COVID-19 ရောဂါကုသရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၈ 

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်အိုးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။ 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၀ လုံးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ တပ်နယ်မှ တပ်မတော်သားများကလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၅ လုံးကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အသီးသီးသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။