ခိုင်းနွားမွေးမြူရေးအကြောင်းတစေ့တစောင်း

 

ခိုင်းနွားမွေးမြူရေးအကြောင်းတစေ့တစောင်း

မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အရေအတွက်ဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။  အခုလိုမျိုးစက်မှုလယ်ယာခေတ်သို့မရောက်မီက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာကျွဲ၊  နွားတွေနဲ့ပဲ  ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခဲ့ကြရတာဖြစ်ပါတယ်။ ကျွဲတွေ၊ နွားတွေဟာလယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ကျေးဇူးရှင်တွေဖြစ်သလို ထမင်းစားနေ သူတိုင်းအတွက်လည်း ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။    ဒါ့ကြောင့်လည်းမြန်မာနိုင်ငံ ကိုလိုနီခေတ်မှာ လယ်တီဆရာတော်ကြီးရဲ့  အမဲသားမစားရေးတရားတွေဟောကြားပြီး ကျွဲ၊ နွားတွေကိုတန်ဖိုးထားခဲ့ပါတယ်။  ဆရာတော်ကြီးရဲ့ နွားမေတ္တာစာဟာ ဖတ်ရသူတိုင်းက ကျွဲ၊ နွားတွေအပေါ်သနားစိတ်ဝင်ခဲ့ကြပါတယ်။  တောရွာဓလေ့အရ  ကျွဲ၊  နွားတွေကို  တန်ဖိုးထားခဲ့ကြပါတယ်။

အခုစာရေးသူရေးပြချင်တာက ခိုင်းနွားမွေးမြူရေးအကြောင်းပါ။ ကျွန်တော်တို့အတွက် လှည်းမောင်းတဲ့ နေရာတွေမှာ၊  လယ်ယာစိုက်ပျိုးတဲ့နေရာတွေမှာ သုံးနေတဲ့ ခိုင်းနွားတွေကို မွေးမြူပြုစုပျိုးထောင်ဖို့အတွက် သိသင့်တာလေးတွေပြောပြချင်တာပါ။ ခိုင်းနွားမွေးမြူမယ်ဆိုရင် မျိုးကောင်းမျိုးသန့်ရှာဖွေမွေးမြူပါ။

အာဟာရညီညွတ်မျှတစွာ ပါဝင်တဲ့အစားအစာတွေကို လုံလောက်စွာ ကျွေးမွေးပါ။ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းတွေ စနစ်တကျဆောင်ရွက်ပါ။ ခိုင်မာတဲ့ဈေးကွက်ရှိပါစေ။ ဒါတွေက ခိုင်းနွားမွေးမြူရေးလုပ်ငန်းအောင်မြင်ဖို့ လုပ်ဆောင်ရမယ့် အချက်အနှစ်ချုပ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  လက်မှုလယ်ယာကနေစက်မှုလယ်ယာကို ကူးပြောင်းလာတဲ့အခါ ကျွဲ၊ နွားအသုံးပြုမှု လျော့နည်းလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့  ကျွဲ၊ နွားဈေးကွက်ကတော့ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကျေးရွာတွေ   တစ်ပတ်တစ်ကြိမ် နွားရောင်းပွဲရှိပါတယ်။ နွားဈေးကွက်ထဲမှာ   ဝယ်သူတွေကြိုက်တဲ့နွားက အရောင်းသွက်လှပါတယ်။ ဒါ့ကြောင့် နွားမွေးမြူရေးလုပ်ငန်းတွေဟာ ရှိနေဦးမှာ ဖြစ်ပါတယ်။ ခိုင်းနွားမွေးမြူဖို့အတွက်  နည်းလမ်းသုံးသွယ်ရှိပါတယ်။လွှတ်ကျောင်းတဲ့စနစ်၊ ခြံလှောင်တဲ့စနစ်၊ လွှတ်ကျောင်းနဲ့ ခြံလှောင်ပူးတွဲမွေးမြူတဲ့စနစ်တွေဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လွှတ်ကျောင်းနဲ့ ခြံလှောင်စနစ် နှစ်မျိုးလုံးပူးတွဲကျင့်သုံးမွေးမြူတဲ့နည်း ဖြစ်မယ်လို့ ထင်ပါတယ်။

ခိုင်းနွားတ ွေမွေးမြူတော့မယ်ဆိုရင်တော့ မြေနေရာရွေးချယ်မှုကလည်းအဓိကကျလှပါတယ်။  ဘယ်လိုမြေနေရာတွေ ရွေးချယ်သင့်သလဲဆိုရင်   ရေဝပ်ရေကြီးခြင်း မရှိနိုင်တဲ့နေရာ ရွေးချယ်ပါ။  မိုးရေနဲ့ အညစ်အကြေး စီးဆင်းမှု   လွယ်ကူစေဖို့ဆိုရင် ကုန်းမြင့်တဲ့နေရာကိုရွေးချယ်ပါ။ နွားကောင်ရေများများ မွေးမြူမယ်ဆိုရင်တော့ လူနေအိမ်တွေနဲ့ သီးခြားဖြစ်တဲ့နေရာကို ရွေးချယ်ပါ။ ဒါတွေဟာမြေနေရာရွေးချယ် ဖို့အသင့်လျော်ဆုံးနေရာတွေပါပဲ။ လူနေအိမ်နဲ့သီးခြားဖြစ်တဲ့နေရာမျိုးက လူတွေအတွက် ကျန်းမာရေးဆိုင်ရာ အနံ့အသက်မဖြစ်တော့သလို နွားတွေအတွက်လည်း ဆိတ်ငြိမ်တဲ့နေရာမို့ ရွေးသင့်တဲ့နေရာလို့ ပြောနိုင်ပါတယ်။

မြေနေရာရွေးချယ်ပြီးရင် နွားမွေးမြူရေးမှာ အဓိကအချက်တစ်ချက်ဖြစ်တဲ့ အဆောက်အအုံကိစ္စဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ နွားမွေးမြူရေးနည်းလမ်းသုံးသွယ်ထဲက     ဘယ်နည်းလမ်းကိုပဲသုံးသုံး အဆောက်အအုံကို  ဆောက်လုပ်ပေးရမှာဖြစ်ပါတယ်။

နွားတစ်ကောင်အတွက်  အလျား  ၇ ပေ၊ အနံ ၄ ပေ၊ အမြင့် ၈ ပေ အကျယ်အဝန်းထားရှိရပါမယ်။ နွားအကောင်ရေများပါက မျက်နှာချင်းဆိုင် ဒါမှမဟုတ်ဖင်ချင်းဆိုင်ထားရပါမယ်။ အလယ်မှာလူသွားရန်အတွက် ၃ ပေခန့် အကျယ်လမ်းထားရှိရပါမယ်။

နွားအဆောက်အအုံ(နွားခြံ)ဟာ နံနက်ခင်းနေရောင်ရရှိဖို့နဲ့ မွန်းလွဲနေမကျစေဖို့ ဆောင်ရွက်ပေးထားရပါမယ်။  နံနက်ခင်းနေရောင်ဟာ သက်ရှိသတ္တဝါတွေအတွက်   ကျန်းမာရေးကောင်းမွန်စေတဲ့အတွက် နေရောင်ရဖို့ကို ကြိုတင်တွေးမြင်ပြီး တည်ဆောက်ရပါမယ်။ မွန်းလွဲနေဟာအလွန်ပဲပူပြင်းလွန်းတဲ့အတွက် မွန်းလွဲနေမထိုးစေဖို့ အတွက်ကိုလည်း လူတွေက စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာအပူဒဏ်ကို ကာကွယ်ဖို့ကတော့ သွပ်ပြားတွေမလိုအပ်ပါဘူး။

ကျေးရွာတွေမှာရနိုင်တဲ့ သက်ငယ်တွေကို အသုံးပြုရပါမယ်။ အဆောက်အအုံရဲ့ ကြမ်းပြင်ဟာ ချောမွေ့ပြီး အမြဲသန့်ရှင်းနေဖို့ လိုပါတယ်။   အဓိက အကျဆုံးအချက်ကတော့   လေကောင်းလေသန့်ရရှိဖို့ပါပဲ။ လေကောင်းလေသန့်ဟာ လူတွေအတွက်သာမကဘဲ တိရစ္ဆာန်တွေမှာလည်း လိုအပ်လှပါတယ်။ ဒါ့ကြောင့် လေကောင်းလေသန့်ရဖို့ကိုလည်း လူတွေကပဲဖန်တီးပေးရမှာပါ။

ခိုင်းနွားမွေးမြူရေး အကြောင်းမို့ ခိုင်းနွားဆိုတာ အဓိကအားဖြင့်တော့ နွားထီးတွေမွေးကြတာများ ပါတယ်။ ခိုင်းနွားအထီးတစ်ကောင်အတွက် ဆန်ဖွဲနု ၅၅ ကျပ်သား၊ နှမ်းဖတ် သို့မဟုတ် ပဲဖတ် ၅၅ ကျပ်သား၊ အလုပ်များတဲ့ ရာသီမှာတော့ အစာကြမ်းအခြောက်ငါးပိဿာအထိကျွေးမွေးရပါမယ်။ နွားစာအစိမ်းနဲ့ နွားစာအစိုဖြစ်ပါက  လေးဆခန့်ကျွေးရမှာဖြစ်လို့ ငါးပိဿာအစား ပိဿာ ၂၀ ကျွေးရပါမယ်။ အစာကို တစ်နေ့ကို နှစ်ကြိမ်ကျွေးရပါမယ်။ ခိုင်းနွားတွေကို အလုပ်ခိုင်းပြီး  တစ်နေ့ဖွဲနုတစ်ပြည်စီ ကျွေးပါက ကိုယ်အလေးချိန် လျော့နည်းခြင်းမျိုး မဖြစ်တော့ပါဘူး။ အလုပ်နည်းပါးတဲ့ရာသီမှာတော့ နွားတွေကိုလွှတ်ကျောင်းချိန်ရတဲ့အတွက်  မြေပဲဖတ်   သို့မဟုတ် နှမ်းဖတ် ၂၇ ဒသမ ၅ ကျပ်သား၊  ကောက်ရိုး၊ ပြောင်းရိုးနဲ့နွားစာခြောက် ၃ ဒသမ ၃ ပိဿာတို့ကို အစာလျှော့ကျွေးလို့ရပါတယ်။ ဖွဲနုကျွေးဖို့မလိုပါဘူး။ နွားတွေကိုအစာကျွေးတဲ့အခါမှာ  နှမ်းဖတ် ၂၅ ကျပ်သား၊ မြက်ခြောက်၊ ကောက်ရိုး၊ ပဲမှော်လေးပိဿာတို့နဲ့အတူ ဆားတစ်ပိဿာ ရောနှောကျွေးမွေးရပါမယ်။ ဒါတွေကတော့ နွားထီးတွေအတွက် တစ်နေ့တာအစာကိစ္စဖြစ်ပါတယ်။

အခုဆက်လက်တင်ပြချင်တာက နွားမကြီးတွေအတွက် ဖြစ်ပါတယ်။ နွားမကြီးစာအတွက် နှမ်းဖတ် ၂၅ ရာခိုင်နှုန်း (တစ်နေ့နို့လေးပိဿာပေးတဲ့နွားမအတွက်)၊ ဖွဲနု ၂၅ ရာခိုင်နှုန်း(အစာသုံးပိဿာနှုန်းကျွေးရန်)၊ ဆန်ကွဲ ၂၃  ရာခိုင်နှုန်း၊  ပဲခွံ ၁၇ ရာခိုင်နှုန်း(စပ်စာမှာဆား သုည ဒသမ ၅ မှ ၁ ရာခိုင်နှုန်းအထိ ထည့်ကျွေးရန်)၊ ပဲဖွဲ(ပဲမှုန့်) ၁၀ ရာခိုင်နှုန်း၊ အစာကြမ်းကို တစ်နေ့ ၁၁ ဒသမ ၁၆ ပိဿာခန့်ကျွေးမွေးရန်နဲ့ ရေအလုံအလောက်ထားရှိပေးရန်ဖြစ်ပါတယ်။

ဒါတွေကတော့ နွားထီးနဲ့ နွားမကြီးတွေအတွက် အစားအစာကျွေးမွေးဖို့ပဲဖြစ်ပါတယ်။   နွားမကြီးတွေဆိုတာ နွားကလေးတွေမွေးဖွားလာဖို့အတွက် အရင်းခံဖြစ်တာကြောင့် မျိုးပွားနေဖို့လည်းလိုအပ်ပါတယ်။  မျိုးပွားဖို့အတွက်ကတော့ သဘာဝသားစပ်နည်းနဲ့လုပ်ဆောင် လို့ရသလို မေထုန်မဲ့နည်းနဲ့လည်း မျိုးစပ်နိုင်ပါတယ်။

နွားမတမ်းမတွေ ၁၅ လနဲ့ ၁၈ လအရွယ်ရောက်ချိန်ဟာ သားစပ်ဖို့အသင့်လျော်ဆုံးအရွယ်ဖြစ်ပါတယ်။ နွားငယ်လေးတွေဟာအသက် ၆ လနဲ့ ၈ လကြားမှာ မိခင်နွားမကြီးကနေ နို့ပြတ်ပါတယ်။ နွားထီးငယ်လေး တွေကို ခိုင်းနွားလုပ်ဖို့အတွက် များသောအားဖြင့် သင်းကွပ်လေ့ရှိပါတယ်။ နွားထီးလေးအသက် ၄  ပတ်မှ ၁၂ ပတ်အတွင်းလုပ်ဆောင်ရပါမယ်။ နွားမတစ်ကောင်၏   ကိုယ်ဝန်လွယ်ထားတဲ့ကာလဟာရက်ပေါင်း ၂၈၀ မှ ၂၈၅ ရက်အတွင်းဖြစ်ပါတယ်။ နွားမတွေကို  နောက်တစ်ကြိမ်သားစပ်ဖို့ကတော့ ရက်ပေါင်း ၆၀  ခန့်အကြာဖြစ်ပါတယ်။ လူတွေအနေနဲ့ သတိပြုသင့်တဲ့အချက်ကတော့ နွားမကြီးတွေ သားပေါက်ဖို့ရက်ပေါင်း  ၆၀  ရောက်နေပြီဆိုရင် နွားမအား နို့မညှစ်သင့်တော့ပါဘူး။

တိရစ္ဆာန်ဆိုတာ  လူတွေက ဂရုစိုက်မှုကောင်းလေလေ အောင်မြင်ဖြစ်ထွန်းမှု များလေလေဖြစ်ပါ တယ်။ လူတွေရဲ့ဂရုတစိုက်ရှိမှုဟာ အများကြီးလိုအပ်ပါတယ်။ နွားမတွေသားမွေးဖို့ တစ်ပတ်အလိုခန့်ကစပြီး  သန့်ရှင်းခြောက်သွေ့တဲ့အခန်းမှာ သီးခြားထားရပါမယ်။ အစာနုကိုလျှော့ကျွေးရပါမယ်။ မွေးဖွားခါနီး နွားမတွေမှာ အစာစားလိုစိတ်နည်းသွားခြင်း၊ လှဲလိုက်၊ ထိလိုက်ဂနာမငြိမ်ဖြစ်ခြင်း၊ အချွဲများကျဆင်းခြင်း၊  နို့အုံတွင် နို့များပြည့်လာခြင်း၊   တင်းလာခြင်း၊ မကြာခဏအော်ခြင်း၊ ညှစ်ခြင်းစတဲ့လက္ခဏာတွေ တွေ့မြင်ရပါမယ်။ ဒါဟာနွားတွေရဲ့ သဘောသဘာဝပါပဲ။

နွားကလေးမွေးလာပြီဆိုရင်လည်း လူတွေရဲ့ပြုစုစောင့်ရှောက်မှုဟာ  ကောင်းမွန်နေရပါမယ်။  နွား ငယ်လေးရဲ့ပါးစပ်၊  နှာခေါင်းတို့မှာရှိတဲ့အချွဲတွေ ဖယ်ရှားပေးရပါမယ်။   အသက်မရှူနိုင်ဘူးဆိုရင် ပါးစပ်အတွင်းကို   လေမှုတ်သွင်းပေးရပါမယ်။ ချက်ကြိုးအလွန်ရှည်နေရင် အရက်ပြန်စိမ်ထားတဲ့ကြိုးနဲ့ ချက်ကြိုးအရင်းမှ  သုံးလက်မခန့်ခွာပြီး ချည်ပြီးဖြတ်ပေးရပါမယ်။  ပြီးရင် တင်ချာ၊ အိုင်အိုဒင်းသုတ်ပေးရပါမယ်။ အကယ်၍ နွားမဟာ ရေမြွှာပေါက်ပြီး သားမမွေးနိုင်ဘူးဖြစ်နေရင်၊ သားမွေးပြီး ၂၄ နာရီကျော်တဲ့အထိ အချင်းမကျသေးဘူးဆိုရင် ဘာလုပ်ကြမလဲ။ ဘာမှထွေထွေထူးထူးမလုပ်လိုက်ပါနဲ့။  တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့  အကူအညီတောင်းခံလိုက်ပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတာ နိုင်ငံတော်အစိုးရက စနစ်တကျ လေ့ကျင့်သင်ကြားပေးထားပြီး တိရစ္ဆာန်နဲ့ပတ်သက်ရင် နားလည်တတ်ကျွမ်းသူတွေ ဖြစ်ပါတယ်။

နွားငယ်လေးတွေ လောကထဲရောက်လာပါပြီ။ မွေးမြူသူတွေအနေနဲ့ ဘယ်လိုမွေးမြူစောင့်ရှောက် ကြမလဲ။  ဒါလည်း လိုအပ်ချက်တွေပါပဲ။  ဒီအတိုင်းပစ်စလက်ခတ်မွေးမြူလို့မရပါဘူး။ နွားလေးမွေးပြီး ၇၂ နာရီအတွင်း နို့ဦးရည်ကို သောက်စေပါမယ်။

နွားကလေးရဲ့ ကိုယ်အလေးချိန်  ၁၀  ပိဿာမှာ နို့တစ်ပိဿာနှုန်းတိုက်ကျွေးရပါမယ်။ အသက်နှစ်လကျော်တဲ့ အခါမှာတော့ ဖွဲနု ၃၄ ရာခိုင်နှုန်း၊ နှမ်းဖတ်၊ ပဲဖတ်မှုန့် ၃၀ ရာခိုင်နှုန်း၊ ဆန်ကွဲ  သို့မဟုတ် ပြောင်းမှုန့် ၃၀ ရာခိုင်နှုန်း၊  ၁ ရာခိုင်နှုန်း၊ ခရုမှုန့် ၅ ရာခိုင်နှုန်း၊ အစာနုစပ်၍ နံနက် ၂၅ ကျပ်သား၊  ည ၂၅ ကျပ်သားကျွေးမွေးပေးရပါမယ်။ အဲဒီအချိန်မှာ နို့တစ်ဝက်လျှော့တိုက်လို့ရပါပြီ။ နွားငယ်တွေကို တစ်နေ့ကို မြက်စိမ်း ၂၅ ကျပ်သားခန့်ကျွေးမွေးနိုင်ပါပြီ။ ဒါတွေကတော့ နွားငယ်လေးတွေကို မွေးမြူစောင့်ရှောက်ဖို့အတွက် အချက်အလက်တွေဖြစ်ပါတယ်။

ဒါတွေကတော့  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  ဖြန့်ဝေပေးထားတဲ့  ခိုင်းနွားမွေးမြူရေးအကြောင်းကို မြေပြင်မှာလက်တွေ့လုပ်ဆောင်နေသူတွေအတွက် မသိသေးသူတွေ သိရှိစေဖို့၊ သိပြီးသားသူတွေအတွက် ပိုမိုမှတ်မိစေဖို့ ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။  တောင်သူ လယ်သမားဦးကြီးများနဲ့ ခိုင်းနွားမွေးမြူသူတွေ အားလုံးလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ကြပါစေလို့   ဆုတောင်းပေးလိုက်ပါတယ်။    ။

အာကာမောင်မောင်