အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီပြောကြား
မက်ဒရစ် ဩဂုတ် ၁၉
အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီက လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
အက်သလက်တီကိုအသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူမှုများ လုပ်ဆောင်ခဲ့ပြီး မန်စီးတီးအသင်းမှ တိုက်စစ်ကစားသမား အယ်ဗာရက်ဇ်ကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သကဲ့သို့ ဗီလာရီးယဲလ် အသင်းမှ ဆိုလော့နှင့် ဆိုစီဒက်စ်အသင်းမှ နော်မန်း တို့ကိုလည်း ခေါ်ယူနိုင်ခဲ့သည်။
အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီက ''ကျွန်တော်တို့ ဒီဘောလုံးရာသီအတွက် ကစားသမားစာရင်းကို ဒီလောက်နဲ့ မပိတ်သိမ်းသေးပါဘူး။ ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူဖို့လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အသင်း ဘာအလိုရှိနေလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ကစားသမားစာရင်းကို ပိတ်သိမ်းနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူဖို့လည်း ကြိုးပမ်းနေပါတယ်"ဟုပြောသည်။
အက်သလက်တီကိုအသင်းသည်အသင်းမှ ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်ကို လက်ရှိ အပြောင်းအရွှေ့ကာလတွင် ရောင်းချပြီး ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစားသမား ဂယ်လာဟာကို ခေါ်ယူရန်နီးစပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အပြောင်းအရွှေ့ မပြီးမြောက်သေးကြောင်း သိရသည်။