ရာသီစလုံးစိမ်းနေပြီး အမြင့်ပေ  ၂၀ မှ  ၈၀ အထိမြင့်သည်။   မြင့်မားဖြောင့်တန်းသော ပင်စည်ရှိ သည်။  အုန်းပင်မှာ အဖို၊  အမပင်ဟူ၍  သီးခြားမရှိပါ။    ရွက်လက်တံရှည်၍   ငှက်မွေးရွက်ပေါင်းထွက် သည်။

အုန်းပန်းသည် အုန်းပင်တစ်ပင်တည်းမှာဘဲ အဖို ပွင့်ရော အမပွင့်ပါ ပါသောပန်းခိုင်ရှိသည်။ အုန်းပန်းမှာ  ဆင်စွယ်ရောင်ရှိပြီး  အလွန်နှစ်သက်ဖွယ်ကောင်း သည်။

အုန်းသီးမှာ တခြားအသီးများနှင့်မတူဘဲ အတွင်း ခွံမာမျိုးဖြစ်သည်။  အပြင်ခွံ၏အောက်တွင်  အစေ့ ခွံရှိပြီး အတွင်းနံရံတွင် အုန်းသားရှိသည်။ အုန်းရည် လည်းပါရှိသည်။  အုန်းသီးနုနုအရောင်မှာ  အစိမ်း ရောင်ရှိပြီး ရင့်လာသည့်အခါ အညိုရောင်သန်းလာပြီး ခြောက်ပါက   ညိုခြောက်ခြောက်  အရောင်ရှိသည်။ အုန်းသီးမှာ အခိုင်လိုက်သီးပြီး တစ်ခိုင်လျှင် အသီးလုံး ပေါင်း ၁၀ မှ ၂၀ အထိရှိသည်။ 

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ အုန်းသီးဆန်သည် အေးသည်။ ချိုဆိမ့်အရသာရှိသည်။ ကြေကျက်လွယ် သည်။ အကြောတက်ရောဂါ၊ ကိုယ်သားကိုယ်ရည် ပူလောင်သောရောဂါ၊  သည်းခြေဒေါသဖောက်ပြန် ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ချောင်းဆိုးသောအခါ   သွေးစအနည်းငယ်ပါခြင်း၊    သုက်အားနည်းသော ရောဂါတို့ကို သက်သောပျောက်ကင်းစေနိုင်သည်။  အုန်းရည်သည် အဆီသြဇာအနည်းငယ်ရှိသည်။ အေးသည်။  အချိုရှတတရှိသည်။  အရသာပြင်းသည်။ အုန်းပင်နီမျိုးတွင် အများဆုံးတွေ့ရသည်။  

အုန်းရည်သည်   အုန်းသီးအနုအရင့်ပေါ်မူတည်၍  အာနိသင်ကွဲပြားသည်။  အုန်းရည်သည်  ကြေလွယ် သည်။ ရေငတ်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကိုနိုင် သည်။ ဆီးကိုရွှင်စေသည်။ ဝမ်းမီးကိုတောက်စေသည်။  ဝမ်းသွားပြီး အော့အန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးနီခြင်းများကိုသက်သာစေသည်။ အုန်းပွင့်သည်စိမ့်သည်။ အနည်းငယ်ဖန်သည်။ ဓာတ် ကိုချုပ်စေတတ်သည်။ သွေးဝမ်းသွားခြင်း၊  ဆီးလွန် ရောဂါကိုနိုင်သည်။ အုန်းမြစ်သည် အေးသောအရသာ ရှိသည်။ ဆီးကိုရွှင်စေသည်။ လည်ချောင်းနှင့်အာခေါင် ၌ ပေါက်သောအဖုများကို ပျောက်ကင်းစေသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

- အကြောတက်ရောဂါဖြစ်လျှင် အုန်းစိမ်းရည်ကို သောက်ပြီး နုသောအုန်းသီးအဆန်ဇွန်းခြစ်သားကို စားပေးပါက သက်သာစေနိုင်သည်။ အညောင်းထိုင် ၍   ခြေလက်ကိုက်ခဲသူများလည်း   ဤနည်းအတိုင်း စားသုံးနိုင်သည်။

- အပူကန်လည်ချောင်းနာဖြစ်လျှင်  အုန်းသီးဆန် အနုကို   ထန်းလျက်နှင့်ရောစားပါက   သက်သာနိုင် သည်။

- အထက်လန်အောက်လျှောဖြစ်ခြင်း၊ ဝမ်းအရည် သွားခြင်းဖြစ်ပါက အုန်းစိမ်းရည်ကိုဖောက်၍ အပြင်သို့ မသွန်ဘဲ ပိုက်ဖြင့်စုပ်ယူ၍ သောက်သုံးပေးပါ။ ဝမ်း သွားများခြင်းအပေါ်မူတည်၍    တစ်ရက်အတွင်း အုန်းစိမ်းရည်သုံးလုံးမှ ငါးလုံးအထိ သောက်သုံးပေး ပါက ပြန်လည်ကျန်းမာလာစေနိုင်သည်။

- လည်ချောင်းနှင့်အာခေါင်၌  အဖုများပေါက်ပါက အုန်းမြစ်အနုဝါး၍စားပေးပါ။ အုန်းမြစ်ရင့်ပါကသွေး၍ လည်ချောင်းနှင့်အာခေါင်အတွင်းအပြင်   သုတ်လိမ်း ပေးပါ။

- ကြို့ထိုးလျှင်  အုန်းမြစ်ကိုပြာချ၍  ပျားရည်နှင့် ရောစပ်ပြီး လျက်ပေးပါ။

- ပွေးပေါက်လျှင် အုန်းမှုတ်ခွက်ကိုမီးဖုတ်၊ အဆီ ထုတ်၍ ထိုအဆီကို ပွေးနာများပေါ်တွင် ခပ်ကြမ်း ကြမ်းပွတ်ပြီး သုတ်လိမ်းပေးပါက ပျောက်ကင်းစေနိုင် သည်။

နွေရာသီတွင် အုန်းစိမ်းရည်သောက်ခြင်းအကျိုး

ရှေးလူကြီးများသည်  နွေရာသီရောက်လာသော အခါ ကျောက်၊ ဝက်သက်စသော အပူကန်၊  အပူ ငုပ်ရောဂါများ ကာကွယ်နိုင်ရန်  အသားမရင့်သေး သော အုန်းစိမ်းရည်ကိုတိုက်လေ့ရှိသည်။

အသားတည်ခါစ ဇွန်းခြစ်ဟုခေါ်ဆိုသော အုန်းစိမ်း ရည်သည်   အုန်းခြောက်ရည်နှင့်မတူ။   ဆန့်ကျင် ဘက်ဖြစ်သည်။ အကျိုးမှာလည်းမတူ။ အုန်းခြောက် ရည်သောက်လျှင်  အပူကန်ခြင်း၊  ခေါင်းကိုက်ခြင်း၊  ယားနာထခြင်းစသော    ဆိုးကျိုးများခံစားရလေ့ရှိသည်။

အုန်းစိမ်းရည်နှင့် အုန်းခြောက်ရည်မတူညီသော ခြားနားချက်မှာ အုန်းရည်ပေါ်တွင် အဆီများ ဝေ့ နေလျှင် အုန်းခြောက်ရည်ဖြစ်နိုင်သည်။ အရသာမှာ အချိုနှင့်အငန်ရောစပ်နေသည်။ လေသလပ်ထားလျှင် ခဏအတွင်း   အချဉ်ဓာတ်ပေါက်သွားလေ့ရှိသည်။ ထို့ကြောင့် ရှေးဆေးဆရာကြီးများက ကျောက်၊ ဝက် သက်ရောဂါများ ကုသရာတွင် အုန်းစိမ်းရည်ချက်ချင်း မရနိုင်ပါက နတ်အုန်းသီးကဲ့သို့ အုန်းခြောက်ရည်ကို ယူပြီး    မီးဖြင့်ဆူပွက်အောင်ကျိုကာ  ဆေးနှင့်ရော တိုက်လေ့ရှိသည်။

ဂျပန်ခေတ် ဆေးဝါးရှားပါးသောကာလက အား ပြတ်သော  လူနာများ၊ ဝမ်းလျှော၊ ဝမ်းပျက်သော လူနာများကို ဂလူးကို့စ်အချိုရည်မရှိသဖြင့် အုန်းစိမ်း ကိုထိပ်မှ ကြွက်မြီးဖြုတ်ပြီး အပ်စိုက်ကာ အကြောဆေးအဖြစ် သွင်းပေးရသည်ဟုဖတ်ဖူးသည်။    အုန်းစိမ်းရည်၏ အစွမ်းသတ္တိမှာ  အနောက်တိုင်းဆရာဝန်များ ကပင်   အသိအမှတ်ပြု သုံးစွဲကြသည်။ 

အုန်းသီး၏ထူးခြားချက်များမှာ အတွင်း၌ရှိနေသော  အုန်းရည်သည် မခွဲမဖောက်သမျှကာလပတ်လုံး  ခန်း သွားခြင်းမရှိပါ။    ချဉ်သွားသည်ဟူ၍လည်းမရှိပေ။ ယခုအခါ မြို့ကြီးများ၌ အပူရှိန်မြင့်တက်လာသဖြင့်   ံနအေ   ှအမသုန   ခေါ်   အပူလျှပ်၍  လေဖြတ်ခြင်း၊  ဦးနှောက်သွေးကြောပေါက်ခြင်းတို့ အဖြစ်များသော ရာသီဖြစ်သည်။ ဆီးပူ၊ ဆီးအောင့်ရောဂါများလည်း အဖြစ်များသည်။   အမျိုးသမီးများတွင်  မီးယပ်ဖြူ ဆင်းရောဂါ၊ သွေးဆင်းလွန်သောရောဂါများ  ဖြစ်လေ့ ရှိသည်။ ထိုကဲ့သို့ အပူကန်၊ အပူငုပ်ရောဂါများအတွက်  အုန်းစိမ်းရည်သောက်ပေးခြင်းဖြင့်  သက်သာစေနိုင်သည်။

အမျိုးသားများတွင်ဖြစ်လေ့ရှိသော   ဆီးကျိတ် ရောင်ရောဂါကိုလည်း သက်သာစေနိုင်သည်။  အုန်း စိမ်းရည်သည် အာဟာရဓာတ်ကြွယ်ဝပြီး  အပူငြိမ်း ရုံသာမက အရိုးအဆစ်၊ အရွတ်၊ ကြွက်သားများပါ ကောင်းစေနိုင်သော အာနိသင်အထူးရှိသည်။

တချို့အုန်းရည်သည် ငန်သည်။ နှလုံးကြည်လင်စေ တတ်သည်။ နှုတ်ကိုမြိန်စေတတ်သည်။ အားကိုဖြစ်စေ တတ်သည်။   အလွန်နုသော   အုန်စိမ်းရည်သည် ဝမ်းကျတတ်၏။ ဆွတ်ခူး၍ကြာပြီးသော အရည်သည် ဝမ်းချုပ်သည်။   ကြေခဲသည်။  သည်းခြေကိုပျက်စေ တတ်ကြောင်း ရေးသားထားသည်ကို လေ့လာတင်ပြ လိုက်ရပါသည်။

ကြည်လွင်မြင့်(မုဒြာ)