မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
သူရဲကောင်းမကြီး အမေ
၁၉၆၄-၁၉၆၅ ခုနှစ်မှာတော့ ကျွန်တော်တို့မိသားစု သားကြီးဩရသ ကျွန်တော့် ပညာရေးခရီးလမ်း ဖြောင့်ဖြူးရေးအတွက် ဝေးလံသီခေါင်လွန်းသော ကျွန်းစဉ်နယ်တောအရပ်မှ ခရိုင်မြို့ကြီး ကျောက်ဖြူသို့ ပြောင်းရွှေ့ခဲ့ကြချေပြီ။ အဖေသည် ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက် ကမ်းနားလမ်းမှာပဲ သစ်သားအိမ်လေး တစ်လုံးငှားပြီး မိသားစုကို အခြေချစေခဲ့ သည်။ ကိုယ်တိုင်ကတော့ ကုန်တင်လှေ ကြီးတစ်စင်းဖြင့် ရခိုင်မြောက်ပိုင်းဘက် ကုန်ကူး ထွက်ခဲ့လေပြီ။
ကျောက်ဖြူမြို့ကိုရောက်တော့ တောသူအရိုင်း သက်သက်အမေ လွန်စွာသနားဖို့ ကောင်းသည်။ မြို့သူတွေလို စကားကို ပီပီသသမပြောတတ်။ ဈေးသွားဝယ်လို့ အဆင်မပြေ။ စက်ဘီး၊ ဆိုက်ကားတွေ့လျှင် ကြောက်သည်။ သူ့ကို တိုက်သွားမည်ဟုပဲ ထင်နေတတ်သည်။ စက်ဘီး၊ ဆိုက်ကား တွေလာတာတွေ့လျှင် လမ်းဘေးသို့ ဆင်း ပြေးသည်။ ကျွန်တော်က အခြေအနေကို ရှင်းပြပြီး နောက်တော့ အမေဈေးသွား တတ်လာသည်၊ ဈေးဝယ်တတ်လာသည်။
အဖေအပ်ထားခဲ့သော ဈေးဖိုးလေးနဲ့ မနက်စာဟင်း၊ ညနေစာဟင်း အမေမျှဝေပြီး သုံးတတ်လာသည်။
အမေသည် စာပေဟူ၍ တစ်လုံးတစ်ပါဒမျှ မတတ်။ အမေတို့ကျောင်းနေအရွယ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစက မြေပုံ မြို့နယ် ကျွန်းစဉ်နယ်တွင် အမေ၏မွေးရပ် ရွာ သရက်တောင်ရွာတစ်ရွာသာ အစိုးရ ကျောင်းဖွင့်ခွင့်ရသည်။ အစိုးရကျောင်း ဆရာတစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ သို့သော် သရက်တောင်ရွာသား တို့မှာ အစိုးရစာသင်ကျောင်းမှာ ကျောင်း ထားရမှန်းမသိကြ။ ဘုန်းတော်ကြီးကျောင်းမှာပဲ ယောက်ျားလေးများကို ဆက်ထားကြသည်။ အနည်းအကျဉ်းသော ယောက်ျားလေး များနှင့် တစ်ဆယ်မပြည့်လောက်သော မိန်းကလေးများသာ ကျောင်းနေကြသည်။
ကျွန်တော့်အမေမှာတော့ ကျောင်းနေ အရွယ်ရောက်သော်လည်း ကျောင်းမနေ ဖြစ်ခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် အဘိုး၊ အဘွား(အမေ၏အဖေနှင့်အမေ)တို့မှာ လယ်သမား စစ်စစ်ကြီးများဖြစ်ကြသည်။ သို့ဖြစ်၍ မိုးဦးကျလျှင် လယ်ဝင်ရ သည်။ လယ်သမား သားသမီးများမှာ ကျောင်းတက်ဖို့ အခြေအနေမပေးကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်းစဉ်နယ်သားတို့ လယ်ယာမြေများမှာ ဒီရေရောက် တောကြီးများကို လယ်ကောက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ်ဆယ်ဖို့ထားကြသော လယ်မြေများပင်ဖြစ်ကြသည်။ လယ်ကွင်း များသည် ရပ်နဲ့ကွာသည်၊ ရွာနဲ့လှမ်းသည်။ ရွာကနေ တစ်နေကုန်လှော်ခတ်ပြီး သွားရ သည်။ ဤသို့ လယ်ထဲဝင်သည်ဟုဆိုလျှင် တစ်ရွာပြောင်းသလို လယ်ဝင်ကြရသည်။ သို့ဖြစ်၍ ကျောင်းနေအရွယ်ကလေး အများစုမှာ မိဘများနှင့်အတူ လယ်ထဲဝင်သွားကြရ၍ စာသင်ကျောင်းနဲ့ ဝေးကြရသည်။ ဤအထဲတွင် ကျွန်တော့်အမေလည်း ပါဝင်သည်။ အမေ့မှာ လယ်သမားမိဘနှစ်ပါးက မွေးဖွားလာသူဖြစ်၍ ကျောင်းမနေခဲ့ရပါ။
ကျွန်တော့်အမေ စာတစ်လုံးတစ်ပါဒမျှ မတတ်သော်လည်း ဘဝပေး အခြေအနေတစ်နည်းအားဖြင့် သား ကျွန်တော့်ကို ချစ်သော မိဘမေတ္တာဖြင့် ငွေကြေး ချမ်းသာတာလည်း မဟုတ်ဘဲနဲ့ သားသမီး တစ်ပြုံတစ်မကို လက်ဆွဲပြီး မြို့ပြရင်ခွင်သို့ တက်လှမ်းလာခဲ့ချေပြီ။ သားပညာ တတ်ရေးအတွက် အမေသတ္တိမွေးခဲ့သည်။ အင်အားတွေဖြည့်ဆည်းခဲ့သည်။ သတ္တိခဲမကြီး အမေ။ အာဂ အမေပေတည်း။
ကျွန်တော်တို့မိသားစု ကျောက်ဖြူမြို့သို့ ပြောင်းလာကြခြင်းမှာ ကျွန်တော် ကျောင်းတက်ဖို့အတွက် ကျောင်းဖွင့်ရာသီ မိုးဦးကျမှာ ရောက်လာခဲ့ကြသည်။ သည်တော့ ကျွန်တော့်ကို ကျောင်းအပ်ခဲ့ရသလို ကျွန်တော့်ညီလေးနှစ်ယောက်ကိုပါ ကျောင်းအပ်ခဲ့ရသည်။ ညီမလေးကိုတော့ ရွာမှာနေတုန်းကပင် မူလတန်းအောက်ဆင့်လေးနဲ့ ကျောင်းထုတ်ပြီး သားသမီးများသည့် အမေ့အိမ်မှုလုပ်ငန်းမှာ ကူညီစေခဲ့သည်။ သို့ဖြစ်၍ မြို့ရောက်လာတော့လည်း ညီမလေးက အမေ့အိမ်မှုလုပ်ငန်းတွေမှာ ကူဖော်လောင်ဖက်ပဲဖြစ်နေခဲ့သည်။
မိုးရာသီတစ်ဝက်တိုင်ခဲ့ပေပြီ။ အဖေ အိမ်ပြန်မရောက်သေး။ ''မင်းတို့သွားနှင့်ကြ၊ ငါအလွန်ဆုံးကြာရင် တစ်လပဲ" အဖေ မသွားမီ အမေ့ကိုမှာခဲ့သည့်စကား။ ခု သုံးလရှိပြီ။ အဖေမရောက်သည်မှာ စဉ်းစားစရာဖြစ်နေသည်။ အမေ့မှာ အဖေ့သတင်းကို မည်သို့စုံစမ်းရမှန်းမသိ။ အမေ့အတွက် ရင်တွင်းဝေဒနာက ရင့်သန်လာခဲ့သည်။ နိစ္စဓူဝ မိသားစုစားဝတ်နေရေး ပြဿနာ အမေ ခါးစည်းခံနေရသည်။ အဖေရှိလျှင်တော့ အမေသည် ဒုတိယလူပါပဲ။ ခုတော့ အဖေ့တာဝန်ရော အမေ့တာဝန်ပါ အမေ့ခေါင်းပေါ်ပုံကျနေသည်။ တတိတိနဲ့ တိုက်စားနေသော အမေ့ဝေဒနာကို ကျွန်တော်သိသည်။ ကျွန်တော့်မှာ တစ်ခါတစ်ခါ ကျောင်းမှထွက်ပစ်ချင်သည်။ အမေဘယ်လိုမှ လက်ခံမည်မဟုတ်၍သာ နှုတ်ဆိတ်နေရခြင်းဖြစ်သည်။ ကျွန်တော်တို့မိသားစုမှာ ရောက်စတုန်းက ငါးကလေးဟင်း၊ ငါးစင်ရိုင်း၊ ငါးဝမ်းပူလို အခြေခံ လူတန်းစားတို့၏ အမာခံဟင်းမျိုးဖြင့် ထမင်းဝိုင်းကို ပွဲထုတ်ခဲ့သည်။ သုံးလ အကြာမှာတော့ ပုစွန်ဆိတ်ကလေးနှင့် အရောရောချက်ထားသည့် ငါးကလေး ဟင်းက နေရာယူလာသည်။ ခုတော့ ပုစွန်ဆိတ်ကလေး တစ်ရက်၊ ကန်စွန်းချဉ်ပေါင်တစ်ရက် အလှည့်ကျတာဝန်ယူပြီး ကျွန်တော်တို့မိသားစုရဲ့ ဝမ်းခေါင်းတွေကို အရည်ငုံ၊ အဖတ်ငုံရုံလေးဖြင့် ဖြည့်တင်းနေကြရသည်။
တစ်မိုးတွင်းလုံး ယနေ့လိုမိုးရွာသော နေ့မျိုး မရှိသေးဘူး။ မနက်လင်းကတည်းက နေ့တစ်ဝက်တိုင်ခဲ့ပြီ။ မိုးက မစဲသေး။ နေ့လယ်တစ်ချက်တီး ကျောင်းဆင်းချိန်တွင် သားအငယ်နှစ်ယောက် တစ်ကိုယ် လုံး စိုရွှဲပြီး ရောက်လာကြသည်။
"အမေ သားကို အဝတ်လဲပေးအုံး"
အငယ်ကောင်က အရေးဆိုလိုက်သည်။ အမေသည် သားငယ်လေးကို ရီဝေစွာ ကြည့်သည်။ သားငယ်သည် အမေ့ကို ကြည့်ပြီး ရှေ့တိုးလာသည်။
"ပေးလေ အမေ သားကို အဝတ်လဲပေးအုံး"
"သားလေးရယ် သားမှာ လဲဖို့အဝတ် ဘယ်မှာရှိသေးလို့လဲ၊ ညတုန်းက သေးပေါက်လို့ စိုနေပြီ မရှိတော့ဘူးလေ သားရဲ့"
"ဒါဆို သား ဘာနဲ့ကျောင်းသွားရမှာ လဲ အမေရဲ့"
ဆက်လက်ဖော်ပြပါမည်။