ရီးယဲလ်မက်ဒရစ်အသင်းက တိုနီခရူးစ်၏နေရာ၌ လေဗာကူဆင်အသင်း လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်နှင့် အစားထိုးရန်စီစဉ်
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းကိုထိပ်တန်း လူငယ်ကစားသမားများဖြင့်ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင်လည်း အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား တိုနီခရူးစ်၏နေရာ၌ အစားထိုးရန်အတွက် လေဗာကူဆင်အသင်း၌ အကောင်းဆုံး ခြေစွမ်းပြနေသည့် လူငယ်ကွင်းလယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိတွင် ဗင်နီစီးယက်စ်၊ရိုဒရီဂို၊ ဘရာဟမ်ဒီယက်ဇ်၊ အာဒါဂူလာ၊ ဘယ်လင်ဟမ်၊ ကာမာဗင်ဂါ၊ ချူအာမန်ဒီ၊ ဘယ်လ်ဗာဒီ စသည့်ထိပ်တန်းလူငယ်ကစားသမားများကို ပိုင်ဆိုင်ထားသည့်အပြင် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်လည်း ပီအက်စ်ဂျီအသင်းမှ ထိပ်တန်းတိုက်စစ် ကစားသမားတစ်ဦးဖြစ်သည့် အမ်ဘတ်ပီကိုခေါ်ယူရန် တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း သဘောတူညီမှုရရှိထားပြီးနောက် အသင်းကွင်းလယ်ပိုင်းအတွက်လည်း ဖလိုရီယန်ဝက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အသက် ၂၁ နှစ်သာရှိသေးသည့် ဖလိုရီယန်ဝက်ဇ် သည် ၂၀၂၀ ပြည့်နှစ်က လေဗာကူဆင်အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့ပြီး ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ ယခုဘောလုံးရာသီတွင်လည်း လေဗာကူဆင်အသင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်နေသည့်အတွက် ၎င်းင်းကို ရီးယဲလ်မက်ဒရစ် အသင်းအပြင် ဘိုင်ယန်မြူးနစ်အသင်းကပါ ခေါ်ယူရန်စီစဉ်နေခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းကွင်းလယ် ကစားသမား တိုနီခရူးစ်အနေဖြင့် ယခုဘောလုံးရာသီအကုန်တွင် ထွက်ခွာနိုင်သည့် အခြေအနေများကြောင့် ၎င်း၏နေရာ၌ ထိပ်တန်း ကစားသမားတစ်ဦးနှင့် အစားထိုးလိုနေသည့်အတွက် လေဗာကူဆင်အသင်းမှ ဖလိုရီယန်ဝက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
Ref;Marca