မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ISPE အသင်း နိုင်ပွဲရရှိခဲ့ပြီး သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ISPE အသင်း နိုင်ပွဲရရှိခဲ့ပြီး သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ် 

 

ရန်ကုန်    ဩဂုတ်    ၂၀

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်   မြန်မာနေရှင်နယ်လိဂ် ကော်မတီက   ကြီးမှူး ကျင်းပလျက်ရှိနေသည့် မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၄) ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌  ဆက်လက်ကျင်းပခဲ့ရာ ISPE  အသင်းနိုင်ပွဲရရှိခဲ့ပြီး သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၄) အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ISPE အသင်းနှင့် YREO  အသင်းတို့ကစားခဲ့ရာ ISPE အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ISPE အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန် ၄ မိနစ်တွင် လင်းမြင့်မိုရ်က လည်းကောင်း၊ ပွဲချိန် ၆၁ မိနစ်နှင့် ၈၁ မိနစ်တွင် ဟေမာန်စိုးကလည်းကောင်း၊ ပွဲချိန် ၇၉ မိနစ်တွင် ဆုပြည့်ပြည့်ကျော်က လည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ISPE အသင်းမှ ဟေမာန်စိုးက ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ISPE အသင်းသည် အနိုင်ရရှိခဲ့သည့်အတွက် ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဒုတိယအကျော့ ချန်ပီယံအဖြစ်ပါ ရပ်တည်နိုင်ခဲ့သည်။

အလားတူ ညနေ ၃နာရီခွဲတွင် YUSC အားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ကစားခဲ့ရာ ၂  ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၁ မိနစ်တွင် ဝင်းစန္ဒာနှင့် ပွဲချိန် မိနစ် ၉၀ တွင် နန်းဖြူဖြူထွေးတို့က သွင်းယူပေးနိုင်ခဲ့ပြီး  သစ္စာအားမာန် အသင်းအတွက်  သွင်းဂိုးများကို ပွဲချိန် ၅၂ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ အေးမြတ်ခိုင်က  ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး ပွဲချိန် ၈၅ မိနစ်တွင်ဖူးပွင့်ခိုင်က သွင်းယူပေးနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက် အသင်း ကွင်းလယ်ကစားသမား မေစပယ်ဖူးက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Dates: 
Wednesday, August 21, 2024 - 14:49