၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်

 

နေပြည်တော်  ဩဂုတ်  ၁၈

    ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့ အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ယနေ့အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ  အမျိုးသမီးအကြို ဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၁၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ကချင် ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၁၁ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊   အမျိုးသား အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင်  ရန်ကုန်တိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ဩဂုတ်လ ၁၉ ရက်(ယနေ့)နံနက် ၉ နာရီမှ စတင်၍ ဖူဆယ်အားကစားရုံ၌ အမျိုးသမီး တတိယလုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ အမျိုးသား တတိယလုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ဆက်လက်ကျင်းပ သွားမည်ဖြစ်၍    ဖူဆယ် အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။

Dates: 
Monday, August 19, 2024 - 14:30