မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း ပြန်လည်ဖွဲ့စည်းရန် ပဏာမကစားသမားစာရင်းတင်ပြထား

ရန်ကုန်၊ ဘောလုံး

၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသား ဘောလုံးအသင်း ပြန်လည်ဖွဲ့စည်းရန်ပဏာမ ကစားသမားစာရင်းကို နည်းပြချုပ် ပိုပေါ့က တင်ပြထား ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် မူလက ယခုနှစ်ကုန်ပိုင်းတွင် လေ့ကျင့်မှုစတင်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် လာမည့်နှစ်ဆန်းပိုင်းမှသာ လေ့ကျင့်ပြင်ဆင်နိုင်ဖွယ်ရှိသည်။

“ဆီးဂိမ်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအတွက်  မြန်မာ ယူ -၂၂ အသင်းကို ပြန်လည်ဖွဲ့စည်းဖို့ရှိပါတယ်။ ယူ-၂၂ အသင်းအတွက် ကစားသမားရွေးချယ်မှုကိုတော့ နည်းပြချုပ်ပိုပေါ့က စိတ်ကြိုက်ရွေးချယ်မှာပါ။ ပိုပေါ့က လည်း လက်ရှိမှာ ယူ-၂၂ အသင်းအတွက် ပဏာမကစားသမားစာရင်းကို MFF ထံ တင်ပြထားပါတယ်။  မနှစ်က ဆီးဂိမ်းမှာ အသက်မီတဲ့ ကစားသမားအများစုနဲ့ အခြေခံထားတယ်။

ကျန်တာကို နည်းပြချုပ်က မြန်မာနေရှင်နယ်လိဂ်ပွဲတွေ သူကိုယ်တိုင်လိုက်ကြည့်ခဲ့ပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ဖို့ စီစဉ်ထားပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ယူ-၂၂ အသင်းကို လည်း အမြန်ဆုံးဖွဲ့စည်းပြီး လေ့ကျင့်မှုလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု MFF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်ပိုပေါ့က ဆက်လက်တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး  လာမည့်နှစ်တွင်  အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းတွင် ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။               

ကိုရဲ