နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၀
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက် ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်းလှည့်ကင်း ဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မင်္သကာဖွယ်ရာ အမျိုးသားတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်မောင်ဖြစ်ပြီး ၄င်းထံမှဖြတ်တောက် ခိုးယူထားသော မြေအောက်ကေဘယ် မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁)လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာ ရာတွင် အသုံးပြုသော အဝါရောင် လက်ညှစ်ဓား(၂)ချောင်း၊ ဓားဆံဗူး(၁)ဗူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ ကျော်စိုးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။