ယခုဘောလုံးရာသီအကုန်တွင် ခံစစ်ကစားသမား ဗာရန်းအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်၍ ဆော်ဒီကလပ်အသင်းများက အပြိုင်ခေါ်ယူဖွယ်ရှိ
မန်ယူအသင်းမှ ဝါရင့်ခံစစ်ကစားသမားတစ်ဦးဖြစ်သည့် ဗာရန်းအနေဖြင့် အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်ဟု အတည်ပြုကြေညာပြီးနောက် ၎င်းကိုဆော်ဒီကလပ်အသင်းများက အပြိုင်ခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။
ဗာရန်းသည် ၂၀၂၁ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ စာချုပ်ပါအချက်အလက်များအရ မန်ယူအသင်းအနေဖြင့် တစ်နှစ်သက်တမ်းတိုးခွင့်ရှိ သော်လည်း မန်ယူအသင်းက သက်တမ်းတိုးစာချုပ်မချုပ်ဆိုလိုသည့်အတွက် ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဗာရန်းသည် အသင်းနှင့်အတူ ပြီးခဲ့သည့်ဘောလုံး ရာသီနှစ်ရာသီက အဓိကကစားသမားအဖြစ် ခြေစွမ်း ပြနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသည့်အပြင် မန်ယူအသင်းက မြင့်မားသည့်လုပ်ခလစာ ပေးချေနေရသည့်အတွက် ထွက်ခွာခွင့်ပြုမည်ဖြစ်သည်။
ယခုဘောလုံးရာသီအကုန်တွင် မန်ယူအသင်းမှ ဗာရန်းအပြင်နောက်ထပ် ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုးလည်း အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
Ref;Fabrizio Romano