၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများပြုလုပ်

 

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်၊ မေ - ၁၇

          ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးခဲ့သည်။

          ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ် စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိအားကစား ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၊    တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) က သင်တန်းဆင်းမိန့်ခွန်းပြောကြား သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက သင်တန်းတွင်  ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား/ သင်တန်းသူ များ၊ အကောင်းဆုံး သင်တန်းစခန်းဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

           မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား/သင်တန်းသူများသည် သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြ သည်။

          အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကို သင်တန်းစခန်း ၁၀ ခုတွင် သင်တန်းသား၊ သင်တန်းသူ ၈၁၈ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလအတွင်း အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်း လမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒ ဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေ တပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက် တိုက်နည်းတို့ကို သင်ကြား ပို့ချပေးခဲ့ပြီး စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့်  အီလက်ထရောနစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကာ ရေကြောင်း လူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံပြိုင်ပွဲများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

          အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ)မှ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ၊ အုပ်ချုပ်သူ နည်းပြ၊ ဆရာ/ဆရာမများနှင့်သင်တန်းသား များ တက်ရောက်ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က   သင်တန်း ဆင်း မိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသား များအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ခင်းကျင်း ပြသထားသော ပြခန်း၊ ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

           မွန်းလွဲပိုင်းတွင် သင်တန်းသား/သင်တန်းသူများ၊ အုပ်ချုပ်သူနည်းပြ/ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိသူရဲကောင်းဗိမာန်သို့ သွားရောက်လေ့လာခဲ့ကြသည်။

          အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းများကို   သင်တန်းစခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure  ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များ သင်ကြား ပို့ချ ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, August 22, 2024 - 07:07