ဘာစီလိုနာအသင်းမှ ဂန်ဒိုဂမ်က  ဂျာမနီအသင်း ကစားသမားဘ၀မှ အနားယူကြောင်း ကြေညာပြီး အသင်းဟောင်းမန်စီးတီး အသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေ

 

ဘာစီလိုနာအသင်းမှ ဂန်ဒိုဂမ်က  ဂျာမနီအသင်း ကစားသမားဘ၀မှ အနားယူကြောင်း ကြေညာပြီး အသင်းဟောင်းမန်စီးတီး အသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေ

 

ဘာစီလိုနာ ဩဂုတ် ၂၀

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂမ်က ဂျာမနီလက်ရွေးစင်အသင်း ကစားသမားဘဝ မှ အနားယူကြောင်း အတည်ပြုကြေညာပြီး ဘာစီ လိုနာအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲပြီးလျှင် အသင်းဟောင်း မန်စီးတီး အသင်းသို့ ပြန်လည်ပြောင်း ရွှေ့ကစားရန် နီးစပ်လျက် ရှိကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ဂန်ဒိုဂမ်သည် ၂၀၁၁ ခုနှစ် က ဂျာမနီအသင်းနှင့် အတူ နိုင်ငံတကာပြိုင်ပွဲများတွင် စတင်ပါ၀င်ကစားပြီးနောက် ဇူလိုင်လက ဂျာမနီ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့် နောက်ဆုံးပါဝင်ကစား ပြီးနောက် ဂျာမနီအသင်း ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂန်ဒိုဂမ်သည် ဂျာမနီအသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲစုံ ၈၂ ပွဲပါဝင်ကစားပြီး ၁၉ ဂိုးသွင်းယူနိုင်ကာ အသင်းနှင့်အတူ  ၂၀၁၄  ခုနှစ်က  ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

ဂန်ဒိုဂမ်သည် ၂၀၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက  မန်စီးတီး အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဘာစီလိုနာ အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး   အသင်းနှင့်အတူ   ပြီးခဲ့သည့် ဘောလုံးရာသီက ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ပါဝင်ကစား ခွင့် ရရှိခဲ့သူဖြစ်သည်။

ဂန်ဒိုဂမ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီ လိုနာအသင်း၌  အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် နည်းပြ ဟန်ဆီဖလစ်လက်အောက်၌    ပွဲထွက်ခွင့် မရရှိနိုင်သည့်အခြေအနေများကြောင့် အသင်းပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ပြီး  ဘာစီလိုနာအသင်းကလည်း  လက်ရှိ အသင်းဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ဂန်ဒိုဂမ်ကို စာချုပ်ဖျက်သိမ်းကာ အသင်းမှထုတ်ပယ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက လက်ရှိတွင် ဂန်ဒိုဂမ်ကို အသင်းကစားသမားစာရင်းမှ ထုတ်ပယ်ထားပြီး ဂန်ဒို ဂမ်ကလည်း အသင်းနှင့်စာချုပ် ဖျက်သိမ်းပြီး မန်စီး တီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်လျက်ရှိကြောင်း သိရသည်။                           

Dates: 
Wednesday, August 21, 2024 - 09:58