ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော အီလက်ထရွန်နစ်အမှိုက်အန္တရာယ်

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော အီလက်ထရွန်နစ်အမှိုက်အန္တရာယ်

ကမ္ဘာတစ်ဝန်း၌ နေ့စဉ်ထွက်ရှိနေသော စွန့်ပစ်ပစ္စည်းများကို ယေဘုယျအားဖြင့် စည်ပင်အမှိုက်၊      စက်မှုစွန့်ပစ်ပစ္စည်းအမှိုက်၊ စိုက်ပျိုးရေးသုံး  စွန့်ပစ်ပစ္စည်း အမှိုက်နှင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းအမှိုက်ဟူ၍ ခွဲခြားထားသည်။   ယင်းတို့အနက် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းအမှိုက်တွင် ပါဝင်သည့် အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း  (E-Waste)  များသည် အများပြည်သူ၏     ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို  ခြိမ်းခြောက်နေသောအမှိုက်များဖြစ်သည်။

အီလက်ထရွန်နစ်    စွန့်ပစ်ပစ္စည်း သို့မဟုတ်   အီလက်ထရွန်နစ်အမှိုက်ဟု ဆိုရာတွင် လူသားများအသုံးပြုနေသော    မိုဘိုင်းလ်ဖုန်းများ၊    လက်ပ်တော့များ၊ ကွန်ပျူတာများ၊ ရုပ်မြင်သံကြားစက်များ၊  စီပီယူများ၊  ပရင်တာများ၊   စတီရီယိုစနစ်များနှင့် နားကြပ်များ ပါဝင်သည့် တခြားဖျော်ဖြေရေးပစ္စည်းများကို ရည်ညွှန်းသည်။ အီး-စီးကရက်များ၊  ရေခဲသေတ္တာ၊  အခြောက်ခံစက်နှင့် အဝတ်လျှော်စက်များသည်လည်း အီလက်ထရွန်နစ်အမှိုက်ဟု ခေါ်ဆိုထိုက်သောပစ္စည်းများဖြစ်သည်။ 

အဆိုပါပစ္စည်းများတွင် တန်ဖိုးရှိသည့် အစိတ်အပိုင်းများအပြင် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော အဆိပ်အတောက် များလည်း  ပါဝင်နေသည်။  ထို့ကြောင့် ကမ္ဘာကြီးပေါ်၌ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဘေးထွက်ဆိုးကျိုးရှိလာသည်မှာ    အီလက်ထရွန်နစ်အမှိုက်များ၏ အန္တရာယ်ဖြစ်သည်။ နည်းပညာများ     လျင်မြန်စွာတိုးတက်လာခြင်း၊ အီလက်ထရွန်နစ်ပစ္စည်း   ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ထုတ်ကုန်သက်တမ်း တိုတောင်းခြင်းတို့ကြောင့်    ကမ္ဘာပေါ်၌အလျင်အမြန် တိုးပွားနေသော အမှိုက်များ ဖြစ်လာသည်။

အီလက်ထရွန်နစ်အမှိုက်နှင့်  ကျန်းမာရေးအန္တရာယ်

E-Waste သည် သာမန်အမှိုက်များထက် ပြဒါးနှင့်ခဲကဲ့သို့ အဆိပ်သင့်နိုင်သော အန္တရာယ်ရှိပစ္စည်းများ ပါဝင်သဖြင့် လူတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားအန္တရာယ်ရှိစေနိုင်သည်။    မျက်မှောက်ကာလတွင်  ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြား ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုး

များရှိလာသည်မှာ   အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်ဖြစ်သည်။ အထူးသဖြင့်   စွန့်ပစ်အီလက်ထရွန်နစ် ထုတ်ကုန်များရှိ သတ္တုများကို ပြန်လည် ခွဲထုတ်ရာတွင်အသုံးပြုသည့်   အက်စစ်များကို ရှူရှိုက်မိခြင်း၊ ထိတွေ့မိခြင်းဖြစ်လျှင် ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သည်။

ဥပမာ-တီဗွီနှင့် ကွန်ပျူတာမော်နီတာများတွင် ပျမ်းမျှအားဖြင့် ခဲသတ္တုဓာတ်အလေးချိန် ၄ ပေါင်ပါသော Cathode Ray Tubes (CRTs)ပါရှိသည်။ အကယ်၍  ယင်းတို့ကို  ပြန်လည်အသုံးပြုခြင်း သို့မဟုတ် စနစ်တကျစွန့်ပစ်ခြင်းမရှိပါက အဆိုပါသတ္တုများ၏   ဘေးထွက်ဆိုးကျိုးများက   လူသားများအပါအဝင် သက်ရှိသတ္တဝါများကို  ပျို့အန်ခြင်း၊  အလွန်အမင်း မောပန်းနွမ်းနယ်စေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊    ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ ကြွက်သားများနှင့် ရင်ခေါင်းနာကျင်ခြင်းတို့ကို    ဖြစ်စေတတ်သည်။   ထိုမျှမက အဆုတ်ကင်ဆာရောဂါအပြင် အာရုံကြောစနစ်၊ မျိုးပွားမှုစနစ်နှင့် ဖွံ့ဖြိုးမှုစနစ်တို့အတွက်   ကြီးမားသောအန္တရာယ်များဖြစ်ပေါ်စေနိုင်သည်။    ထို့ကြောင့် ပတ်ဝန်းကျင်ကို  အန္တရာယ်ဖြစ်စေသည့် E-Waste များကို နိုင်ငံတချို့၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။

အီလက်ထရွန်နစ်အမှိုက်နှင့် ကမ္ဘာလုံးဆိုင်ရာအခြေအနေ

ကမ္ဘာတစ်ဝန်း   အီလက်ထရွန်နစ် အမှိုက်ထွက်ရှိမှုသည် မက်ထရစ်တန်ချိန် ၆၂ သန်းအထိ စံချိန်တင်ရှိနေပြီး ပြန်လည် အသုံးပြုမှုသည် ၂၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ အသုံးပြုသည့်နှုန်းထက် ငါးဆ ပိုမိုများပြားနေကြောင်း   ၂၀၂၄  ခုနှစ် မတ်လ ၂၁ ရက်တွင်ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ်အမှိုက် စောင့်ကြည့်ရေး ဆန်းစစ်ချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းစွန့်ပစ်ပစ္စည်းများတွင် အထက်ဖော်ပြပါအတိုင်း မိုဘိုင်းလ်ဖုန်းအဟောင်းများမှအစပြု၍ ရေခဲသေတ္တာအဟောင်းများနှင့် စွန့်ပစ်ထားသော အီး-စီးကရက်များအထိ  ပါဝင်နေသည်။ အဆိုပါအမှိုက်ပမာဏသည် တန်ချိန် ၄၀ ဆံ့ ထရပ်ကားအစီးရေ တစ်သန်းခွဲနှင့်ညီမျှသည်။ ထို့ပြင် E-Waste များသည် နှစ်စဉ် ၂ ဒသမ ၆ ရာခိုင်နှုန်းတိုးလာပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန်  ၈၂  သန်းအထိ   ရောက်ရှိလာနိုင်ကြောင်း  ပညာရှင်များက  လေ့လာစောင့်ကြည့်သုံးသပ်ထားကြသည်။

အဆိုပါ E-Waste များကို ဘေးကင်းလုံခြုံစွာ    ပြန်လည်အသုံးပြုခြင်းသည် စီးပွားရေးတန်ဖိုးအပြင် သဘာဝပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးအတွက် အကျိုးရှိသည်။ ၂၀၁၉ ခုနှစ်စာရင်းအရ ကမ္ဘာတစ်ဝန်းရှိ   နိုင်ငံပေါင်း   ၇၈  နိုင်ငံ၌ E-Waste ဥပဒေများ၊  မူဝါဒများနှင့် စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်။

Apple၊ Google၊ Samsung နှင့် တခြား ကုန်အမှတ်တံဆိပ်   အများအပြားသည်လည်း   ၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရေး အစီအမံများထားရှိ လုပ်ဆောင်လျက်ရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစု၌ အီလက်ထရွန်နစ် အမှိုက်များ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် မူဝါဒများကို    ချမှတ်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ 

အီလက်ထရွန်နစ် ပစ္စည်းအသစ်များ ဖန်တီးထုတ်လုပ်ရန်အတွက်  အဖိုးတန် သတ္တုများကို ကမ္ဘာမြေကြီးမှ တူးဖော်ထုတ်ယူနေမှုသည်   ကမ္ဘာတစ်ဝန်းရှိ အရင်းအမြစ်များကို   ကုန်ဆုံးစေပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း   ပျက်စီးစေသည်။   E-Waste များအား  ပြန်လည်အသုံးပြုခြင်း၊    ပြန်လည်မွမ်းမံခြင်းတို့ လုပ်ဆောင်နိုင်မှသာ     ကုန်ကျစရိတ် သက်သာကာ    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း   နည်းပါးစေမည်ဖြစ်သည်။ Royal Society of Chemistry သုတေသနအဖွဲ့မှ သိပ္ပံပညာရှင်များ၏ လေ့လာမှုစစ်တမ်းအရ   ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စွန့်ပစ်လျှပ်စစ်ပစ္စည်းများ၏ ပမာဏသည် တန်ချိန် ၅၇ သန်းအထိ ရှိခဲ့သည်။ ကမ္ဘာပေါ်၌ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပမာဏသည် နှစ်စဉ်တန်ချိန် နှစ်သန်းတိုးပွားနေပြီး   ယင်းတို့အနက် ၂၀ ရာခိုင်နှုန်းအောက်ကိုသာ စုဆောင်း၍     ပြန်လည်အသုံးပြုနေကြကြောင်း သိရသည်။ ထို့ကြောင့်  အီလက်ထရွန်နစ်အမှိုက်များ ပြန်လည်အသုံးပြုမှုကို ယခုထက်ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်။

ကုလသမဂ္ဂ၏ ၂၀၂၀ ပြည့်နှစ် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းတန်ချိန်  ၃၅  ဒသမ  ၆  သန်း စွန့်ပစ်ခဲ့သည့်အနက် ၁၇ ဒသမ ၄ ရာခိုင်နှုန်းကိုသာ    ပြန်လည်ထုတ်ယူသုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် တန်ချိန် ၁၀ ဒသမ ၁ သန်းဖြင့် အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း အများဆုံး စွန့်ပစ်သည့်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံက ၆ ဒသမ ၉ သန်း၊ အိန္ဒိယနိုင်ငံက ၃ ဒသမ ၂ သန်းဖြင့် အစဉ်လိုက်ရှိနေကြောင်းနှင့် အဆိုပါသုံးနိုင်ငံ၏ စွန့်ပစ်ပစ္စည်းပမာဏသည် ကမ္ဘာတစ်ဝန်း အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၏ ၃၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေကြောင်း အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံနှင့် အီလက်ထရွန်နစ်အမှိုက်အခြေအနေ

မြန်မာနိုင်ငံ၌လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် အီလက်ထရွန်နစ်ပစ္စည်းများကို ကွန်တိန်နာအလုံးပေါင်းမြောက်မြားစွာ တင်သွင်းခဲ့ကြသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှလည်း တင်သွင်းမှုရှိခဲ့သဖြင့် ယင်းပစ္စည်းများမှာ  ယခုအချိန်ထိ  နိုင်ငံတစ်ဝန်း၌ ပျံ့နှံ့လျက်ရှိသည်။ တစ်ပတ်ရစ်ပစ္စည်းဟု ခေါ်ဆိုနေကြသော်လည်း   စင်စစ်တွင် အီလက်ထရွန်နစ်  အမှိုက်များသာဖြစ်သည်။  မြန်မာနိုင်ငံအတွင်း  လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ရောက်ရှိပျံ့နှံ့နေသည့် E-Waste များအား စနစ်တကျ စွန့်ပစ်ခြင်း၊ ပြန်လည်မွမ်းမံခြင်း၊ ပြန်လည်အသုံးပြုခြင်းတို့ကို အလေးထားလုပ်ဆောင်ခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း ကျန်းမာရေးနှင့်   သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ထိန်းသိမ်းကြရမည်ဖြစ်ပေသည်။

လေးစားအတုယူဖွယ် ဂျပန်နိုင်ငံလေးနှစ်လျှင်တစ်ကြိမ်   ကျင်းပလေ့ရှိသော ကမ္ဘာ့အိုလံပစ်ပွဲတော်များအနက် ၂၀၂၀ ပြည့်နှစ်ကကျင်းပခဲ့သော ဂျပန်နိုင်ငံအိုလံပစ်ပွဲတော်၏ ထူးခြားသည့်ကိစ္စတစ်ရပ်မှာ စွန့်ပစ် အီလက်ထရွန်နစ် ပစ္စည်းပေါင်း  ၇၈၉၈၅  တန်ကို   သန့်စင်၍ ရရှိလာသောသတ္တုများဖြင့် အိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲတော်များအတွက် ဆုတံဆိပ်ပေါင်း ၂၅၀၀ ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။    အဆိုပါ စွန့်ပစ်အီလက်ထရွန်နစ်ပစ္စည်းများတွင်  အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းများ ၆ ဒသမ ၂၁ သန်း ခန့်ပါဝင်သည်။ ယင်းဖုန်းများအပါအဝင် ကွန်ပျူတာအဟောင်းများနှင့်   စွန့်ပစ်ပစ္စည်းများကို အရည်ကျိုသန့်စင်ပြီးနောက် ရွှေ ၃၀ ဒသမ ၃ ကီလိုဂရမ်၊ ငွေ ၄၁၀၀ ကီလိုဂရမ်နှင့်   ကြေး ၂၇၀၀ ကီလိုဂရမ်စုဆောင်းနိုင်ခဲ့သည်။   ထို့ပြင်  ဂျပန်နိုင်ငံသည်    အိုလံပစ်အခမ်းအနားတွင် အသုံးပြုသည့် စကားပြောစင်ငယ်များကိုလည်း ပလတ်စတစ် အမှိုက်တန်ချိန်များစွာကို ပြန်လည်မွမ်းမံ၍ ထုတ်လုပ်ခဲ့သည်။

ကမ္ဘာတစ်ဝန်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသော အီလက်ထရွန်နစ်အမှိုက်များကို ဂျပန်နိုင်ငံ၏ စံပြအဖြစ်ပညာပေးလုပ်ဆောင်မှုသည် အထူးပင် လေးစားဂုဏ်ပြုအပ်သည့်ကိစ္စဖြစ်သည်။  အထူးသဖြင့်   အိုလံပစ်အားကစားပွဲတော်တွင် စွန့်ပစ်အီလက်ထရွန်နစ်ပစ္စည်းများမှ ရွှေ၊ ငွေ၊   ကြေး  ဆုတံဆိပ်ပေါင်းများစွာ ပြန်လည်အသုံးချမှုကို   အောင်မြင်စွာ အကောင်အထည်ဖော်ပြနိုင်ခဲ့ခြင်းမှာ လူတစ်ဦး၏စွန့်ပစ်ပစ္စည်းသည်  တခြားလူတစ်ဦးအတွက်   မြတ်နိုးတန်ဖိုးထားစရာ  မှတ်တမ်းဝင်  ရတနာပစ္စည်းဖြစ်ကြောင်း လက်တွေ့ထုတ်ဖော်ပြလိုက်ခြင်းပင်ဖြစ်ပေသည်။   နောင်ကျင်းပမည့်  ကမ္ဘာ့အဆင့် အားကစားပွဲတော်များတွင် သာမက ပြည်တွင်းဌာနပေါင်းစုံဆိုင်ရာ  ဆုချီးမြှင့်ပွဲများတွင်လည်း   ထိုသို့သော စံနမူနာကောင်းကို   ကမ္ဘာ့နိုင်ငံများက အတုယူ  အကောင်အထည်ဖော်ဆောင်နိုင်ကြမည်ဆိုလျှင်   သက်ရှိအပင်များနှင့်   သက်ရှိသတ္တဝါ အားလုံးတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တန်ဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကာလသည်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်လာလျှင်  သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုသာ အလေးထားရုံဖြင့် မလုံလောက်တော့ပေ။   လေထု၊  ရေထု ညစ်ညမ်းမှုများ လျှော့ချရေး၊ စက်ရုံသုံး စွန့်ပစ်ပစ္စည်းများ၊    အီလက်ထရွန်နစ်အမှိုက်များစွန့်ပစ်မှုကို ထိန်းသိမ်းကြပ်မတ်ခြင်း တို့သည်လည်း အရေးကြီးသည့်ကဏ္ဍများဖြစ်လာသည်။  ထို့ကြောင့် အီလက်ထရွန်နစ်အမှိုက်များကို နည်းလမ်းမှန်ကန်စွာ စွန့်ပစ်နိုင်ရန်ကြိုးပမ်းခြင်း၊ ပြန်လည် အသုံးပြုနိုင်သည့် နည်းပညာများ ကူညီပံ့ပိုးခြင်းတို့ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်   အရှိန်မြှင့် လုပ်ဆောင်ရမည့်အချိန် ကျရောက်နေပြီဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

တင်ထက်ထက်ဇော်