စည်းနဲ့ကမ်းနဲ့မြန်မာစာ

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ကိုယ့်အကြောင်းနှင့် ကိုယ့်ကိုယ်ကိုယ် စာလုံးပေါင်း

အဘိဓာနပ္ပဒီပိကာကျမ်းတွင် ခန္ဓာကိုယ် ဟု အနက်ပြန်သော ပါဠိပုဒ် ၁၀ ပုဒ်ပြထားသည်ကို တွေ့ရသည်။ ယင်းတို့မှာ သရီရ၊ ဝပု၊ ဂတ္တ၊ အတ္တဘာဝ၊ ဗုဒ္ဓိ၊ ဝိဂ္ဂဟ၊ ဒေဟ၊ ကာယ၊ တနု၊ ကလေဝရ ဟူသော ပုဒ်များဖြစ်ကြသည်။ ပုဒ်အားလုံး ခန္ဓာကိုယ် ဟောချည်းဖြစ်သည်။ ထို ၁၀ ပုဒ်အနက်မှ ကာယ

ဟူသောပုဒ်ကို ကိုယ် ဟု မြန်မာမှုပြုထားခြင်းဖြစ်သည်ဟု အချို့က ယူဆကြသည်။ ဤအယူအဆမှာ စဉ်းစားဖွယ်၊ ဆင်ခြင်ဖွယ်ဖြစ်နေပေသည်။ တိပိဋက ပါဠိ- မြန်မာအဘိဓာန်တွင် ကာယ ဟူသောပုဒ်ကို ကိုယ်ဟု အနက်ပြန်ဆိုခဲ့၊ စာလုံးပေါင်းခဲ့၊ သုံးနှုန်းခဲ့ကြသည်မှာ ကာလအတန်ကြာခဲ့ပေပြီ။ ကိုယ် ဟူသောအရေး  အလွန်အရေးတွင်ကျယ်ခဲ့သည်ဟု ဆိုရပေမည်။

ကိုယ် ဟူသော အသုံးအနှုန်း အလွန်များပြားလှပါသည်။ ကိုယ်ခန္ဓာ၊ ခန္ဓာကိုယ်၊ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာ၊ ကိုယ်စားလှယ်၊ ကိုယ်စီကိုယ်င၊ ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ်ထိလက်ရောက်၊ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ်ထင်ပြ ၊ ကိုယ်ဖိရင်ဖိ၊ ကိုယ်ရေးကိုယ်တာ၊

ကိုယ်ရောစိတ်ပါ၊ ကိုယ်လုံးကိုယ်ပေါက်၊ ကိုယ်လွတ် လက်လွတ်၊ ကိုယ်ဝန်ဆောင် စသည် များလှစွာ၏။ ဤသို့ အသုံးတွင်ခဲ့၊ အရေးတွင်ခဲ့သော ကိုယ် ဟူသောအရေးသည်  မြန်မာစာတတ်သူအားလုံးက နှစ်ခြိုက်မြတ်နိုးစွာ လက်ခံသုံးနှုန်းရေးသားကြသော အသုံးအနှုန်း၊ အရေးအသားဖြစ်နေချေပြီ။ စာရေးသူ

ကိုယ်တိုင်လည်း ကိုယ် ဟူသောအသုံး၊ ကိုယ် ဟူသောစာလုံးပေါင်းကို နှစ်ခြိုက်ပါသည်။ ကိုယ်၏ အနက်၊ အဓိပ္ပာယ်နှင့် ပါဠိဘာသာ ကာယဟူသော ပုဒ်၏အနက်၊   အဓိပ္ပာယ်တို့တူညီသည်ဟုလည်း ခံစားနားလည်ထားပါသည်။ သို့ရာတွင် ကာယ ဟူသောပုဒ်မှ ကိုယ်ဖြစ်လာသည်ဟူသော စကားလုံး ပြောင်းထုံးကိုမူ ဘဝင်ကျကျလက်ခံရန် ခဲယဉ်းနေပါသည်။ -

ရှင်းပါမည်။ ကာယ မှ ကိုယ်ဟု ပြောင်းသောစာလုံး ပေါင်းပြောင်းထုံးကို တွေ့ရခဲသည်ဟုဆိုရပါလိမ့်မည်။ တစ်နည်းဆိုသော် အာယ (-ာယ)မှ အိုယ် (-ိုယ်) ဟူသောပြောင်းထုံးဟု ဆိုလိုပေသည်။ -ာယမှ -ိုယ် ဟု မပြောင်းဘဲ -ာယမှ -ာယ် သို့သာ စာလုံးပေါင်းပြောင်းရိုးဖြစ်သည်ကို တွေ့ရပါသည်။

သာဓက။ ။  နိကာယ > နိကာယ် ။ ပဉ္စနိကာယ > ပဉ္စနိကာယ် ။ ရူပနိကာယ > ရူပနိ ကာယ် ။ သဒ္ဒနိကာယ > သဒ္ဒနိကာယ်။ သရဇ္ဈာယ >သရဇ္ဈာယ်။ ဥပဇ္ဈာယ > ဥပဇ္ဈာယ်။ သပ္ပာယ >  သပ္ပာယ်။ အပါယ > အပါယ်။ အလမ္ပာယ > အလမ္ပာယ်။ ဥပါယ > ဥပါယ်... စသည်။

သို့ဖြစ်ရာ ခန္ဓာကိုယ် မှ ကိုယ် သည် ကာယမှ ပြောင်းလာသည်ဟုဆိုရန် ခက်ပေလိမ့်မည်။

ကာယမှ ကာယ် သို့သော စာလုံးပေါင်းပြောင်းထုံးအတိုင်းပြောင်းပါကလည်း ကာယ်ခန္ဓာ၊ ခန္ဓာကာယ်၊ ကာယ်ကျင့်တရား၊ ကာယ်ချင်းစာ၊ ကာယ်စားလှယ် စသည် စသည် အရေးများ၊ အပြောများ ဖြစ်လာရန် အကြောင်းရှိပေသည်။

ဤသို့ဆိုလျှင် ကိုယ်ခန္ဓာ၊ ခန္ဓာကိုယ် စသည်တို့မှ ကိုယ် သည် မည်သည့်ရင်းမြစ်စကားကို အခြေခံ၍ ဖြစ်လာသနည်းဟု စဉ်းစားဆင်ခြင် အဖြေထုတ်ရန် လိုအပ်ပေလိမ့်မည်။ အမှန်စင်စစ် ကိုယ်ခန္ဓာ၊ ခန္ဓာကိုယ် မှ ကိုယ်သည် မြန်မာစကားအစစ် ကကြီး လုံးကြီးတင်တစ်ချောင်းငင် ကိုတွင် ယသတ်(-ယ်)

ပေါင်းယှဉ်ပြီး ကိုယ်ဟု စာလုံးပေါင်းထားခြင်း၊ ရေးထုံးပြုထားခြင်းမျှသာဖြစ်သည်ဟု ဆိုရပါမည်။ ကိုယ်ခန္ဓာ၊ ခန္ဓာကိုယ် မှ ကိုယ် ကို ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများနှင့် ကုန်းဘောင်ခေတ် ကျောက်စာအချို့တွင် ကကြီး လုံးကြီးတင်တစ်ချောင်းငင် ဝသတ် ကိုဝ် ဟု စာလုံးပေါင်းလျက် ရေးထိုးခဲ့ကြသည်ကိုလည်း တွေ့နိုင်ကြရပါသည်။

မြန်မာစကားအစစ် ကိုတွင် အဘယ်ကြောင့် ယသတ်(ယ်) ပေါင်းယှဉ်ပါသနည်း။ ကိုတွင် ယသတ်(ယ်)ပေါင်းယှဉ်၍ ရေးထုံးပြုခဲ့ကြသည်မှာ အကြောင်းမဲ့မဟုတ်တန်ရာဟု မှတ်ယူရန်ရှိပါသည်။ ကိုခန္ဓာ၊ ခန္ဓာကိုဟုမရေးဘဲ ကိုယ်ခန္ဓာ၊ ခန္ဓာကိုယ် ဟုရေးသောရေးထုံးသည် ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်များ ဉာဏ်အမြော်အမြင်ကြီးစွာ ဖန်တီးခဲ့သောရေးထုံးဖြစ်သည်ဟု ဆိုချင်ပါသည်။(ဆက်လက်ဖော်ပြပါမည်)