တို့တောင်သူတွေဝင်ငွေတိုးဖို့ ပေါင်းစည်းလယ်ယာလုပ်ကြစို့

တို့တောင်သူတွေဝင်ငွေတိုးဖို့ ပေါင်းစည်းလယ်ယာလုပ်ကြစို့

အားလုံး မင်္ဂလာပါ။ ရောက်နေကြတာကြာပြီလားဗျာ

ဘကြီးအောင် အိမ်ဝိုင်းအတွင်း ရောက်သွားတော့ ရွာသူရွာသား ၆၀-၇၀ ခန့်  အသင့်ရောက်ရှိနေခြင်း ဖြစ်သဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

မကြာသေးပါဘူး။ စောစောကမှ ရောက်ကြတာပါ

ရှေ့ထိုင်ခုံရှိ လယ်သမားကြီးတစ်ဦးက သွက်သွက်လက်လက်ပြန်ဖြေလိုက်သည်။ နေရာကား တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်တွင်  ဖြစ်သည်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ လယ်ကွင်းအတွင်းရှိ အိမ်ဝိုင်းတွင် ဖြစ်သည်။ အိမ်ဝိုင်းအတွင်း နို့စားနွား ၁၅ ကောင်နှင့် ကျွဲခြောက်ကောင်ခန့်  မွေးထားသည်။  ဥစားဘဲကလည်း    ကောင်ရေ   ၂၅၀  ခန့်ရှိသည်။

သဘာဝမြေသြဇာပုံခြောက်ပုံကလည်း  စိုက်ခင်းအတွင်းထည့်ရန် အသင့်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းရှိ ထိုင်းနှံကောက်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းကလည်း  စပါးသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေသည်။

နေမပူသေးဘဲ တက်သစ်စအလင်းရောင်အောက်မှ တောင်သူများ၏ နွေးထွေးပျူငှာသည့်အပြုံးများက ဘကြီးအောင်၏ရင်ကို လန်းဆန်းကြည်နူးစေသည်။

ကျွန်တော်အခုလို  ကျွန်တော်တို့အမျိုးတွေ တောင်သူတွေကို ကျန်းကျန်းမာမာစုံစုံညီညီ တွေ့ရတော့ အများကြီး ဝမ်းသာကြည်နူးမိပါတယ်။ အထူးသဖြင့် ဒီနေ့ခရီးစဉ်ကို   ပေါင်းစည်းလယ်ယာမှာ စီစဉ်ထားပေးတဲ့  ကျွန်တော့်ရဲ့ဝန်ထမ်းတွေကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက တောအရပ်မှာနေကြတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားပြီး အလုပ်လုပ်ကြတယ်။ အသက်မွေး ဝမ်းကျောင်းပြုကြတယ်။ တိုင်းပြည်ချမ်းသာတယ်ဆိုတာ  ကျွန်တော်တို့ တောင်သူလယ်သမားတွေချမ်းသာမှ  တိုင်းပြည်ချမ်းသာတယ်လို့  ပြောလို့ရမှာ။  ဒါ့ကြောင့် အခုနိုင်ငံတော်ကို  တာဝန်ယူထားတဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်က  ဒုတိယအချက်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍  နိုင်ငံ့စီးပွားမြင့်မားရေးနှင့်  ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်။ ဆိုပြီး လုပ်ငန်းစဉ်ချမှတ်ခဲ့တာ။

တောင်သူဦးကြီးတွေအားလုံး  သိပါတယ်။ကျွန်တော်တို့လက်ရှိအစိုးရလက်ထက်မှာ  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ မွေးမြူရေးချေးငွေ ကြိုတင်ပေးတာရှိတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့  စိုက်ပျိုးရေးချေးငွေပေးတဲ့အခါမှာ  ငွေကိုတိုက်ရိုက်မပေးဘဲ စပါးစိုက်မယ်၊ မြေပဲစိုက်မယ်ဆိုရင်  စိုက်ချင်တဲ့မျိုး၊  မျိုးကောင်းမျိုးသန့်ဝယ်ပေးတယ်။ တောင်သူကြီးတွေသုံးချင်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဝယ်ပေးတယ်။  အလားတူပဲ   မွေးမြူရေးမှာလည်း တောင်သူကြီးတွေမွေးချင်တဲ့ တိရစ္ဆာန်မျိုးရရှိရေးစီစဉ်ပေးတယ်။  ကျွေးချင်တဲ့ အစာစပ်စာ၊ ကုမ္ပဏီအစာမှာပေး၊ ဝယ်ပေးတယ်။  အဲဒီတော့ တောင်သူကြီးတွေ ဝင်ငွေတိုးဖို့  စိုက်ဖို့၊  မွေးဖို့ပဲမလိုဘူးလား။  ကိုယ့်ဘာသာမျိုးရှာဖို့ မြေသြဇာဝယ်ဖို့ လိုသေးလား။

မလိုပါဘူး။

အဲဒါအပြင် စိုက်ပျိုးရေးက ထွက်လာတဲ့စပါးတို့၊ မြေပဲတို့၊ နှမ်းတို့၊ နေကြာတို့ကို ပေါက်ဈေးနဲ့ဝယ်ဖို့ကို ဝယ်လက်ချိတ်ဆက်မပေးဘူးလား၊ ပေးလား။

ချိတ်ဆက်ပေးပါတယ်။

အဲဒီတော့  ကျွန်တော်တို့တောင်သူတွေ ပိုပြီး အဆင်ပြေတာပေါ့။  ဒါ့အပြင်  ကိုယ်ကြိုယူထားတဲ့ ငွေတန်ဖိုးလောက်ပဲ    ချိတ်ဆက်ပေးတဲ့ လူဆီမှာရောင်းပြီး ကျန်တဲ့ထွက်ရှိတဲ့သီးနှံကို ကိုယ်ရောင်းချင်တဲ့ နေရာမှာ ရောင်းလို့မရဘူးလား၊ ရလား။

ရပါတယ်။

လက်တွေ့အမှန်တရားဖြစ်နေ၍ တောင်သူဦးကြီးများ အားပါးတရဖြေကြသည်။

ကဲဒီတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့စိုက်စရိတ်ကြိုတင်ပြီးပေးတဲ့အစီအစဉ်က  ဒီထက်ကောင်းတာ ရှိပါဦးမလား။

မရှိပါဘူး။

အားလုံးက တက်ကြွစွာ ပြန်ဖြေကြသည်။

မရှိပါဘူး။ မလုပ်နဲ့ ရှိပါသေးတယ်။ ခင်ဗျားတို့ ထမင်းစားရင် ထမင်းချည်းပဲ  စားတာမဟုတ်ဘဲ သားငါးဟင်းရော မစားဘူးလား၊ စားလား။

စားပါတယ်

အဲဒီဟင်းရဖို့အတွက် နိုင်ငံ့စီးပွားရန်ပုံငွေကနေ မွေးမြူရေးချေးငွေရော ချေးမပေးဘူးလား။ ချေးပေးနေတယ်။ အဲဒါ လက်ရှိ ကျွန်တော်တို့အစိုးရရဲ့စေတနာ၊

နိုင်ငံတော်ရဲ့စေတနာပဲ။  စိုက်ပျိုးရေးလုပ်တယ်။ စပါးစိုက်တယ်၊   ပဲစိုက်တယ်။  စပါးစိုက်တော့ ကောက်ရိုးရတယ်။  ပဲစိုက်တော့  ပဲရိုးရတယ်။ အလားတူ စပါးကိုကြိတ်လိုက်တော့ ဆန်ရပြီး ဆန်ကွဲ၊ ဖွဲနုပါအပိုရတယ်။  အတူတူပဲ မြေပဲတို့၊ နှမ်းတို့ ကြိတ်လိုက်တော့ ဆီရပြီး ပဲဖတ်၊ နှမ်းဖတ်မရဘူးလား။ အဲဒီတော့  စပါးကနေ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ကောက်ရိုးတို့၊ ဆန်ကွဲတို့၊ ဖွဲနုတို့ရသလို မြေပဲ၊ နှမ်းနဲ့နေကြာက မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီရတဲ့အပြင် မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်ရတယ်။ အဲဒီတော့ စိုက်ပျိုးရေးရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့  ကောက်ရိုး၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်နဲ့ နေကြာဖတ်တွေက တိရစ္ဆာန်မွေးမြူရေးအတွက်  အစာဖတ်ရတယ်။

အဲဒီလိုပဲ နွားမွေးတယ်၊ ကြက်မွေးတယ်၊ ဝက်မွေးတယ်ဆိုရင် နွားနို့၊ ကြက်ဥ၊ ကြက်သားနဲ့  ဝက်သားရတဲ့အပြင်ကို သူတို့ကစွန့်ထုတ်တဲ့ နွားချေး၊ ကြက်ချေး၊ ဘဲချေး၊  ဝက်ချေးတွေက စိုက်ပျိုးရေးအတွက် မြေသြဇာမရဘူးလား၊ ရလား။

အဲဒီ နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဘဲချေးနဲ့ အမှိုက်ခြောက်တွေနဲ့ရောပြီး သဘာဝမြေသြဇာလုပ်ပြီး သုံးလို့မရဘူးလား။ အခုလို ဓာတ်မြေသြဇာ ဈေးကြီးနေတဲ့အခါ သဘာဝမြေသြဇာလုပ်ပြီး သုံးဖို့လိုတယ်။ ဓာတ်မြေသြဇာက  ရေရှည်သုံးရင် မြေကိုကျပ်စေတယ်။ ပျက်စီးစေတယ်။ သဘာဝမြေသြဇာက မြေရဲ့အရည်အသွေးကို ထာဝရထိန်းသိမ်းပေးတယ်။

မြေကို မွစေတယ်။ ဒီတော့ ကျွန်တော်တို့ တောင်သူဦးကြီးတွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တွဲဖက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ စဉ်းစားစေချင်တယ်။ လုပ်ကြဖို့လိုတယ်။

ကျွန်တော့်ရဲ့ နိုင်ငံ့ဝန်ထမ်းတစ်လျှောက် ရတဲ့နေရာမှာရသလို စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်တယ်။ အခုလက်ရှိ ကျွန်တော့်အိမ်မှာ သိုး ကိုးကောင်၊ ဘဲငန်း၁၀ ကောင်၊ ကြက်ဆင် ၁၀ ကောင်၊ ဒေသကြက် ၆၀ ကောင်နဲ့ ဘဲ ၁၅ ကောင်မွေးထားတယ်။ ဒေသကြက်က စပြီးမွေးတုန်းက ကြက်ဖတစ်ကောင်နဲ့ ကြက်မငါးကောင်ပဲ။ အဲဒီကပွားလာတာ အကောင်တစ်ရာကျော်သွားလို့ အိမ်လာပြီးလည်တဲ့လူတွေ  မွေးချင်ရင် ပေးလိုက်တယ်။  သိုးကလည်း ၃ ကောင်နဲ့ စပြီးမွေးတာ။ သုံးနှစ်ကြာတော့  ၉  ကောင်ဖြစ်လာတာ။ 

ဘဲက တစ်နေ့ ၉  လုံး - ၁၀ လုံးဥတယ်။ အိမ်နီးချင်းတွေ ဝေပေးတော့သူတို့လည်း ကျေးဇူးတင်တာပေါ့။

အိမ်ကစားချင်ရင်လည်း  ဈေးသွားစရာမလိုဘူး။

အိမ်ရှေ့မှာလည်း ချဉ်ပေါင်ပင်၊ ငရုတ်ပင်၊ ရုံးပတီပင်စိုက်ထားတယ်။ သရက်ပင်၊ သံပရာပင်၊ ပိန္နဲပင်၊ ရှောက်ပင်၊ နှင်းသီးပင်တွေလည်းရှိတယ်။ ကောက်ရိုးမှိုလည်း စိုက်ထားတယ်။ ကျွန်တော့်အိမ်လာပြီးလည်တဲ့လူတွေက ဒီအိမ်ကတော့  ပဒေသာပင်ပေါက်နေသလား   ထင်ရတယ်လို့တောင်ပြောတယ်။

အဲဒီတော့  တောင်သူဦးကြီးများလည်း အိမ်တိုင်း၊ အိမ်တိုင်း   ပဒေသာပင်ပေါက်အောင်လုပ်ကြဖို့လိုတယ်။    ကဲ ဒီတော့ ကျွန်တော့်အကြောင်းပြောတာများသွားပြီ။ အခု ကျွန်တော်တို့ ရောက်နေတာ ခင်ဗျားတို့မြို့၊ ခင်ဗျားတို့ရပ်ကွက်။ ခင်ဗျားတို့ရပ်ကွက်သား ကိုတင်ထွန်းအောင်က သူ့အိမ်မှာ ဘာတွေလုပ်ထားတယ်။

သူ့မှာဘယ်လောက်အကျိုးရှိတယ်ဆိုတာကို ပြောပြလိမ့်မယ်။ ကဲ ကိုတင်ထွန်းအောင်ရေ ခင်ဗျားစိုက်ထား၊ မွေးထား၊ လုပ်ထားတာလေးတွေ ပြောပြပေးပါဦး။

ကျွန်တော်က    ပေါင်းစည်းလယ်ယာပိုင်ရှင် ကိုတင်ထွန်းအောင်ကို အလှည့်ပေးလိုက်သည်။

အားလုံးသိတဲ့အတိုင်း  ကျွန်တော် ဒီမြို့သား၊ ဒီရပ်ကွက်သားပါ။ ကျွန်တော့် ဒီခြံက  သုည ဒသမ ၇၅ ဧက ကျယ်ပါတယ်။ ထိုင်းနှံကောက်မျိုးစပါးထုတ် စိုက်ခင်းလုပ်ထားတဲ့ ကျွန်တော့်လယ်က ၁၈ ဧက ရှိပါတယ်။  ဒီလယ်လုပ်ငန်းက ကျွန်တော့်အဖေက လွန်ခဲ့တဲ့နှစ် ၅၀ လောက်ကစပြီး လုပ်ခဲ့တာပါ။

ကျွန်တော်လုပ်တာတော့နှစ်  ၂၀  လောက်ရှိပါပြီ။

ပထမတော့ လယ်လုပ်တော့ခိုင်းနွားမွေးခဲ့ပါတယ်။ နောက်ပိုင်း နို့စားနွားမွေးတယ်။ ဝင်ငွေဖြစ်တော့ နို့စားကျွဲပါမွေးဖြစ်ပါတယ်။ ကွင်းထဲဖြစ်နေတာကြောင့် လက်ရှိဘဲလည်း ကောင်ရေ ၂၅၀ မွေးထားပါတယ်။ တစ်ရက်ကို ဘဲဥ ၂၀၀ လောက် ရပါတယ်။ နွားနို့၊ ကျွဲနို့ကတော့ တစ်ရက်ပိဿာ ၃၀ လောက်ရပါတယ်။ စမွေးတုန်းက နွားရော ကျွဲပါ ၄- ၅- ၆ ကောင်ပါ။ နောက်ပိုင်း မေထုန်မဲ့သားစပ်လို့ ပွားလာတာကြောင့် လက်ရှိနို့စားနွား ၁၄ ကောင်နဲ့ ကျွဲ ၆ ကောင် ရှိပါတယ်။ ဒါတောင်နှစ်စဉ် နွားထီးကလေးတွေ ၃-၄ ကောင် ရောင်းထုတ်ပါတယ်။ စီးပွားရေးလေးအဆင်ပြေတော့ ဆန်စက်ကလေးထောင်ပါတယ်။ ကိုယ့်စပါးကြိတ်ရင်း သူများစပါးတွေပါ ကြိတ်ပေးပါတယ်။ ဆန်လာကြိတ်တဲ့သူတချို့က ကြိတ်ခအစား ဆန်ကွဲ၊ ဖွဲနုပေးတော့ အဲ့ဒါနွားစာ၊   ဘဲစာသုံးရပါတယ်။

ကျွန်တော့်ဆန်စက်က  စပါးခွံ၊  ဖွဲကြမ်းနဲ့ ဖွဲပြာရပါတယ်။ ကျွဲနဲ့ နွားက ကျွဲချေး၊ နွားချေးရတယ်။ ဘဲမွေးမြူရေးကလည်း ဘဲချေးရတော့ စိုက်ပျိုးရေးဦးစီးဌာနက ဆရာမတွေ အကူအညီပေးလို့ သဘာဝသစ်ရွက်ဆွေးမြေသြဇာလုပ်ပါတယ်။ ပေ ၂၀၊ ၆ ပေ သစ်ရွက်ဆွေးပုံ ၅၀ ပုံ ကျွန်တော် စပါးခင်းထဲထည့်

ပြီးပါပြီ။ နှစ်စဉ်လည်း ထည့်ပေးတာကြောင့် ဓာတ်မြေသြဇာနည်းနည်းပဲဝယ်ရပါတယ်။ အတော်လေး တွက်ခြေကိုက်ပါတယ်။ စပါးလည်း အထွက်ကောင်းပါတယ်။

အခုထိုင်းနှံကောက်မျိုးစေ့ထုတ်စိုက်ခင်းကလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆရာမတွေလာပြီး ပြပေးပါတယ်။ မျိုးရွေးချယ်စိုက်တာ၊ မျိုးကွဲပယ်တာကအစ စိုက်ပျိုးရေးသုတေသနကလာပြီး ပြသပေးတာကြောင့် အတော်လေးကို အဆင်ပြေပါတယ်။

ဒီဆရာတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနကတော့ ကျွန်တော်တို့တောင်သူတွေရဲ့ အဓိကအားကိုးရာဖြစ်ပါတယ်။  ဆရာတို့ ရှေ့မို့လို့ ဒီလိုပြောတာ မဟုတ်ပါဘူး။  စက်မှုလယ်ယာဦးစီးဌာနက ထွန်တာ၊  ယက်တာ၊  မျိုးစေ့ချတာကအစ ရိတ်သိမ်းခြွေလှေ့တဲ့အထိ အကူအညီပေးသလို စိုက်ပျိုးရေးဦးစီးဌာနနဲ့  စိုက်ပျိုးရေးသုတေသနဦးစီးဌာနက မျိုးရွေးချယ်တာ၊ မျိုးကွဲပယ်တာ၊ စိုက်တာ၊ ပျိုးတာ၊ ပေါင်းလိုက်တာ အဆုံးကူညီပါတယ်။ ဆည်မြောင်းဦးစီးဌာနကလည်း ရေလိုရင် ရေပေးသလို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနကလည်း ကြက်၊ ဝက်၊ ဘဲ၊ ကျွဲ၊ နွားရောဂါကာကွယ်ဆေးထိုးပေးတာကအစ မေထုန်မဲ့သားစပ်တာ၊ ရောဂါတစ်ခုခုဖြစ်ရင်ကုသတာအဆုံး ကူညီပေးနေပါတယ်။

ဒီအတွက်ကြောင့်  ကျွန်တော်တို့ရွာသားတွေ စိုက်ပျိုးရေးအလုပ်တစ်လုပ်တည်းလုပ်ရင် ဝင်ငွေတစ်မျိုးသာရမှာ ဖြစ်ပါတယ်။ ကျွန်တော့်လို စိုက်ပျိုးရေးရော မွေးမြူရေးနဲ့ အသေးစားစက်မှုလုပ်ငန်း(MSME)ပါ တွဲပြီးလုပ်ရင် ကျွန်တော့်လို ဝင်ငွေရမှာဖြစ်ပါတယ်။ စောစောက ဒီက ဆရာပြောသွားသလို နိုင်ငံတော်က ကျွန်တော်တို့ တောင်သူလယ်သမားတွေအတွက် မြစိမ်းရောင်စီမံကိန်းရော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပါ ချပေးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဝင်ငွေတိုးရဖို့ ကျွန်တော်တို့ကိုယ်တိုင်က ကြိုးစားကြဖို့၊ အလုပ်လုပ်ကြဖို့ ပြောချင်ပါတယ်။

ကိုတင်ထွန်းအောင်၏စကားများက သူကိုယ်တွေ့ခံစားချက် ရင်တွင်းစကားများဖြစ်သည်။ သူတို့ရွာသား ပြောသည့်စကားက သူတို့တောင်သူလယ်သမားတွေ တိုးတက်ကြီးပွားရာ ကြီးပွားကြောင်းဖြစ်သည့်အတွက် သူ့စကားအဆုံးတွင် တက်ရောက်လာသည့် သူတို့ရွာသားများ၏ လက်ခုပ်သံကား  မစဲနိုင်အောင်ရှိပါသည်။

ဘကြီးအောင်ပင်လျှင်    မိမိပြောချင်နေသည့် စကားများကို ပြောသွားသည့် ကိုတင်ထွန်းအောင်အတွက် ဝမ်းသာအားရ လက်ခုပ်တီးနေမိသည်။  ။

မောင်အောင်