ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကို  ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

လန်ဒန်   ဩဂုတ်   ၁၈

    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းက  အိမ်ကွင်း  စတန်းဖို့ဒ်ဘရစ်ချ် အားကစားကွင်း၌ ချဲလ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ပြီး  ရာသီသစ်ကို နိုင်ပွဲဖြင့်  စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းလုံးခြေစွမ်းပိုင်း သိသိသာသာ ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့်  အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၁၈ မိနစ်တွင် ဘာနာဒိုဆေးဗား၏   ဖန်တီးပေးမှုမှတစ်ဆင့် ဟာလန်းက မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း ချေပဂိုးအတွက် ဂိုးသွင်း ခွင့်များ ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပထမပိုင်းတွင် မန်စီးတီးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းတွင်လည်း ချဲလ်ဆီးအသင်းက   ချေပဂိုးအတွက် တိုက်စစ်မြှင့် ဖိအားပေးကစားမှုများကြောင့် ပထမပိုင်းထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ကိုဗာဆစ်  ဂိုးဧရိယာအတွင်း လက်ထိခဲ့သော်လည်း    ကွင်းလယ်ဒိုင်လူကြီး တေလာက ပယ်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့သည့်အတွက်   ချဲလ်ဆီးအသင်း နစ်နာခဲ့ရပြီး ပွဲချိန် ၈၄ မိနစ်တွင် ကိုဗာဆစ်က မန်စီးတီးအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မန်စီးတီးအသင်းက  ချဲလ်ဆီး အသင်းကို  ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)တွင် ချဲလ်ဆီးအသင်းသည်  ခရစ္စတယ်ပဲလေ့ အသင်းကို အိမ်ကွင်းတွင်  လက်ခံကစားရမည်ဖြစ်ပြီး    မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် အစ်ဝှစ်ချ်အသင်းကို လက်ခံကစားသွားရမည်ဖြစ်ကြောင်း    သိရသည်။

Dates: 
Monday, August 19, 2024 - 14:21