ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  မေ  ၁၄

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ကျင်းပသည်။                                              

အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက    တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီးဝန်ကြီးများ၊  အားကစားနှင့်  ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။                  

ဗိုလ်လုပွဲပြိုင်ပွဲတွင်  ဗိုလ်တထောင်ခရိုင်အသင်းက  အင်းစိန်ခရိုင်အသင်းကို  သုံးဂိုးဂိုးမရှိဖြင့်အနိုင်ရရှိသည်။   ပြိုင်ပွဲအပြီးဆုပေးပွဲကို ကျင်းပရာ  အကောင်းဆုံးဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းဆုရ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အားကစားသမားများအား  တိုင်းဒေသကြီးဝန်ကြီးများနှင့်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ၊  ဒုတိယမြို့တော်ဝန်တို့က  ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တတိယဆုရ လှည်းကူးခရိုင်အသင်းအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး   ဦးဌေးအောင်က လည်းကောင်း၊ ဒုတိယဆုရ အင်းစိန်ခရိုင်အသင်းအား တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က တစ်ဦးချင်းဆုတံဆိပ်နှင့်  ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရ ဗိုလ်တထောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊  ငွေသားဆုနှင့်တံခွန်စိုက်ဖလားပေးအပ်ချီးမြှင့်သည်။ 

အဆိုပါပြိုင်ပွဲသည် နေပြည်တော်တွင် ဇွန်လ၂၆ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပမည့်   ပြည်နယ်နှင့် တိုင်းဒေသကြီးအသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ယခုပြိုင်ပွဲမှအကောင်းဆုံး အားကစားသမားများကို ရွေးချယ်ပြီး  ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 ဝန်းရံခ

Dates: 
Monday, August 19, 2024 - 09:58