ကင်ဆာရောဂါဖြစ်နိုင်ခြေများသည့် လူသိနည်းသောအချက်များ

 

ကင်ဆာရောဂါဖြစ်နိုင်ခြေများသည့် လူသိနည်းသောအချက်များ

 

စီးကရက်သောက်တာ၊ အရက်အလွန်အကျွံသောက်တာ၊ ဓာတ်ရောင်ခြည်ထိတွေ့တာနဲ့ မျိုးရိုးဗီဇတွေကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေများတာကို လူသိများပါတယ်။ လူသိနည်းတဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေလည်း  ရှိနေပါတယ်။   ဒီအကြောင်းတွေ သိထားရင် ကင်ဆာရောဂါဖြစ်နိုင်ခြေကို  လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဖြစ်လာပြီဆိုရင်  နောက်ကျပြီးမှ  ရောဂါရှိကြောင်းသိရှိကြ တာများတယ်။ အစောဆုံးအဆင့်မှာသာသိရှိပြီး ကုသနိုင်ရင် အကောင်းဆုံးပါ။

ကြွက်တွေကို  သုတေသနပြုလုပ်ရာမှာ  သကြားဓာတ်စားသုံးမှုများရင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေများတာ တွေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေလေ့လာခဲ့ရာမှာ    သကြားဓာတ်က  ရောင်ရမ်းမှုတွေကိုဖြစ်စေပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။ သကြားဓာတ်ကို ထိန်းချုပ်စားသုံးမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

အရည်ပူပူတွေကို ပိုက်နဲ့စုပ်သောက်ခြင်းမပြုလုပ်သင့်ပါဘူး။ ကိုယ်ကလက်ဖက်ရည်၊ ကော်ဖီအပူတွေကို  ပိုက်နဲ့စုပ်သောက်တဲ့အကျင့်ရှိရင် လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ပူလောင်နေတဲ့ အရည်တွေကို သောက်တာကြောင့် အစာရေမျိုပြွန်ထိခိုက်စေပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ဖြစ်စေပါတယ်။

ဒါကြောင့်  ပူလောင်နေတဲ့အရည်တွေကို သောက်မယ်ဆိုရင်  ပိုက်နဲ့စုပ်သောက်တာရှောင်ကြဉ်သင့်ပါတယ်။

နေရောင်ခြည်နဲ့ထိတွေ့မှုများရင်လည်း ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းရင်လည်း ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားစေပါတယ်။ နေရောင်ခြည် ထိတွေ့မှု နည်းတဲ့အခါ ဗီတာမင်ဒီထုတ်လုပ်မှု လျော့နည်းစေလို့  အူမကြီးကင်ဆာနဲ့  ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။

လေ့လာမှုတချို့မှာ တွေ့ရတာက ညဘက်အိပ်ရာဝင်ချိန်မှာ တီဗွီကြည့်တာ၊ ဖုန်းနဲ့ကွန်ပျူတာကြည့်တာတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေ များစေ ပါတယ်။ Screen ကနေလာတဲ့အလင်းရောင်က ခန္ဓာကိုယ်မှာ Melatonin ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေလို့ ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေများစေပါတယ်။

အသက်ကြီးလာတဲ့အခါ ကင်ဆာရောဂါဖြစ်နိုင်ခြေ များလာပါတယ်။ အသက် ၆၅ နှစ်အထက်အရွယ်တွေက ကင်ဆာရောဂါဖြစ်နိုင်ခြေ အများဆုံးဖြစ်တယ်။ အသက်ကြီးသူတွေမှာသာ ကင်ဆာရောဂါဖြစ်တာမဟုတ် ပါဘူး။   အသက်ငယ်ရွယ်သူတွေမှာလည်း ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ နေထိုင်မှုပုံစံတွေကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။

ညဆိုင်းအလုပ်လုပ်ခြင်းက   ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။ လေ့လာမှုတွေအရ ညဘက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေက နေ့ဘက်အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်ပွား နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဒါကနေ့အလင်းရောင်လို သဘာ၀ကမဟုတ်တဲ့ အလင်းရောင်တွေနဲ့ ထိတွေ့မှုများတာကြောင့် ဖြစ်ရတယ်လို့  သိပ္ပံပညာရှင်တွေက  မှတ်ချက်ပြုပါတယ်။  သဘာဝမဟုတ်တဲ့ အလင်းရောင်တွေနဲ့ ထိတွေ့ပြီး Melatonin  ထုတ်လုပ်မှုကိုအားနည်းစေပြီး နှလုံးခုန်မမှန်တာကိုလည်း ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေဖြစ်တဲ့အခါ ရောင်ရမ်းတာက ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ရောင်ရမ်းတဲ့ ဖြစ်စဉ်ကနေ   ဓာတုဒြပ်ပေါင်းတွေ ထုတ်ပေးပြီး ထိခိုက်မိတဲ့တစ်သျှူးတွေကို အနာကျက်အောင်  ကူညီပေးပါတယ်။ ဒါပေမဲ့ ပိုးကူးစက်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ နာတာရှည်ရောင်ရမ်းမှုတွေခံစားရတဲ့အခါ ပုံမှန်မဟုတ်တဲ့ ခုခံစွမ်းအားစနစ်က ပုံမှန် တစ်သျှူးတွေကိုထိခိုက်စေပြီး    အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

ရောင်ရမ်းမှုတွေရှည်ကြာလာတဲ့အခါ ဆဲလ်တွေရဲ့ဒီအင်အေကိုပျက်စီးစေပြီး  ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုတွေကြောင့်  ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချဖို့အတွက်  Aspirin   ဒါမှ မဟုတ် Steroid  မဟုတ်တဲ့အကိုက်အခဲပျောက်ဆေးတွေ (NSAIDs) သောက်သုံးနိုင်ပါတယ်။

၂၁ ရာစုမှာ လူတွေရဲ့နေထိုင်မှုစနစ် ပြောင်းလဲလာပါတယ်။ ကိုယ်ကတီဗွီရှေ့၊  ကွန်ပျူတာရှေ့မှာ  တစ်နေကုန်ထိုင်ပြီး  အလုပ်လုပ်နေမယ်ဆိုရင်  ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားစေပါတယ်။ တစ်ရက်ကို နံနက် ၉ နာရီအလုပ်စချိန်ကတည်းက ညနေ ၅ နာရီအထိ မထတမ်းအလုပ် လုပ်နေသူတွေအနေနဲ့  တခြားသူတွေထက်  အဝလွန်နိုင်ခြေပိုများပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်းပိုများပါတယ်။  သွေးလှည့်ပတ်မှုမကောင်း တာကြောင့်  သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေလည်း  ဖြစ်ပွားလာနိုင်ပါတယ်။ ဆဲလ်တွေအတွင်းမှာ အဆိပ်အတောက်တွေ စုမိနေပြီး ဆဲလ်တွေ ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ထိခိုက်စေပါတယ်။

ခုခံအားကိုချိုးနှိမ်ထားတဲ့ဆေးဝါးတွေ   သုံးစွဲရခြင်းကြောင့်လည်း ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစားထိုးထားရသူတွေအနေနဲ့ အစားထိုးထားတဲ့ကိုယ်တွင်းအင်္ဂါကို ခန္ဓာကိုယ်က ဖယ် မထုတ်နိုင်အောင် ခုခံအားကိုချိုးနှိမ်ပေးတဲ့ဆေးဝါးတွေ သောက်သုံးရ ပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုချထားတာကြောင့် ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ဆဲလ်တွေကို မဖျက်ဆီးနိုင်တာကြောင့် သူတို့မှာ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။ ကိုယ်တွင်းအင်္ဂါအစားထိုးထားရသူတွေ အနေနဲ့  သွေးကင်ဆာ၊  အဆုတ်ကင်ဆာ၊  ကျောက်ကပ်နဲ့၊  အသည်းကင်ဆာရောဂါဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။

အမျိုးသမီးတွေရဲ့မဟော်မုန်းဖြစ်တဲ့ အီစတြိုဂျင်ဟော်မုန်းက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေ၊ သွေးဆုံးလက္ခဏာတွေသက်သာစေ ဖို့ အီစတြိုဂျင်ဟော်မုန်းသောက်သုံးတာက ရင်သားကင်ဆာရောဂါဖြစ်ပွား နိုင်ခြေကိုမြင့်မားစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ အဆိုပါဟော်မုန်း တွေကို  အချိန်ကြာကြာနဲ့  ပမာဏများများသောက်သုံးရတာကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်စေနိုင်ပါတယ်။

လိင်ဆက်ဆံရာကနေ Human papillomavirus (HPV) ကူးစက်ခံရရင် အမျိုးသားရော၊ အမျိုးသမီးပါ လိင်အင်္ဂါကြွက်နို့ဖြစ်စေတယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။ ဒါ့ပြင် HPV ကြောင့် ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေလည်း ဖြစ်နိုင်ခြေများ ပါတယ်။  အကောင်းဆုံးက  အမျိုးသမီးတိုင်း သားအိမ်ခေါင်းချွဲကျိမြှေး   စစ်ဆေးကာ HPV ဒါမှမဟုတ် ကင်ဆာရောဂါမရှိရင်  သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ကို တစ်လခြားပြီး ထိုးနှံထားသင့်ပါတယ်။

ဆေးလိပ်နဲ့ကွမ်းယာမှာ  နီကိုတင်းအခြေခံဆေးရွက်ကြီး ပါဝင်တာကြောင့် လူကိုစွဲလမ်းစေတယ်။ ကွမ်းယာမှာပါတဲ့ ထုံး၊ ဆေးရွက်ကြီးတွေကြောင့် ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်ပါတယ်။ ဆေးလိပ်ကို အီး-စီးကရက်နဲ့မဖြတ်သင့်ပါဘူး။ အီး-စီးကရက်မှာ နီကိုတင်းထည့်ထားပြီး လိုချင်တဲ့ရနံ့၊ ဓာတုပစ္စည်းပါဝင်တာကြောင့် ဆေးလိပ်လိုဆိုးရွားစေပါတယ်။ အစာရေမျိုပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ၊  အစာအိမ်ကင်ဆာ၊  အူမကြီးကင်ဆာဖြစ်စေနိုင်လို့ ဆေးလိပ်၊ ကွမ်းယာနဲ့ အီး-စီးကရက်တို့ ဖြတ်သင့်ပါတယ်။ 

အရက်က လူကိုစွဲလမ်းစေပါတယ်။  အရက်ကြောင့် အသည်းအဆီဖုံး ရောဂါ၊ အသည်းရောင်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းမှာ   အမာရွတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ၊  အစာ အိမ်ကင်ဆာတို့ဖြစ်စေနိုင်လို့ အရက်ဖြတ်သင့်ပါတယ်။

လူတိုင်း နေ့စဉ်နာရီဝက်ကနေ တစ်နာရီအားကစားတစ်ခုခု ပြုလုပ် သင့်ပါတယ်။ (ဥပမာ-အပြေး၊  ရွရွပြေး၊ လမ်းလျှောက်၊  စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။) လေ့ကျင့်ခန်းပြုလုပ်ရင် နေ့စဉ်စားသုံးနေတဲ့ ကယ်လိုရီတွေ အဆီအဖြစ်မစုဝေးစေဘဲ ချွေးအဖြစ်စွန့်ထုတ်ပစ်လို့ အ၀လွန်ခြင်းကင်းဝေးနိုင်ပါတယ်။        ။

ဒေါက်တာလွင်သန့်