သိပ္ပံနှင့်နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၂၀ ရက်)
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အဓိကအင်အား တစ်ရပ်ဖြစ်သည်။ လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လေ့လာစူးစမ်းလိုစိတ်၊ တီထွင်စမ်းသပ်လိုစိတ်တို့မှ တစ်ဆင့် မိမိနိုင်ငံကိုဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်လိုစိတ်များ စဉ်ဆက်မပြတ်ရှိနေစေရန် နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များ၏ သိပ္ပံနှင့်နည်းပညာ ကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ပညာရေးကို ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာဖြင့် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လူငယ်များကိုပြုစု ပျိုးထောင်ပြီး လူသားအရင်းအမြစ် မြင့်မားရေးကို ဆောင်ရွက်လျက်ရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း(ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂ဝ၂၄ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာများ၌ ကျင်းပသည်။ အဆိုပါသိပ္ပံပွဲတော်ကို အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ''Chronograph, Nuclear Sprint, Bet Game'' စသည့် နျူကလီးယားနှင့် သိပ္ပံဆိုင်ရာဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများ၊ Interactive Quiz ဉာဏ်စမ်းပဟေဠိ အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် SMRs ဖွံ့ဖြိုးတိုးတက်လာစေရေး အပြန်အလှန်အသုံးချမှုနှင့် စပ်လျဉ်းသည့် နျူကလီးယားနှင့် ဆက်စပ် Problem များကို ၂၄ နာရီအတွင်း အကောင်းဆုံးအဖြေများ ပြန်လည်ဖြေကြားသည့် Hackatom ပြိုင်ပွဲကို ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။ Public Discussion အစီအစဉ်တွင် နျူကလီးယားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သြဂုတ်လ ၁၇ ရက်တွင် ကျောင်းသား၊ ကျောင်းသူများက ATOM စာလုံးကိုပုံဖော်နေရာယူ၍ ''May the Nuclear Force be with You'' စာသားများ ရေးထိုးထားသော အမှတ်တရမိုးပျံပူဖောင်းများကို ကောင်းကင်သို့လွှတ်၍ သိပ္ပံပွဲတော် ၂ဝ၂၄ ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
သိပ္ပံပွဲတော်ကို ကျင်းပပေးခြင်းအားဖြင့် အခြေခံပညာအဆင့်အနေဖြင့် သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားလာမည်ဖြစ်သည်။ အဆင့်မြင့်ပညာ ကဏ္ဍအနေဖြင့် ဘွဲ့ကြို ဘွဲ့လွန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ပညာရှင်များ အထိ နျူကလီးယားပညာရပ် အပါအဝင် သိပ္ပံဆိုင်ရာ အသိအမြင်များ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကိုပိုမို စိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများအား လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့် အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယား စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရာ၌ သိပ္ပံပညာသည် အဓိကကျသည့် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းနေသော သိပ္ပံပညာရပ်များ လိုအပ်သည်။ ခေတ်မီတိုးတက်ပြီး အဆင့်မြင့်မားသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ပညာရပ်ဆိုင်ရာများ လေ့လာဆည်းပူးခြင်းတို့တွင် တိုးတက်ဖြစ်ထွန်းနေသည့် သိပ္ပံပညာရပ်များဖြင့် ပေါင်းစပ်ဆောင်ရွက်မှသာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် တိုးတက်မှုများ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုများ ပိုမိုအားကောင်းလာစေရန် အရည်အသွေး ပြည့်မီသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသန နှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic တက္ကသိုလ်ရှစ်ခုကို ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့် အတွက် အရည်အသွေးပြည့်မီသည့် နည်းပညာရှင် လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် သိပ္ပံနှင့်နည်းပညာရပ်များကို မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များ လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်းများ ရရှိလာသဖြင့် လူငယ်လူရွယ်များ ပူးပေါင်းပါဝင်မှုဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကိုကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ လူငယ်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်ကြိုးစား၍ အောင်မြင်လျှင် အောင်မြင်သည့် အတိုင်းအတာအလျောက် နိုင်ငံတော်က အထူးဂုဏ်ပြု ချီးမြှင့်လျက်ရှိပေရာ သိပ္ပံနှင့်နည်းပညာ ကဏ္ဍပိုမိုမြင့်မားရေးတွင်လည်း ကြိုးစားအားထုတ်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။