မြန်မာ့ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံပိုင် ကုန်တင်ရေယာဉ်ကြီးတစ်စီးပေါ်မှ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ်ဆေးကုသရန် လိုအပ်လျက်ရှိသော ရေယာဉ် အမှုထမ်းအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်
နေပြည်တော်၊ ၂၀၂၄ မေ-၁၅
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏ အနောက်မြောက်ဘက် ၆၉ မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ ထွက်ခွာလာသော တရုတ် နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရေယာဉ် အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီ တောင်းခံလာခဲ့သည်။
ထို့ကြောင့် ဟိုင်းကြီးကျွန်းမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်(ရေ)မှ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရလူနာ တရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ်အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍ လူနာအား ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လိုအပ်သော ဆေးအကာအကွယ် ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။