ပဲရစ်မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြေးခုန်ပစ် အားကစားသမား စိုးပေ ပြင်သစ်နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဩဂုတ် ၂၁
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၈ ရက်အထိကျင်းပမည့် ၂၀၂၄ နွေရာသီ မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ( Paris 2024 Paralympic Games)သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစား သမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြ ဒေါက်တာထက်ဇေယျာတို့သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာ သွားသည်။
အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာကစားသမား စိုးပေသည် အမျိုးသားမီတာ ၁၀၀ နှင့်မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက် တစ်ဖက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး စိုးပေအနေဖြင့် ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်း ဆုတံဆိပ်ကိုးခု ရရှိခဲ့သည့်အတွက် ကမ္ဘာ့ မသန်စွမ်း ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ကမ္ဘာ့ မသန်စွမ်း အားကစားအဖွဲ့ချုပ်တို့က ယခု နွေရာသီမသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။