နိုင်ငံတော်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ မေ ၉ ရက်)
မိမိတို့နေထိုင်သောနိုင်ငံကို မိမိတို့ကာကွယ်စောင့်ရှောက်ရမည်မှာ နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု ကျင့်သုံးလိုက်ခြင်းမှာ လွန်စွာသင့်လျော်ကောင်းမွန် မှန်ကန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။ နိုင်ငံသား အားလုံးစစ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားမည်ဆိုပါက အနာဂတ်တွင် ကြုံတွေ့ နိုင်သည့် ပြည်ပကျူးကျော်မှုမျိုးရှိလာပါက အချိန်နှင့်တစ်ပြေးညီ ဟန့်တားတိုက်ခိုက်နိုင်မည် ဖြစ်သည်။ ပြည်ပသွေးထိုး နှောင့်ယှက်မှုကြောင့် နိုင်ငံအတွင်းပေါ်ပေါက်နေသော လက်နက်ကိုင် အဖွဲ့အစည်း များမှာလည်း များပြားသည့်အတွက် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်သည် အမြဲတမ်း အင်အားတောင့်တင်း ခိုင်မာနေရမည် ဖြစ်သည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာသက်ဝင်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ကြေညာခဲ့သည်။ အဆိုပါဥပဒေတွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကိုလည်း သတ်မှတ် ပြဋ္ဌာန်းပေးထားသည်။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့်စရိတ်အတိုင်း ခံစားခွင့်ရရှိထားပြီး ဖြစ်သည်။
နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။ ထို့အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်သည်။ ဘိုးဘေးဘီဘင်တို့ ထိန်းသိမ်းစောင့်ရှောက်ခဲ့၍ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်လျက်ရှိသည်။ ထိုအမွေအနှစ်ကို မိမိတို့လက်ထက်တွင် မပျက်မစီးမယိုယွင်းအောင် ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ မိမိတို့၏ သားမြေး တီတွတ်များသို့ ကောင်းသော အမွေကို လက်ဆင့်ကမ်းနိုင်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ၊ မိတ်ဆွေကောင်းပီသစွာ ဆက်ဆံလျက် ရှိသော်လည်း အချို့သောနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ဆက်ဆံရေးမှာ မိတ်ကောင်းဆွေကောင်း ဆက်ဆံရေးမျိုး မဟုတ်ပေ။ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ဆူပူသောင်းကျန်းသူ အကြမ်းဖက် အဖျက်သမားတို့ကို လက်သပ်မွေးနေခြင်းမျိုးမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်၏ အနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ သဘောထားကြီးမားမှုကို အခွင့်ကောင်း ယူကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က အမြတ်ထုတ်ခဲ့သည်။
တပ်မတော်သည် စတင်ဖွဲ့စည်းချိန်မှစတင်ပြီး ယနေ့တိုင်တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် တပ်မတော်ဖြစ်သည်။ ယခုပြဋ္ဌာန်း ကျင့်သုံးနေသော ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်လည်း လူမျိုး၊ ဘာသာခွဲခြားခြင်းမရှိဘဲ တိုင်းရင်းသားအားလုံး ပါဝင်ထမ်းဆောင်ကြရမည် ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်အစိုးရ အနေဖြင့် ကျောသားရင်သား ခွဲခြားခြင်းမရှိဘဲ စစ်မှုထမ်းဆောင်စေခြင်း ဖြစ်သည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင်လည်း တိုင်းရင်းသား ပေါင်းစုံပါဝင်သည်။
နိုင်ငံတော်စစ်မှုထမ်း စနစ်ဆိုသည်မှာ ရေတိုဆောင်ရွက်ရသည့် လုပ်ငန်းမဟုတ်ဘဲ ရေရှည်တစိုက် မတ်မတ် ဆောင်ရွက်ရသည့်စီမံချက် (Long Term Plan) ဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေ ပြဋ္ဌာန်း ချက်များ၊ တပ်မတော်၏ မြင့်မားသည့် စွမ်းဆောင်နိုင်မှု၊ ပြည်သူတစ်ရပ်လုံး၏မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုများနှင့် ကာကွယ်ရေးပညာကြွယ်ဝမှု၊ ကာကွယ်ရေးပညာ တတ်ကျွမ်းမှုများ ပေါင်းစပ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသာ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း စနစ်ကို ကျင့်သုံးခြင်း မှာ နိုင်ငံတော်၏ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် အလှဆင်လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးခြင်းအားဖြင့် ကာကွယ်ရေးစွမ်းပကား အသင့်ဖြစ်မှု များ၊ စစ်ဘက်/အရပ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်မှုများ၊ စစ်ဘက်ကို အရပ်ဘက်က နားလည် နိုင်စွမ်း၊ အရပ်ဘက်ကို စစ်ဘက်ကနားလည်နိုင်စွမ်း ပိုမိုမြင့်မားတိုးတက်လာမည် ဖြစ်သည်။ လူငယ် မောင်မယ်တို့မှာ မိမိတို့နေထိုင်သော ပတ်ဝန်းကျင်၏ ပြုပြင်ပြောင်းလဲမှုအပေါ်တွင် မူတည်ပေရာ ကောင်းသော ပတ်ဝန်းကျင်တွင် နေထိုင်သူအဖို့ လူတော်လူကောင်းများ ဖြစ်လာပေတော့မည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အတွက် ယောက်ျားမြတ်များကို ပြည်သူ့စစ်မှုထမ်း သင်တန်းများမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။