အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

သူ့ကို အဘိုး၊ အဘွားတွေရှိကြတဲ့ ကျောက်ဆည် စုကြီးထန်းတော အရပ်မှာ မွေးခဲ့တာ၊ မွေးတုန်းက သိပ်အဆင်ပြေတာပဲ၊ အိမ်ဝိုင်းကလည်း အကျယ်ကြီးရယ်၊ ခြံရဲ့နောက်ဘက်မှာ စံရနဲ့ အောင်ဒင် သရက်ပင်တွေ ဟာ မိုးဦးမှာ အသီးတွေ>ပတ်နေတာပဲ၊ ခြံရဲ့နောက်ဘက်မှာ ဝေဘူချောင် ရယ်၊ ကျောက်သင်္ဘောရယ်၊ ကျောက်သေတ္တာရယ် မြင်နေရတယ်၊ မနက် ဝေလီဝေလင်းကြီး ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် မီးနီ၊ မီးစိမ်းတွေ ပူဇော်ထားတာတောင် မြင်နေရတာ၊ သားဦးပေမယ့် သိပ်ဝေဒနာမခံစား ရပါဘူးကွယ်၊ စေတီက ဆည်းလည်းသံတွေတောင် အတိုင်းသားကြား

နေရတာကို ဒေါ်ဒေါ်သတိထားနေမိတယ်

မိခင်၏ချစ်ခြင်းဖြင့် ကိုလတ်ဆိုသော လူသားတစ်ယောက်ကို လောကက လက်သင့်ခံခဲ့လေသည်။ စကားပြောနေသော ကိုလတ်အမေ၏အသံသည်  အောင့်နားထဲမှ တစ်စတစ်စဝေးသွားလေသည်။

အခန်း(၅၉)

ခွဲစိတ်ခန်းခုတင်ပေါ်မှ ကိုလတ်။

ကိုလတ်၏မျက်နှာမှာ ဖျော့တော့လျက် နှုတ်ခမ်းတွေမှာ ဖြူဖွေးနေသည်။

အောင့်ဘကြီး အူအနာပေါက်တာကို ခွဲတုန်းကအဖြစ်ကိုသတိရလာသည်။ ဒီတုန်းက အောင်က ရှစ်တန်းဖြေတဲ့နှစ်ပေါ့။

ဒီ့ထက် နာရီဝက်နောက်ကျမှ ဆေးရုံရောက်လျှင် ဘကြီးသေမှာတဲ့။

ကိုလတ်အဖြစ်မျိုးနှင့် တူချင်မှ တူမည်။ အဲဒီတုန်းကလည်း ဘကြီး သေရခါနီးဆဲဆဲပဲ။

ခုလိုပင်    သေမင်းနှင့်တိုက်ပွဲဝင်ခဲ့ရသောအချိန်။     ဘကြီး၏ညီအောင့်အဖေပြန်ပြော၍ သိရသည်။

အောင်တို့က ဘကြီးအိမ်မှာ စိတ်ပူနေကြရုံအပြင် ဘာမှမတတ်နိုင်။

ခွဲစိတ်ခန်းတွင် အနာတော်တော်နှင့်ရှာမရ၍ ဘကြီးမှာ အခြေအနေ ဆိုးရွားလုလုဖြစ်နေသည်။

နောက် အစာအိမ်နားကပ်လျက်တွင် အနာကိုတွေ့သွားတာပါပဲ။

လေးလက်မဆိုလား၊ လက်လေးလုံးဆိုလား လှီးဖြတ်ပစ်ရသည်တဲ့။

ကိုလတ်ရဲ့  အစာအိမ်လား၊ အူလား အနာကို တော်တော်နှင့်မှ ရှာတွေ့ပါ့မလား။

ဘကြီးလို အစာအိမ်နားကပ်လျက် ဖြစ်ချင်ဖြစ်နေပြီ။ အဖေက ပုံဆွဲ ပြီးပြန်ပြောပြတာ သတိရသည်။ အောင်သည် သူ့လက်ပွေ့အိတ်လေး ထဲမှ စက္ကူတစ်ရွက်နှင့် ဖောင်တိန်ကို ထုတ်လိုက်သည်။

အတွေးတစ်မျိုး ဖျတ်ခနဲဝင်ပြီး ချောစုတို့အနားမှ ခွာထွက်ခဲ့လေသည်။

ချောစုက ခင်မလတ်အမေနှင့် စကားပြောနေသဖြင့် မမြင်လိုက်။

ကိုအောင်က အောင် စင်္ကြံမှထွက်သွားတာကို ရုတ်တရက်မြင်လိုက် ရပြီး  လွယ်အိတ်ကို  ရှေ့ရင်ဘတ်တွင်  ကပ်လျက်  အပြေးလိုက်သွား လေသည်။

အောင်...ဟေ့ အောင်၊ နင်ဘယ်သွားမလို့လဲ

ကိုအောင်က အောင့်နားကပ်လျက် တီးတိုးမေးလိုက်လေသည်။

ကျွန်တော် တစ်ခုသတိရလာလို့

အောင်က ခပ်တည်တည်နှင့်ဖြေသည်။  အောင့်မျက်နှာအမူအရာ တွေမှာ တည်လွန်းသည်။

ကိုအောင် မကြိုက်။

ဘာကိုလဲ

ကျွန်တော် ပြီးမှပြန်ပြောပြမယ်၊ ကျွန်တော်သွားမှ၊ မသွားလို့မဖြစ်ဘူး

မဟုတ်ပါဘူး အောင်၊ နင် ဘာတွေပြောနေတာလဲ

ကိုလတ်ရဲ့အနာကို မတွေ့မှာစိုးလို့၊ ကျွန်တော် ပုံဆွဲပြရမယ်၊ ဒီနေရာ တွေက သိပ်ရှုပ်တာ၊ မတွေ့ဘဲ ကြာသွားရင် မဖြစ်ဘူး၊ ကျွန်တော် မြန်မြန် သွားမှ...သွားမှ

အောင့်အမူအရာတွေပျက်နေတာကိုသိသော ကိုအောင်က အောင့် ရှေ့မှ ဆီးရပ်လိုက်လေသည်။ ကိုအောင်သည်  အောင့်ညာလက်ကို ဖမ်းကိုင်ကာ...

အောင်...အောင်...နင် သတိထားလေ၊ ဆရာဝန်တွေက ဆေးပညာတွေ စာတွေ့ရော၊ လက်တွေ့ရော တတ်ထားတာပဲ၊ နင့်ထက် ပိုနားလည်တာပေါ့၊ လာ...တို့ စင်္ကြံက အေးအေးဆေးဆေးစောင့်တာ ပေါ့၊ ကိုလတ်သက်သာလာမှာပါဟာ၊ လာ...ညီမ

အောင်သည် ကိုအောင်ဆွဲကိုင်ထားသော လက်ကိုရုန်းနေသည်။

ကိုအောင့်လက်မှာ သန်မာမြဲမြံလှသည်။ အောင်သည် အတင်းရုန်း ထွက်နိုင်အောင် ကြိုးစားရင်း...

ဟင့်အင်း...ဟင့်အင်း၊ ကျွန်တော်သွားမှဖြစ်မှာ၊ ကိုလတ်သေလိမ့်မယ်

အောင့်မျက်နှာသည် ငိုမဲ့မဲ့နှင့်ဖြစ်နေသည်။

မသေပါဘူးဟာ...အောင်ကလည်း

သေမှာပါ၊ ကျွန်တော်သိပါတယ်

ပြောရင်းဆိုရင်း ရှိုက်ကြီးတငင်ငိုရင်း ကိုအောင့်လက်မှ အတင်းရုန်း ကာ]]ကျွန်တော့်ကို လွှတ်ပါ၊ လွှတ်...လွှတ်... ပြောရင်းဆိုရင်း အောင်သည် လွတ်ထွက်သွားပြီး ခြေဦးတည့်ရာ ပြေးလေသည်။

အောင်

အောင်ရေ...

ကိုအောင်က လေသံခပ်အုပ်အုပ်နှင့်ခေါ်လိုက်သော်လည်း နောက် တစ်ခွန်းခေါ်လိုက်သံမှာ ကျယ်၍ထွက်သွားသည်။ လူနာခန်းတွေဖြတ်ရင်း လိုက်သွားသော ကိုအောင့်ကို ထဘီနီနှင့်သူနာပြုဆရာမလေးတစ်ဦးက သူ့နှုတ်ခမ်းကို လက်ညှိုးနှင့်ကပ်ပြရင်း   တိုးတိုးဟူသောအမူအရာကို ပြလိုက်လေသည်။

လှေကားထိပ်ဝတွင် အောင့်ကို ကိုအောင်သည် ဖမ်းမိသွားလေသည်။

အောင်က ကိုအောင့်လက်ထဲမှ အတင်းပြန်ရုန်းကာ ကျွန်တော့်ကို လွှတ်၊ ကျွန်တော့်ကို မချုပ်ချယ်နဲ့၊ ဘယ်သူမှ မချုပ်ချယ်နဲ့

ကိုအောင့်လက်ထဲတွင် အော်ငိုရင်း ဒူးတွေမှာ ညွတ်ကျလာလေသည်။ နဖူးမှ ချွေးစေးတွေကျလာပြီး ကိုအောင့်လက်ထဲတွင် ပျော့ခွေကာ မေ့သွားလေသည်။   

 ဆက်လက်ဖော်ပြပါမည်။