လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုဆောင်းပါး

ကမ္ဘာတစ်ဝန်းတွင် စစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရရှိခံစားနေရသည့် စစ်သည်များနှင့် အရေးပေါ် အကူအညီ လိုအပ်နေသူများကို နေရာမရွေး၊ အချိန်မရွေး၊ လူတန်းစားမရွေးဘဲ ဆေးဝါးကုသမှု၊ ကူညီ စောင့်ရှောက်မှုများ ပေးနေသော အဖွဲ့အစည်းတစ်ရပ်ရှိလေသည်။ ထိုအဖွဲ့အစည်းကြီးကား အခြား မဟုတ်ချေ။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးပင်ဖြစ်သည်။ နှစ်စဉ်မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်သည်။ အများအကျိုးကို အနစ်နာခံသယ်ပိုးလိုသည့် လူမှုကရုဏာရှင်များကို ဂုဏ်ပြုသောအားဖြင့် ထိုနေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” " Keeping Humanity Alive" ဖြစ်သည်။ လူသားများ၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်ရေး ဒုက္ခရောက်နေသူများကို သက်သာရာရစေမည့် ကြက်ခြေနီနှင့်  လခြမ်းနီလှုပ်ရှားမှုများနှင့် ကတိကဝတ်များကို သတိပေးသည့် နှိုးဆော်ချက်ပင်ဖြစ်သည်။  အထူးသဖြင့် ဝေးလံခေါင်းပါးပြီး သွားလာရခက်ခဲသည့်ဒေသများတွင် ဆိုးရွားသော အခြေအနေများ ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြည်သူများ ကူညီစောင့်ရှောက်သွားရေးပင် ဖြစ်သည်။

ကြက်ခြေနီအဖွဲ့၏ဖခင်

၁၉ ရာစု အလယ်ပိုင်းကာလအထိ စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများအား ကယ်ဆယ်နေရာချထားရေး နှင့် ဆေးဝါးစောင့်ရှောက်မှုပေးမည့် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်မျှ မရှိခဲ့ချေ။ ၁၈၅၉ ခုနှစ် ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဟင်နရီဒူးနန့်သည် စီးပွားရေး ကိစ္စဖြင့် ပြင်သစ်ဧကရာဇ် တတိယမြောက် နပိုလီယံအားတွေ့ဆုံရန် အီတလီသို့သွားရောက်စဉ် ဆိုဖာရီနိုမြို့ ကလေးသို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က ၎င်းမြို့လေးတွင်ပြင်သစ်တပ်များနှင့် သြစတြီးယား တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ တစ်နေ့တည်း၌ပင် နှစ်ဖက်စလုံးမှ သေကျေ၊ ဒဏ်ရာရရှိသူ စစ်သည် ၄၀၀၀၀ ကျော်ရှိခဲ့သည်။ မည်သည့်အဖွဲ့အစည်းကမျှဒဏ်ရာရ လူနာများကို ဆေးဝါး စောင့်ရှောက်မှု မပေးဘဲ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ ပစ်ထားခဲ့ကြသည်။

ဟင်နရီဒူးနန့်သည် ထိုမြင်ကွင်းကိုတွေ့ရှိပြီးနောက် တုန်လှုပ်ချောက်ချားခဲ့သည်။  ၎င်း၏ မူလစီးပွားရေး ကိစ္စကိုစွန့်လွှတ်ပြီး စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများအား ဆေးဝါးစောင့်ရှောက်မှု ပေးခဲ့သည်။ ဒေသခံများကိုလည်း ဒဏ်ရာရရှိသူများအား ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ ဆေးဝါးစောင့်ရှောက်မှုပေးရန် စည်းရုံးဆောင်ရွက်ခဲ့သည်။ ဒူးနန့်သည် ဆွစ်ဇာလန်သို့ ရောက်ရှိပြီးနောက် ၁၈၆၂ ခုနှစ်တွင် တိုက်ပွဲ အတွေ့အကြုံကို “ဆိုဖာရီနိုအောက်မေ့ဖွယ်” (A Memory of Solferino)အမည်ဖြင့် စာအုပ်ထုတ်ခဲ့သည်။

ထိုစာအုပ်ကို ဥရောပတစ်ဝန်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်းဆောင်များ ထံပေးပို့ခဲ့ သည်။ ၎င်းသည် စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများအား ဆေးဝါးစောင့်ရှောက်မှုပေးမည့် နိုင်ငံအဆင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေး တိုက်တွန်းနှိုးဆော်ခဲ့သည်။ ထို့ပြင် စစ်မြေပြင်တွင် ဒဏ်ရာရရှိကြသည့် စစ်သည်များအား ဆေးဝါးစောင့်ရှောက်မှုပေးကြမည့် စေတနာရှင် ဆေးတပ်သား များနှင့် စစ်မြေပြင်ဆေးရုံများကို အကာအကွယ်ပေးမည့်နိုင်ငံတကာစာချုပ်၊ စာတမ်းများ ချုပ်ဆိုထား ရေးကိုလည်း နိုင်ငံတကာသို့ တောင်းဆိုခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့စတင်ကျင်းပ

ဟင်နရီဒူးနန့်၏ ကြိုးပမ်းမှုကြောင့် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင်ကမ္ဘာ့ကြက်ခြေနီနေ့ကို စတင်ကျင်းပနိုင်ခဲ့သည်။ 

၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဟင်နရီဒူးနန့်ကိုဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မေလ ၈ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မေလ ၈ ရက်နေ့ရောက်ရှိတိုင်း ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ဂုဏ်ပြု ကျင်းပလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မွန်မြတ်လှသည့်  ကြက်ခြေနီ လူမှုကရုဏာ လှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာလုပ်အားရှင်များကို ဂုဏ်ပြုခြင်းပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်သူအများစုသည် ကြက်ခြေနီနေ့ကို သွေးလှူဒါန်း၍ ဂုဏ်ပြုလေ့ရှိသည်။ ထိုနေ့တွင် ပရဟိတလုပ်ငန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဖြတ်သန်း ကြသည်။

အောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေခတ် အမှတ်အသားပါသော ကြက်ခြေနီအလံသည် မြင်ရ၊ တွေ့ရသူတိုင်း၏ ရင်ကို အေးမြစေသည်။ စစ်ပွဲများတွင် ကြက်ခြေနီအလံလွှင့်ထားသော ဆေးရုံများနှင့် ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းမျိုးမှ ရှောင်ကြဉ်ကြရသည်။ ကြက်ခြေနီ တံဆိပ်ပါ သော အင်္ကျီဝတ်ဆင်ထားသူများကိုလည်း ပစ်ခတ်ခြင်းမပြုရပေ။ ကြက်ခြေနီတပ်ဖွဲ့၏ အဓိက ရည်မှန်းချက်များသည် စစ်မြေပြင်တွင်ဒဏ်ရာရ စစ်သည်များကို အရေးပေါ် ဆေးဝါးစောင့်ရှောက်မှု ပေးရန်၊ ဒဏ်ရာရရှိထားသော စစ်သည်များအားရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ ကာကွယ်စောင့်ရှောက် ပေးရန်နှင့်စစ်မြေပြင်တွင် စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ကူညီစောင့်ရှောက်မှုများ ပေးသွားရန်ဖြစ်သည်။

အကျိုးပြုလုပ်ငန်းများစွာ  

စေတနာရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ တာဝန်များတွင် ရှေးဦးသူနာပြုစုခြင်း၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံစား နေရသူများအား ကယ်ဆယ်စောင့်ရှောက်ခြင်း၊ ဒုက္ခသည်များအား ကူညီခြင်း၊ မိသားစုများနှင့် ခွဲခွာ နေရသူများအား ပြန်လည်ပေါင်းစည်းနိုင်အောင် ကူညီခြင်း၊ စစ်ပွဲကာလတွင် ဒဏ်ရာရရှိသူများကို ကူညီခြင်း၊ စစ်သုံ့ပန်းများအားကူညီစောင့်ရှောက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူများကို ကာကွယ်စောင့်ရှောက်ကူညီခြင်း စသည်ဖြင့် များပြားလှသော ပရဟိတလုပ်ငန်းများ ပါဝင်ပေသည်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးသည် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို လူမျိုးခွဲခြားမှုမရှိဘဲ ကြားနေ အဖွဲ့အစည်းတစ်ခုအဖြစ် လွတ်လပ်တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်အထိ ကမ္ဘာ့ ကြက်ခြေနီအဖွဲ့ကြီးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှ စေတနာ့ဝန်ထမ်းများစွာသည် လူမှုရေး အကျိုးပြုလုပ်ငန်းများအား တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပေသည်။ ဟင်နရီဒူးနန့် စတင်တည်ထောင်ခဲ့သည့် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကြီးသည် ကမ္ဘာ့လူသားများ အားလုံး၏ အကျိုးအတွက် ကိုယ်ကျိုးမဖက် ဆက်လက်သယ်ပိုး ဆောင်ရွက်လျက်ရှိရာ ဂုဏ်ပြုထိုက်သော အဖွဲ့ အစည်းကြီးတစ်ရပ်ပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၂၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အဖွဲ့ခွဲတစ်ခုအဖြစ်သာ စတင်ခဲ့ရသည်။ နိုင်ငံတကာ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် တရားဝင် အသိအမှတ်ပြုခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ပြီး ကြက်ခြေနီလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်း လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးအနေဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြုသည့် အစီအစဉ် ကို ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး စံပြကြက်ခြေနီစခန်း ၁၇ ကြိမ်၊ စံပြကြက်ခြေနီ တပ်ဖွဲ့ဝင် မောင်မယ်ပေါင်း ၃၃၇၉ ဦးရှိခဲ့သည်။

၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထူးချွန်ကြက်ခြေနီ စခန်း ၂၁ ကြိမ်၊ ထူးချွန်ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်မယ် ၃၂၃၇ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည် သမိုင်းကြောင်း အစဉ်အလာ ကြီးမားသော အသင်းကြီးတစ်သင်းဖြစ်ပြီး မြန်မာနိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက် ရင်ဆိုင်ဖြတ်သန်း ခဲ့ရသော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေမုန်တိုင်းဘေး၊  ငလျင်ဘေးစသည့်  ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း နိုင်ငံတော်၏ အရန်အင်အားအဖြစ် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ မိဘပြည်သူတစ်ရပ်လုံးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်ခဲ့သည့် အသင်းကြီးပင်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော အရေးပေါ် ကိစ္စရပ်များတွင် အမျိုးသားအဆင့်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်များတွင် ပါဝင်ဆောင်ရွက် ခြင်း၊ ကျန်းမာရေးလုပ်ငန်းများနှင့် ရောဂါဘယ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင်လည်း စွမ်းစွမ်းတမံ ပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ ပြည်သူ လူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများတွင် ကျေးလက်ဒေသအထိ ပါဝင်ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများလည်း လုပ်ဆောင်လျက်ရှိ သည်။  

နိုင်ငံတကာမှ အသိအမှတ်ပြု

မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် အသင်းကြီး၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နှစ်ကာလရှည်ကြာစွာ သယ်ပိုးဆောင်ရွက်လျက်ရှိသည်။               

ဒုက္ခရောက်နေသူ၊ အခက်အခဲရောက်နေသူများကို လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာမရွေး၊ အချိန်မရွေး၊ အယုတ်အလတ်အမြတ်မရွေး ကယ်တင်ကူညီစောင့်ရှောက်ခဲ့သည့် သာဓကများစွာ ရှိနေသည်။

ထိုသာဓကများအနက် ထင်ရှားသောစွမ်းဆောင်မှုများကြောင့် ၁၉၆၃ ခုနှစ် သြဂုတ်လ ၁၂ ရက်တွင် ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်မှူး ဒေါ်ခင်အုန်းမြ အား ဖလောရင့်နိုက်တင်ဂေးဆုကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် ၁၉၇၇ ခုနှစ်တွင် ရူမေးနီးယား နိုင်ငံ ဘူခါဂရတ်မြို့၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီညီလာခံတွင် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင် စိုင်းအောင်လှိုင်မြင့်အား ဟင်နရီဒူးနန့်ဆုတံဆိပ် ချီးမြှင့်ပေးခဲ့သည်။

စိုင်းအောင်လှိုင်မြင့်သည် ဧရာဝတီမြစ်အတွင်း ယာဉ်တစ်စီး   ထိုးကျတိမ်းမှောက်မှုကြောင့် ရေနစ်နေ သည့် ယာဉ်မောင်းတစ်ဦးကို သက်စွန့်ဆံဖျားကယ်တင်ကာ ရှေးဦးသူနာပြုစုပေးခြင်းဖြင့် အသက် ကယ်တင်ခဲ့သူဖြစ်သည်။ အလားတူ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းသည်လည်း  ယာယီနေရပ် စွန့်ခွာပြည်သူများအား ကြက်ခြေနီအလံလွှင့်ထူထားသည့် မော်တော်ယာဉ်များနှင့် ကြက်ခြေနီ ဝတ်စုံဝတ်ဆင်ပြီး သွားရောက်ကယ်တင်နေစဉ် သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ရရှိသည့်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။

လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လူမှုကရုဏာလုပ်ငန်းများကို မွန်မြတ်သော စိတ်ထားဖြင့် အသက်ကိုပင်စွန့်လျက် ဆောင်ရွက်လျက်ရှိကြသည်။ ထိုအနစ်နာခံမှုများကို နိုင်ငံတကာကပင် အသိအမှတ် ပြုနေရပြီဖြစ်သည်။ ထိုသို့အနစ်နာခံသူများနှင့် ဖွဲ့စည်းထားသော ကြက်ခြေနီအသင်းများ ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ တက္ကသိုလ်၊ ကောလိပ်များတွင် အသီးသီးဖွဲ့စည်းထားပြီး ဖြစ်သည်။ အမှန်စင်စစ်မှာမူ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် တိုင်းပြည်၏ အရန်အင်အားများပင် ဖြစ်သည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရပိုင်ခွင့်တစ်ပြားတစ်ချပ်မျှမရှိဘဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အနစ်နာခံ ဆောင်ရွက်နေကြသူများဖြစ်ကြသဖြင့် လေးစားဂုဏ်ပြုထိုက်သောသူများ ဖြစ်ကြသည်။

ဆိုရလျှင် ဟင်နရီဒူးနန့်၏ စွန့်လွှတ်အနစ်နာခံကြိုးပမ်းခဲ့မှုကြောင့် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့အစည်းကြီးကို သဘာဝဘေးအန္တရာယ်မျိုးစုံ  ကြုံတွေ့ရသည့်အချိန်တိုင်း လူသားတို့၏ အသက်ကိုအန္တရာယ်အတွင်းမှ အချိန်မီကယ်တင်ရန်၊ အထူးသဖြင့် စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုနည်းဖြင့် ကယ်တင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည်လည်း အကူအညီလိုအပ်သူများကို လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာမရွေး၊ အချိန်မရွေး ကူညီစောင့်ရှောက်ပေးလျက်ရှိပေသည်။ အထူးသဖြင့် ပြည်သူလူထုအတွင်း လူမှုကရုဏာ စေတနာရှင်၊ လုပ်အားရှင်စိတ်ဓာတ်များ တိုးတက်ထွန်းကားလာစေရေးနှင့် အသိပညာ ပြန့်ပွားရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသော မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုအကျိုးပြု လုပ်ငန်း များ၊ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း  ဆုမွန်ကောင်း တောင်းရေးသားလိုက်ရပါသည်။    ။

မောင်သောင်းဝင်း(တမန်ဟောင်း)