အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

ကိုအောင့်မျက်နှာကို လုံးဝမကြည့်။

ကိုအောင့်မျက်လုံးတွင် မျက်ရည်တွေ ရစ်ဝိုင်းနေမည်ဆိုတာ သိတာပေါ့။

ကိုအောင်ဟာ ဟန်ဆောင်တတ်တဲ့လူ မှ မဟုတ်တာ။

ဒီအချိန်တွေ၊ ဒီနာရီ၊ ဒီမိနစ်၊ ဒီစက္ကန့်ပိုင်းအချိန်တွေဟာ ကိုလတ်ရဲ့နောက်ဆုံးအချိန်တွေဆိုတာ ကျွန်တော်သိတာပေါ့ဟု ကိုအောင့်အား စိတ်ထဲမှ ပြောနေမိသည်။

ကိုလတ်၏အခြေအနေကို   ကောင်း အောင် ဖန်တီးရင်းဖန်တီးရင်းနှင့် ဆိုးရွား သောအခြေအနေနှင့်ပင် ခွဲစိတ်ခန်းခုတင် ပေါ်သို့ ရောက်သွားလေ၏။

သေမင်းကိုတိုက်ရင်းပဲ   သေမလား၊ လက်နက်ချရင်းပဲ သေမလား။

တကယ်လို့ ကိုလတ်ကို ဒီကမ္ဘာမြေကြီးက လက်ခံလိုက်မိမည်ဆိုလျှင် နောင်တ ရစရာဖြစ်လာမှာပဲ။

ဒီမြေကြီးပေါ်မှာ ကိုလတ်ရှိနေတာဟာ ပေါ့ပေါ့လေးပါ။

သူသေမယ်ဆိုရင် ထပ်တောင်လေးဦးမယ်။

ဒါကြောင့် သူ့အသေဟာ လှတဲ့အသေ ဖြစ်မှာပဲ။

ဒီ့နောက် ကိုလတ်ကိုယ်စား သေစေချင်တဲ့လူတွေကို စာရင်းလုပ်ကြည့်သည်။

ဥပမာ...မမကြူဆိုပါတော့။

သူသေရင် ငှက်မွေးထက်ပေါ့မှာပဲ။

လွမ်းစရာ ဘာများရှိသလဲ။

လောကမြေကြီးပေါ် ရှုပ်တောင်ရှုပ်နေ သေးတယ်။

ရင်ရင်ထိုက်လိုမိန်းမမျိုး သေသွားရင် လည်း အမှိုက်စတစ်စရှင်းသွားမှာပဲ။

ဘာဖြစ်လို့များ သေမင်းဟာ လူကောင်း သူကောင်းတွေကိုမှ    ရွေးခေါ်နေချင်ပါ လိမ့်။

အခန်း (၅၈)

အောင်သည် ငြိမ်သက်နေသည်။

သိပ်ငြိမ်လွန်းသည်ဟု   ကိုအောင်က ထင်မိသည်။

အောင့်မျက်နှာကို ငုံ့ကြည့်လိုက်သည်။

အောင့်မျက်နှာမှာ     ဖျော့တော့လွန်း သည်။

မျက်လုံးများကား ကြောင်နေသည်။

စင်္ကြံဘက် ထွက်လိုက်ရအောင်လားအောင်

အောင်သည် ကိုအောင်၏မျက်နှာကို လှမ်းမော့ကြည့်လိုက်သည်။

အောင့်မျက်လုံးများကား ကိုအောင့်ကို မမြင်သလိုပင်။

ကိုအောင့်မျက်နှာအမူအရာ ဘယ်လို ထားသည်ဆိုတာကို လုံးဝသတိမထားမိ တာအမှန်ပင်။

အောင် လာလေ

အောင်သည်   အရုပ်လေးတစ်ရုပ်လို ကိုအောင့်နောက်မှ လိုက်ပါလာလေသည်။

ကိုအောင့်ခြေလှမ်းကျဲကြီးများကိုလည်း မီအောင်မလိုက်တော့။

စင်္ကြံဘက်တွင် ရပ်နေကြသော ချောစု နှင့် ခင်မလတ်တို့ကို အောင်ကလှမ်းကြည့် သော်လည်း မမြင်။

ချောစုသည် အောင်တို့ရှိရာသို့ ကပျာ ကယာပြေးလာသည်။

ချောစု၏မျက်လုံးများနှင့် မျက်နှာမှာ နီမြန်းနေပြီး...

နင် သိပြီးပြီလား အောင်၊ နင် သိပြီး ပြီလား

ချောစု၏အသံက ငိုသံပါနေသည်။

ကိုအောင်က ချောစုအား အောင်မမြင် စေရန် မျက်ရိပ်ပြလိုက်လေသည်။

ကိုလတ်၏   အဖေနှင့်အမေတိ့ုသည် ခင်မလတ်အနီးသို့ ရောက်လာကြသည်။

ခင်မလတ်သည် သူ့အမေနှင့်အဖေရှေ့ တွင် မျက်ရည်တွေ ကပျာကယာသုတ်နေ သည်။

ချောစုနှင့်အောင်က လက်ချင်းဆုပ်ကိုင်လိုက်လေသည်။    အောင့်လက်တွေမှာ ချွေးစေးတွေနှင့်   စေးထန်းထန်းဖြစ်နေသည်။

ကိုလတ်၏အမေက လက်ထဲတွင် ပုတီးကိုကိုင်ထားပြီး ရှူဆေးတောင့်ကို ရှူလျက် အောင်၏ပခုံးကိုလှမ်းကိုင်ရင်း...

ကိုလတ်မွေးနေ့  လွန်သွားပြီ၊  ဒီနေ့ သောကြာနေ့ပဲ

စိတ်သက်သာရာပြောရင်း သူ့ဘာသာ သူလည်း အားတင်းလေသည်။

ကိုလတ်က ကြာသပတေးသားလား

ချောစုက ပြောစရာစကားစကို ရှာလိုက်

လေသည်။

ဟုတ်တယ် သမီး၊ သူ့ကို တချို့က ဗုဒ္ဓဟူးသားလို့ထင်ကြတာ၊     အမှန်က ကြာသပတေးသား၊ နာမည်ရင်းက ကိုဖေ လတ်တဲ့၊     ကျောင်းထားတုန်းကလည်း မောင်ဖေလတ်ဆိုတဲ့နာမည်နဲ့ပဲ၊ အိမ်က ကိုလတ်လို့ ခေါ်ကြရင်းနဲ့ ဒီနာမည်တွင် သွားတာ အဘွားကြီးက စကားစမြည်ပြောရင်း သူ၏မျက်လုံးများသည် တစ်စတစ်စ တည် ငြိမ်လာလေသည်။

စိုးရိမ်စိတ်တွေက သူ၏အစွဲအလမ်း နှင့်အတူ လျော့ပါးလာဟန်တူသည်။

ကိုလတ်၏အဖေသည် ဆေးတံကို ရှိုက် ဖွာရင်း ငြိမ်လျက်ရပ်နေသည်။

အသားညိုညို ပိန်ပိန်ပါးပါးနှင့် အရွယ် တင်သော  ရုပ်ရည်ရှိသည်။  ကိုလတ်က အဖေနှင့်မတူ၊ အမေနှင့်တူသည်။

ဆက်လက်ဖော်ပြပါမည်။