ဘဲအုပ်ကတစ်ရာနှစ်ရာ
ဘဲမွေးမြူရေးအကြောင်းရေးဖို့စဉ်းစားလိုက်တော့ ပထမဦးဆုံးပေါ်လာတာက ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာစုထဲကစာသားအချို့ပါ။ ကဗျာခေါင်းစဉ်က ပန်းပန်လျက်ပါဖြစ်ပါတယ်။ ကဗျာကနေ တေးသီချင်း အဖြစ်ကူးပြောင်းသွားတော့ လူကြိုက်များခဲ့သလို ပန်းပန်လျက်ပါ ရုပ်ရှင်ကားကြီးအဖြစ် ထွက်ပေါ်လာ တော့လည်း လူကြိုက်များလှပါတယ်။ ဘဝရဲ့လောကဓံကိုကြံ့ကြံ့ခံနိုင်ဖို့ ဗေဒါပင်လေးတွေကို ပမာပြု တင်စား ဖော်ထုတ်ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ဘဲအုပ်တွေကတော့ ဇာတ်ရံအဖြစ် ပါဝင် ကပြသူတွေ လို့ဆိုနိုင်ပါတယ်။
ဘဲတွေဟာ ဗေဒါပင်ကလေးတွေအတွက် လူကြမ်းတွေပါပဲ။ “ချောင်းအစွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။ ဘဲအုပ်မှာတစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ” ဆိုတဲ့ စာသားလေးဟာ စွဲမက်ဖွယ် ကောင်းလှပါတယ်။
တောဓလေ့မှာ ဘဲမွေးမြူရေးကို မျက်လုံးထဲမှာ မြင်ယောင်မိပါတယ်။ ဘဲမွေးမြူရေးဟာ စနစ်တကျ သေသေချာချာ အာရုံစိုက်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဘဲဥဆိုတာ စျေးကွက်တွင်ကျယ်ပြီးသား ရောင်းကုန်ပစ္စည်းဖြစ်ပါတယ်။ ဘဲမွေးမြူသမားတွေအနေနဲ့ ဥစားဘဲတွေ၊ အသားစားဘဲတွေကို စီးပွားရေးလုပ်ငန်းအဖြစ် ဇောက်ချလုပ်ကိုင်မယ်ဆိုရင်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ ဝင်ငွေကောင်းပြီး စီးပွားရေး လမ်းဖြောင့်တန်းလာမှာ ဖြစ်ပါတယ်။
ကျေးလက်ဒေသတွေမှာတော့ တစ်နိုင်တစ်ပိုင် မွေးမြူနေကြတာမို့ လွယ်ကူတဲ့ အလုပ်လို့ထင်မြင် ကောင်းထင်မြင်ပါလိမ့်မယ်။ သဘာဝရေအိုင်၊ ချောင်း၊ မြောင်းများအနီးမှာ ဘဲတွေလွတ်လပ်စွာ လွှတ်ထားပြီး အလွယ်တကူ အစာမကျွေးဘဲ မွေးနိုင်တာကြောင့် လွယ်ကူတယ်လို့ ထင်ကြတာပါ။ ဒါပေမဲ့ဘဲအကောင်ရေ ရာထောင်ချီပြီး တကယ့် စီးပွားဖြစ်မွေးမြူတော့မယ်ဆိုရင် အခုလိုမျိုး အလွယ် တကူလွှတ်ထားလို့မရတော့ပါဘူး။ ခေတ်မီသိပ္ပံနည်းကျ နည်းစနစ်မှန်ကန်စွာနဲ့ မွေးမြူဖို့လိုအပ်ပါတယ်။
ဘဲမွေးမြူရေး လုပ်ဆောင်ဖို့ပထမဦးစွာ မြေနေရာရွေးချယ်ခြင်းနဲ့ ခြံအဆောက်အအုံရွေးချယ်ခြင်းတို့မှာ သဲဆန်တဲ့ မြေနေရာဖြစ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။ ဆင်ခြေလျှော ကုန်းမြင့်တွေရှိတဲ့ နေရာ ဖြစ်ပြီး ရေကန်၊ ချောင်းနဲ့ လွှတ်ကျောင်းနိုင်တဲ့ မြက်ခင်းရှိရပါ့မယ်။ ရေကန်ရွေးချယ်ရာမှာတော့ အဆက်မပြတ် စီးဆင်းနေတဲ့ ရေရှင်နေရာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ မြစ်ချောင်းနံဘေးမှာ မွေးမြူမယ် ဆိုရင် ချောင်းမှာအနံ ၉ ပေ၊ ရေအနက် ၂ ပေခန့်ရှိရင်ရပါပြီ။ လုံလောက်တဲ့ ရေစီးနှုန်း အသင့်အတင့် ဖြစ်ရင်သင့်တော်ပါတယ်။ ရေကန်တူးပြီးမွေးမယ်ဆိုရင်တော့ အကျယ် ၅ ပေ ပတ်လည်နဲ့အနက် ၁ ပေ ခွဲရှိရင် ဘဲအကောင် ၁၀၀ မွေးမြူနိုင်ပါတယ်။
အဲ့လိုရေကန်နဲ့မွေးမယ်ဆိုရင် ရေကန်ကို နှစ်ပတ်တစ်ကြိမ် ရေလဲလှယ်ပေးဖို့လိုပါမယ်။ ရေကန် ပတ်လည်မှာ သစ်ပင်ရိပ်တွေရှိရန် လိုအပ်ပါတယ်။ သစ်ပင်ရိပ်မရှိရင် ယာယီအရိပ် တဲဆောက်ပေးဖို့ လိုပါတယ်။ ဘဲတွေအတက်အဆင်းလွယ်ကူဖို့ ရေကန်နှုတ်ခမ်းကို ဆင်ခြေလျှောလုပ်ပေးထားရပါမယ်။ ဒါကတော့ ဘဲမွေးမြူဖို့မြေနေရာရွေးချယ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။
ဘဲမွေးမြူဖို့အတွက် အဆောက်အအုံကလည်း အရေးပါလှပါတယ်။ ဘဲခြံအဆောက်အအုံဟာ လေကောင်းလေသန့်၊လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်ရပါမယ်။ အလင်းရောင်ကောင်းစွာရနိုင်တဲ့ နေရာလည်းဖြစ်ရပါမယ်။ ဒေသထွက်သစ်၊ ၀ါးတွေနဲ့ဆောက်လုပ်နိုင်ပါတယ်။ အခင်းမှာတော့ သဲခင်း ပေးရပါမယ်။ အခင်းတွေညစ်ပေနေရင် လဲလှယ်ပေးရပါမယ်။ သဲအစား ကောက်ရိုးနဲ့ စပါးခွံတွေကို လည်း အသုံးပြုနိုင်ပါတယ်။ ဘဲခြံအရွယ်အစားမှာ ဘဲငယ်တစ်ကောင်အတွက် ၁ စတုရန်းပေနှုန်း၊ ဘဲလတ် တစ်ကောင်အတွက် ၂ ဒသမ ၅ စတုရန်းပေနှုန်းနဲ့ ဘဲကြီးတစ်ကောင်အတွက် ၃ စတုရန်းပေ သို့မဟုတ် ၄ စတုရန်းပေနှုန်းလိုအပ်ပါတယ်။
ဘဲတွေကျန်းမာရေးကောင်းမွန်စေဖို့ အားဆေးတွေ၊ အစိမ်းရောင်၊ အဝါရောင်အသီးအရွက်တွေ ကျွေးနိုင် ပါတယ်။ သန့်ရှင်းတဲ့ သောက်ရေမပြတ်ရှိစေဖို့လည်း အရေးကြီးပါတယ်။ ဘဲမွေးမြူရာမှာ ဘဲတွေ ခြံထဲသို့ မရွှေ့မီအချိန်တွေမှာ ပိုးသတ်ဆေး ဖျန်းပေးထားရပါမယ်။ ကာကွယ်ဆေးတွေကိုလည်း ကျွမ်းကျင်သူနဲ့ အပတ်စဉ်ထိုးပေးဖို့ လိုအပ်ပါတယ်။ ဘဲငယ် လေးပတ်သားကစပြီး နံနက်၊ ညနှစ်ကြိမ် ရေချပေးရပါမယ်။ တစ်ကြိမ်ကို နာရီဝက်ထက် မပိုစေသင့်ပါဘူး။
ဘဲတွေမှာဖြစ်တတ်တဲ့ရောဂါတွေအနေနဲ့ ကူးစက်ရောဂါပိုးမွှားများဖြစ်တဲ့ ဗိုင်းရပ်၊ ဗက်တီးရီးယား၊ မှို၊ ပရိုတိုဇိုးဝါးပိုးများ၊ ကိုယ်တွင်းကိုယ်ပကပ်ပါးပိုးများ၊ အစာအာဟာရမပြည့်စုံခြင်း၊ ပတ်ဝန်းကျင်ဒဏ်၊ ဇီဝလုံခြုံမှု အားနည်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဗိုင်းရပ်ပိုးများဟာ ကုသလို့မရနိုင်တဲ့အတွက် ကာကွယ် ဆေးထိုးထားခြင်းဖြင့် ကြိုတင်ကာကွယ် နိုင်ပါတယ်။ ဗက်တီးရီးယားပိုးများကို ပဋိဇီဝဆေးနဲ့ကုသနိုင် ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ကုသဖို့ လိုပါတယ်။
ကပ်ပါးပိုးတွေကို သန်ချဆေးနဲ့ကုသနိုင်ပါတယ်။ အထူးသဖြင့် ဘဲတွေကိုကျွေးမွေးတဲ့အစာမှာ အာဟာရ ဓာတ်မညီမျှပါက ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေး ကြိုတင်ထိုးနှံထားနိုင်ဖို့ အရေးကြီး ပါတယ်။
ဘဲမွေးမြူရေးဟာ ကျေးလက်ဒေသ မွေးမြူရေးလုပ်ငန်းအတွက် တစ်နိုင်တစ်ပိုင်လူအများစုမွေးမြူ တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဥစားကြက်မွေးမြူရေးလုပ်ငန်းလောက် ကရိကထများလှသည်မဟုတ်ပါ။ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူနိုင်တဲ့အတွက် သဘာဝအစာများရနိုင်ပါတယ်။ အစာကုန်ကျစရိတ် သက်သာပါတယ်။ အဆောက်အအုံ ကုန်ကျစရိတ် သက်သာခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ထိန်းသိမ်း ရသည့် လုပ်အားသက်သာခြင်း၊ လယ်ကွက်များမှာ စပါး၊ ငါး၊ ဘဲတို့ကိုမွေးနိုင်တဲ့အတွက် အကျိုး အမြတ်ပိုမိုရရှိနိုင်ပါတယ်။
မြန်မာနိုင်ငံရာသီဥတုနဲ့ ကိုက်ညီတဲ့ဘဲ အမျိုးအစားကို အခြေခံအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဥစားဘဲများနဲ့ အသားစားဘဲများပဲဖြစ်ပါတယ်။ ဥစားဘဲများမှာ လူတို့မွေးမြူမှုအများဆုံးဖြစ်ပါတယ်။ ဥစားဘဲများမှာ အထီးတစ်ကောင်လျှင် အမခြောက်ကောင်နှုန်းမွေးသင့်ပြီး အသားစားဘဲများမှာ အထီး တစ်ကောင်လျှင် အမသုံးကောင်နှုန်းမွေးသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘဲများဟာ ခြောက်လသား ခန့်မှာ စတင်ဥ ဥတတ်ကြပါတယ်။ ဘဲမွေးမြူရာမှာ ကြက်များကဲ့သို့မဟုတ်ဘဲ သုံးလေးနှစ်အထိ ဆက်လက်မွေးမြူနိုင်ပါတယ်။ ဘဲများမှာ အမူအကျင့်ပုံမှန်ရှိတတ်ကြတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဥ ဥရာမှာနံနက် ၆ နာရီမတိုင်မီ ဥတတ်ကြပါတယ်။
ဘဲများမှာ လူနဲ့ယဉ်ပါးသော်လည်း သူတို့ကို ကိုင်တွယ်ရာတွင် သတိထားရပါမယ်။ ဘဲတစ်ကောင် ကိုဖမ်းမယ်ဆိုပါက ခြေထောက်နှင့် တောင်ပံများမှ ကိုင်တွယ်ဖမ်းဆီးလျှင် ဘဲမှာနာကျင်၍အရိုးတွေကျိုး သွားနိုင်ပါတယ်။ လည်ပင်းအောက်ခြေပိုင်းအား ညင်သာစွာဆုပ်ကိုင်ဖမ်းဆီးရပါမယ်။ လက်ဖဝါးဖြင့် ခြေထောက်နှစ်ချောင်းအား ထိန်းချုပ်၍လက်ဖျံပေါ်တွင် ဘဲရင်ဘတ်အားတင်၍ ဖမ်းသူရဲ့ ခန္ဓာကိုယ်နဲ့ ကပ် ထားခြင်းဖြင့် ညင်သာစွာ ကိုင်တွယ်နိုင်ပါတယ်။
ဥစားဘဲမွေးမြူသူတွေအနေနဲ့ ဥစားဘဲ ၁၀ ကောင်ကို တစ်နှစ်မွေးမြူပါက ဘဲမ ၁၀ ကောင်လျှင် ဘဲဥ အလုံး ၂၀၀၀ ဥပါတယ်။ ဥစတင်စမ်းသည့်အချိန်မှစတင်၍ တစ်ပတ်လျှင် တစ်နာရီနှုန်းညဘက် အလင်းရောင် တိုးပေးရပါမယ်။ အမြင့်ဆုံး အလင်းပေးချိန် ၁၆ နာရီမှ ၁၇ နာရီရရှိရန် လိုအပ်ပါတယ်။
အလင်းပေးစနစ်ဟာ ဘဲဥထုတ်လုပ်မှုအတွက် များစွာအရေးပါပါတယ်။ ဒါ့ကြောင့်အထူးဂရုစိုက်ဖို့လိုပါ တယ်။ ဘဲမွေးမြူရေးအတွက် အစာပုံစံတွေပြုလုပ်ရာမှာ ဆန်ကွဲ၊ ဖွဲနုနဲ့ဖွဲကြမ်း၊ ပုစွန်ဖွဲ၊ ခရုမှုန့်၊ ပြောင်းစတာ တွေကို အသက်အရွယ်အလိုက် ပိုင်းခြားကျွေးရပါမယ်။
ဘဲမွေးမြူသူတွေအနေနဲ့ မိမိထုတ်လုပ်လိုတဲ့အသား၊ ဥတို့ကိုစျေးကွက်နဲ့ တွက်ချက်ရွေးချယ်ပြီး မျိုးရွေး ချယ်ရပါမယ်။ အများအားဖြင့် ဥစားဘဲများဖြစ်တဲ့ ကာကီကင်းဘယ်ဘဲ၊ ကုလားပြေးဘဲ၊ ဓာတ်ဘဲများ (ပြည်တွင်းမျိုး)စတာတွေကို မွေးမြူကြပါတယ်။ ဥနှုန်း ၇၀၊ ၈၀ ရာခိုင်နှုန်းအထိ ဥပါတယ်။ အသားစားဘဲ မွေးမြူမယ်ဆိုရင်တော့ ပီကင်းဘဲ၊ လီဂတ်ဘဲ၊ တောဝမ်းဘဲ(ပြည်တွင်းမျိုး) တွေမွေးမြူ ရပါမယ်။ ဒါတွေက စာရေးသူသိသလောက် အမည်တွေပဲ ဖြစ်ပါတယ်။
ဘဲတွေကိုစတင်မွေးမြူရာမှာတော့ ရက်သားဘဲငယ်တွေ ဝယ်ယူမွေးမြူခြင်း၊ ဥများကိုဝယ်ပြီး ကြက်မ ဖြင့် သားဖောက်မွေးမြူခြင်းနဲ့ ဘဲပျိုများကို ဝယ်ယူမွေးမြူခြင်းတို့ ဖြစ်ပါတယ်။ ဘဲမွေးမြူရေး လုပ်ငန်း အောင်မြင်ဖို့ဆိုရင် ဘဲစာကိစ္စဟာအဓိကဖြစ်ပါတယ်။ ဘဲများဟာ သဘာဝအားဖြင့် အသက်ခြောက်လ ကျော်ရင် အင်း၊ အိုင်၊ မြစ်၊ ချောင်း၊ မြောင်းများမှာ သဘာဝအစားအစာတွေကို ရှာဖွေစားသောက် တတ်တဲ့ အလေ့အထ ရှိကြပါတယ်။ ဒါ့ကြောင့် ခြောက်လအရွယ်မတိုင်မီကာလမှာ ဘဲစာမှန်မှန် ကျွေးကြရမှာ ဖြစ်ပါတယ်။
အစားအစာ ကောင်းကောင်းမစားရတဲ့ဘဲမှ ဥတဲ့ဥတွေဟာ အချိန်မစီးဘဲ ပေါ့နေတတ်ပါတယ်။ အာဟာရဓာတ် ပြည့်ဝစွာစားရတဲ့ဘဲမှ ဥများဟာ အလေးချိန်စီးနေပါတယ်။ ဘဲကိုစီးပွားဖြစ် မွေးမြူသူ တွေအနေနဲ့ ဖြစ်သလိုလွှတ်ထားပြီး မမွေးသင့်ပါဘူး။ ဘဲစာတွေကို စနစ်တကျကျွေးရန် လိုအပ်ပါတယ်။ ဒါမှသာ ဘဲများ ကျန်းမာသန်စွမ်းပြီး လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဘဲစာကို နံနက် ၆ နာရီနဲ့ ၇ နာရီအတွင်း ကျွေးသင့်ပါတယ်။ နံနက်စောစောပိုင်း အချိန်ကျွေးနိုင်ပါက ပိုမိုကောင်းမွန်ပါတယ်။ အစာ ကျွေးရာမှာ ညဘက်အိပ်တန်းတက်ရာမှ အပြင်သို့မထွက်မီ ကျွေးသင့်ပါတယ်။ ဘဲရဲ့သဘာဝမှာ နံနက်စောစော မျက်လုံးနှစ်လုံးပွင့်တာနဲ့ တစ်ပြိုင်နက် အစာစားလိုတဲ့ ဆန္ဒရှိတဲ့အတွက် နံနက်စောစော ကျွေးပါက ပိုကောင်းတယ်လို့ဆိုလိုခြင်း ဖြစ်ပါတယ်။
ဘဲစာအဖြစ် ကျွေးမွေးတဲ့ ငါးမှုန့်နဲ့ ပုစွန်ဖွဲတို့ဟာ လတ်ဆတ်နေဖို့လိုပါတယ်။ ပုစွန်ဖွဲမှာအထူးသတိ ထားစရာမလိုသော်လည်း ငါးမှုန့်ကို လတ်ဆတ်ကောင်းမွန်ခြင်း ရှိ၊ မရှိ အမြဲတမ်း စစ်ဆေးရပါမယ်။ ငါးပုပ်တွေဖြစ်နေရင် မကျွေးပါနဲ့။ ကျွေးမိပါက ရောဂါရ၍ သေဆုံးနိုင်ပါတယ်။ ဘဲအစာစပ်ရာမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ အချိုးအစားမှန်ကန်စွာပါရှိဖို့ အရေးကြီးလှပါတယ်။
ဒါ့အပြင် ဘဲငယ်အစာ၊ မျိုးဘဲအစာ၊ အသားတိုးဘဲအစာရယ်လို့ သီးခြားစီ စပ်ယူသင့်ပါတယ်။ ဘဲများ အချိန်တိုတိုနဲ့ သန်မာထွားကျိုင်းပြီး ဖွံ့ဖြိုးစေရန် အရေးကြီးဆုံးမှာ အာဟာရဓာတ်ကြွယ်ဝတဲ့ အစာများ ကျွေးခြင်းဖြစ်ပါတယ်။ အာဟာရဓာတ် ကြွယ်ဝတဲ့အစာများမှာ ဘဲများအတွက် အရေးကြီးသကဲ့သို့ အစာခွက်တွေ၊ သောက်ရေခွက်တွေကိုလည်း အမြဲသန့်ရှင်းအောင် ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။
ဘဲစာစပ်ဟပ်မှုနဲ့ပတ်သက်လို့ ဘဲစာစပ်တဲ့အခါမှာ ဆန်ကွဲကို ၆၀ ရာခိုင်နှုန်း၊ ပြောင်းဖူးခြမ်းကို ၁၅ ရာခိုင်နှုန်း၊ ဖွဲနုအမှတ်-၂ ကလည်း ၁၅ ရာခိုင်နှုန်း၊ ပုစွန်ဖွဲ ဒါမှမဟုတ် ငါးမှုန့်ကို ၁၀ ရာခိုင်နှုန်း စပ်တယ်လို့ လေ့လာသိရှိရပါတယ်။ အဆိုပါအချိုးအစားမှာ သင့်လျော်တဲ့ အချိုးအစားဖြစ်ပါတယ်။ ၀ါရင့်မွေးမြူ သမား တစ်ဦးရဲ့ အစာစပ်နှုန်းဖြစ်ပါတယ်။ ဘဲငယ်ကလေးများအား အစာနုအခြောက် သို့မဟုတ် အစိုကို တစ်နေ့လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိ ကျွေးမွေးသင့်ကြောင်း မွေးမြူရေးပညာရှင်တို့က ဆိုပါ တယ်။ အထူးသဖြင့် ဘဲကလေးများအား ရက်သတ္တနှစ်ပတ်ထိ ကျွေးသင့်ပါတယ်။ နှစ်ပတ်ကျော်လာ လျှင်မူကား အစာကျွေးတာကို ဖြည်းဖြည်းနဲ့ လျှော့ချသွားနိုင်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထားပြီးလုပ်ဆောင်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းကြက်မွေးမြူခြင်းနဲ့ ဘဲမွေးမြူရေးတို့ဟာ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ဆောင်ရွက်တဲ့ မိရိုးဖလာ လုပ်ငန်းတွေဖြစ်ပါတယ်။ အဲဒီစိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်တွေနဲ့ တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်တွင်းကုန်ထုတ်မှုကို တိုးမြှင့်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း နိုင်ငံစီးပွားရေး တိုးတက်မှုကို မွေးမြူရေးကဏ္ဍက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ဘက်စုံပညာရေးစနစ်ကိုကျင့်သုံးပြီး စိုက်ပျိုးမွေးမြူရေးပညာရှင်တွေ ပေါ်ထွန်းလာဖို့ ဆောင်ရွက်နေတဲ့ကာလမှာ ဘဲမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ငန်းတွေ ပိုမိုတိုးတက်အောင် ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဟာ မွေးမြူ ထုတ်လုပ်မှုနဲ့ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေး လျက်ရှိပါတယ်။ တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ အတတ်ပညာကို ကျွမ်းဝင်နားလည်တဲ့ ဝန်ထမ်းတွေ မွေးထုတ်ပေးပြီး ကျေးလက်ဒေသများရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် စောင့်ရှောက်ပေးနိုင်ဖို့အတွက် အရည်အသွေးမြင့်မားစွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့်ပဲ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပညာရှင်တွေနဲ့လည်း စဉ်ဆက်မပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။
အနှစ်ချုပ်ဆိုရရင်တော့ ဘဲမွေးမြူရေးလုပ်ငန်းတွေ အောင်မြင်လာတာနဲ့အမျှ လုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေရဲ့ လူမှုစီးပွားဘဝတွေ မြင့်မားလာမှာဖြစ်သလို နိုင်ငံ့စီးပွားလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ စာရေးသူကတော့ ဘဲမွေးမြူရေးသမားတိုင်း တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် စီးပွားဖြစ် မွေးမြူရေးအထိ မွေးမြူနိုင်ပါစေကြောင်း ဆန္ဒပြုရေးသား တင်ပြလိုက်ပါတယ်ခင်ဗျာ။ ။
ကိုးကားချက်-
-ထွန်းလှိုင်(မြိုင်)၏ စီးပွားဖြစ်ဘဲမွေးမည်ဆိုလျှင် သိထားသင့်သောအချက်များ
-သုတေသီဆရာငြိမ်း၏ ခေတ်မီဘဲမွေးမြူရေး