လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပင်လယ်ငါးခြောက် မျိုးစုံပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချ  

 

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပင်လယ်ငါးခြောက် မျိုးစုံပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချ  

 

လပွတ္တာ ဩဂုတ် ၂၀

     ဧရာဝတီတိုင်းဒေသကြီး   လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လ အတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်  ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းဝေ ၏ ပြောပြချက်အရ သိရသည်။

    လပွတ္တာမြို့နယ်၌    ဇွန်လအတွင်း က ငါးခြောက်မျိုးစုံ ပိဿာချိန် ၆၅၀၀၀  သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာကာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန်  ၈၅၀၀၀  အထိ  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊    အဆိုပါ  တင်ပို့ရောင်းချသည့် ငါးခြောက်များသည် ငါးကွမ်းရှပ်  (ငါးညို)  ခြောက်၊  ငါးလိပ် ကျောက်ခြောက်၊     ပင်လယ်ငါးပြေမခြောက်၊   ငါးဖောင်ရိုးခြောက်၊    အာပဲ့ ခြောက်စသည့်   ငါးခြောက်အမျိုးအစားများကို အများဆုံး တင်ပို့ရောင်းချကြောင်း သိရသည်။

''လပွတ္တာမြို့နယ်ကထွက်တဲ့ ပင်လယ် ငါးခြောက်မျိုးစုံကို စနစ်တကျ ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို   အဓိကတင်ပို့ ရောင်းချနေပါတယ်။ ဇူလိုင်လတစ်လတာ ကာလအတွင်းမှာ ငါးခြောက်မျိုးစုံပိဿာ ချိန် ၈၅၀၀၀ အထိရောင်းချခဲ့ရပါတယ်။  ရန်ကုန်ဈေးကွက်က  အဝယ်လိုက်နေလို့    တင်ပို့ရောင်းချ အားကောင်းလာတာပါ။ ငါးခြောက်ဈေးက     ပုံမှန်အခြေအနေ မှာပဲရှိပါတယ်။   လက်ရှိ   ပင်လယ်ငါး ခြောက်တွေက ပြည်တွင်းဈေးကွက်မှာကို အဝယ်လိုက်နေလို့    လပွတ္တာမြို့နယ် ကနေ တင်ပို့အားကောင်းနေတာပါ။ အခုလို  အရောင်းအဝယ် ကောင်းလာတော့ ငါးခြောက်လုပ်ငန်းနဲ့    ဆက်စပ်သူတွေ      အလုပ်အကိုင် အခွင့်အလမ်းကောင်းရရှိ လာပါတယ်"    ဟု   ဒေါ်စန်းဝေက ပြောသည်။  

ထိုကဲ့သို့ တင်ပို့ရောင်းချခဲ့သည့် ပင်လယ်ငါးခြောက်  အမျိုးအစားများမှာ ငါးဖောင် ရိုးခြောက်၊ ငါးကွမ်းရှပ်(ငါးညို) ခြောက်၊ ပင်လယ်ငါးပြေမခြောက်၊ ငါးလိပ်ကျောက် ခြောက်၊  အာပဲ့ခြောက်တို့ဖြစ်ပြီး   အမျိုး အစားအလိုက်      ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။                        

Dates: 
Wednesday, August 21, 2024 - 06:17