ပဲပုပ် သို့မဟုတ် လူ့အဖွဲ့အစည်းအကျိုးပြုသီးနှံ
ကမ္ဘာပေါ်တွင် ဆီအုန်း၊ ပဲပုပ်၊ ဆီမုန်ညင်း၊ နေကြာနှင့် မြေပဲတို့သည် ထုတ်လုပ်မှုအများဆုံး သော ဆီထွက်သီးနှံများဖြစ်ကြပြီး အသုံးအများဆုံး အနေဖြင့် စားအုန်းဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် နေကြာဆီတို့ဖြစ်ကြောင်း လေ့လာသိရှိရသည်။ စားအုန်းဆီပြီးနောက် ပဲပုပ်ဆီသည် ဒုတိယတန်းမှ ထုတ်လုပ်မှုအများဆုံးအနေဖြင့် ရပ်တည်လျက်ရှိနေပေသည်။ ငယ်စဉ်ကလေးဘဝက ပဲပုပ်ဟူသည် ဟင်းချက်စားရသော ဟင်းအမယ်တစ်ခုအဖြစ်သာ သိနားလည်ခဲ့မိသည်။ သို့သော် ယနေ့အချိန်မှာ တော့ ပဲပုပ်၏ စွမ်းပကားများကို ပိုမိုသိရှိခဲ့ရပြီး လူသားနှင့်တိရစ္ဆာန်အကျိုးပြု တစ်နည်းဆိုသော် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ရှင်သန်ရပ်တည်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနေသည့် အဖိုးတန်ဆီထွက်သီးနှံတစ်မျိုး ဖြစ်ပါလားဟူသော အသိအမြင်များ ရရှိခဲ့ပြီဖြစ်သည်။
ပထမဦးစွာ ပဲပုပ်နှင့် စာရေးသူအကျွမ်းတဝင်ရှိခဲ့မှုလေးပြောပြလိုသည်။ စာရေးသူတို့ မိသားစု( အဖေ၊ အမေ၊ အစ်မ၊ အစ်ကို၊ စာရေးသူနှင့် ညီမ) ခြောက်ယောက်သည် ပဲပုပ်ကို အလွန်ကြိုက်ကြ၏။ ပဲပုပ်စေ့ကိုပြုတ်၍ ခရမ်းချဉ်သီးအနည်းငယ်၊ ငရုတ်သီးစိမ်း ၃-၄ တောင့်ညှပ်၊ ဆီနည်းနည်းဖြင့် နံနံပင်အုပ်ချက်ထားသော အမေ့လက်ရာ ပဲပုပ်ချက်သည် ကျွန်တော်တို့မိသားစုအတွက်တော့ အသားဟင်းတစ်ခွက်နီးနီး စားမြိန်လှသည်။ အချဉ်ဟင်းလေးပူးတွဲချက်၊ ငရုတ်သီးလေးဆားထောင်းလိုက်ပါက ပိုလို့ပင် မြိန်ပါသေး၏။ စာရေးသူတို့ငယ်စဉ်က ရွာထဲလှည့်ကာ ပဲပုပ်ရောင်းခဲ့ဖူးသည်။ ညဦးပိုင်းအချိန်ကတည်းက ပဲပုပ်စေ့များအား မြေအိုးထဲထည့်ကာ မီးပြင်းပြင်းဖြင့် ပြုတ်၏။ မနက်လင်းလျှင် အမေက အိတ်လေးများဖြင့် တစ်ဆယ်သား အထုပ်လေးများ ထုပ်ပိုးပေးသည်။ ထိုအထုပ်လေးများကို စာရေးသူနှင့်အစ်ကို သို့မဟုတ် စာရေးသူနှင့် ညီမငယ်တို့က ရွာထဲလှည့်ကာ ရောင်းချကြသည်။ ပဲပုပ်ဟု သံရှည်ဆွဲအော်လိုက်လျှင် ရွာထဲက အလိုလိုနားလည်ကြသည်။ တစ်နေ့တာ ရောင်းမကုန်လည်း ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပဲပုပ်သည် နှစ်ရက်မျှထားလည်း ပုပ်သိုးသွားသည်မဟုတ်။ ပို၍ပင် စားကောင်းသေး၏။ ငယ်စဉ်မှပင် ပဲပုပ်ကိုနှစ်သက်ခဲ့မှုကြောင့် လုပ်ငန်းခွင်ဝင်ရောက်ပြီး အိမ်သို့ပြန်တိုင်းလည်း အမေက ပဲပုပ်ချက်ကို သတိတရချက်ပေးလေ့ရှိသည်။
အချို့ကလည်း ပဲငါးပိချက်ဟုခေါ်ကြသည်။ သူကပဲပုပ်စေ့ကို ခရမ်းချဉ်သီးအနှစ်ရည်ဖြင့် ချက်ခြင်းဖြစ်၏။
ထိုသို့သော လက်ရာကိုလည်းကြိုက်နှစ်သက်ပါသည်။ ပဲငါးပိချက်ကို ရှမ်းပြည်ဘက်တွင် စားခဲ့ဖူးခြင်းဖြစ်သည်။
ပဲပုပ်၏ စွမ်းပကားများကား အံ့အားသင့်စရာပင်။ ရိုးရိုးချက်စားရာတွင်လည်း အာဟာရရှိရုံမက ဆီထွက်သီးနှံအဖြစ် တိရစ္ဆာန်အစာနှင့် လူသားတို့အစားအစာအတွက် ပရိုတင်းအရင်းအမြစ်ကောင်းများနှင့် ဇီဝလောင်စာများကိုပါ ဖန်တီးပေးနိုင်ကာ တန်ဖိုးအရှိဆုံးသီးနှံပင်ဖြစ်နေပါသည်။ ပဲပုပ်သည် ကျန်းမာရေးနှင့်ညီညွတ်ရုံတင်မဟုတ်ဘဲ အရသာလည်း ကောင်းသောကြောင့် စားသုံးမှုများပြားသည့် သီးနှံဖြစ်ကြောင်း သုတေသနမှတ်တမ်းများက ဆိုထားကြသည်။ ဆီပါဝင်မှုနှင့် ပရိုတင်းဓာတ်ကြွယ်ဝ သောကြောင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချသကဲ့သို့ ပဲပုပ်ဆီကိုလည်း ထုတ်လုပ်ရောင်းချလျက် ရှိနေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများအဖြစ် ရပ်တည် နေကြသည်။ ပဲပုပ်ကို အများဆုံးစားသုံးသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ရိုးရိုးစားသုံးခြင်းသာ မဟုတ်ဘဲ ဘာသာရေးဆိုင်ရာ ပွဲတော်များတွင်ပါ ထည့်သွင်းအသုံးပြုသည်ကိုလည်း ဗဟုသုတအဖြစ် မှတ်သားသိရှိရသည်။ ပဲပုပ်ထုတ်လုပ်မှု၏ ၇၇ ရာခိုင်နှုန်းခန့်ကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုပြီး ကျန် ၁၉ ဒသမ ၂ ရာခိုင်နှုန်းခန့်အား လူသားများ အစားအစာထုတ်လုပ်ခြင်းနှင့် ၃ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို စက်ရုံသုံးအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟုလည်း လေ့လာသိရှိရသည့်အတွက် ပဲပုပ်သည် လူသားအကျိုးပြုလုပ်ငန်းများအတွက် ပါဝင်ပတ်သက်နေသည် ဟူသောအချက်ကို တွေ့ရှိရပေသည်။
ပဲပုပ်စိုက်ပျိုးရာတွင် မိုးရာသီနှင့်ဆောင်းရာသီတို့တွင် အဓိကစိုက်ပျိုးကြပြီး အများအားဖြင့် ဆောင်းရာသီတွင် စိုက်ပျိုးထုတ်လုပ်မှုပိုမိုလုပ်ဆောင်ကြသည်။ ဆောင်းကာလ စိုက်ပျိုးထုတ်လုပ်သည့်ပဲပုပ်သည် အထွက်နှုန်း ပိုမိုကောင်းမွန်သောကြောင့်ဖြစ်သည်။ ဆောင်းရာသီတွင် ပဲပုပ်ဖြစ်ထွန်း အောင်မြင်ရခြင်းမှာ ပဲပုပ်ပင်သည် နေ့တာတို၍ ညတာရှည်သည့် အနေအထားကို ကြိုက်နှစ်သက်သောကြောင့်လည်းဖြစ်ပေသည်။ ထိုကာလအတွင်း ပန်းပွင့်နှုန်းပိုမိုမြင့်မားကာ သီးတောင့်ဖြစ်ထွန်းမှု ပိုမိုများပြားခြင်းကြောင့် အခြားရာသီများနှင့် ယှဉ်လျှင် ပိုမိုဖြစ်ထွန်းရခြင်း ဖြစ်သည်။ ပဲပုပ်စိုက်တောင်သူများ၏ မိုးရာသီတွင် စိုက်ပျိုးသော ပဲပုပ်မှရရှိသော အကျိုးအမြတ်နှင့် ဆောင်းရာသီတွင် စိုက်ပျိုးရာမှ ရရှိသည့် အကျိုးအမြတ် နှစ်ခုနှိုင်းယှဉ်ရာတွင် ကုန်ကျစရိတ်သိသိသာသာ မကွာခြားသော်လည်း ပြန်လည်ရရှိမှုမှာ ဆောင်းပဲပုပ်က ပိုမိုများပြားလျက်ရှိသည်ကို တွေ့ရှိရ၏။ ထို့ကြောင့် တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မိမိဒေသနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြဖို့ လိုအပ်သည်။ ရေဆင်းစိုက်ပျိုးရေးသုတေသနမှ ထောက်ခံထုတ်ဝေထားသည့် ရေဆင်း-၆၊ ရေဆင်း-၁၁၊ ရေဆင်း-၁၂၊ ရေဆင်း-၁၄၊ ရေဆင်း-၁၅ စသည့်မျိုးများသည် အရည်အသွေးကောင်းမျိုးများ ဖြစ်ကြသည်။
ပင်ကြား၊ တန်းကြား အကွာအဝေးပေါ်မူတည်ကာ တစ်ဧကလျှင် မျိုးစေ့ ၁၂ ပြည်မှ တစ်တင်းခန့်သုံးရသည်။ မြေပြုပြင်ချိန်တွင် နွားချေးမြေသြဇာ တင်း ၁၀၀ မှ ၁၅၀ အတွင်း ထည့်ရန်လို၏။ တစ်ဧက အထွက်နှုန်းပြည့်မီစေရန်အတွက် မြေပြင်ချိန်၌ ယူရီးယား ရှစ်ပြည်၊ တီစူပါ ၂၄ ပြည်နှင့် ပိုတက် ၁၂ ပြည်၊ ဂျစ်ပဆမ် ပြည် ၂၀ ထည့်ရန်လိုအပ်သည်။ အပင်ပေါက်စုံချိန်မှ ပန်းပွင့်သည်အထိ ပေါင်းမြက်ကင်း စင်အောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပေသည်။ အပင်များ သတ်မှတ်အရွယ်အလိုက်ရှိလာချိန်တွင် နီးစပ်ရာ စိုက်ပျိုးရေး ဦးစီးဌာနရုံးများတွင် သိလိုသည် များကို မေးမြန်းဆောင်ရွက်ကြမည်ဆိုလျှင် အထွက်နှုန်း ကောင်းသော ပဲပုပ်စေ့များကို မလွဲမသွေ ရရှိစေမည်ဖြစ်၏။ တောင်ပေါ်ဒေသများတွင် မေလမှဇွန်လ၊ မြန်မာပြည် အလယ်ပိုင်းဒေသများတွင် သြဂုတ်လမှ စက်တင်ဘာလ၊ အောက်မြန်မာပြည် ကိုင်းကျွန်း ဒေသများတွင် အောက်တိုဘာလ၊ စပါးအပြီး သီးထပ်စိုက်ပျိုးသော ဒေသများတွင် နိုဝင်ဘာလအတွင်း စိုက်ပျိုးကြလျက်ရှိသည်။
စာရေးသူတို့နိုင်ငံတွင် ပဲပုပ်ကို ရှေးယခင်ကပင် စိုက်ပျိုးခဲ့သော်လည်း အများအားဖြင့် တိုက်ရိုက် ချက်ပြုတ် စားသောက်ခြင်းနှင့် အစားအသောက်များ၊ မုန့်များပြုလုပ်ခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။ ယနေ့အချိန်တွင် ပြည်တွင်း၌ ပဲပုပ်အား ငါးစာတောင့်ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေး စပ်စာထုတ်လုပ်ခြင်း လုပ်ငန်းများတွင်ပါ အသုံးပြုလာကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသောပဲပုပ်မျိုးများမှာ သက်လျင်၊ သတ်လတ်မျိုးများ ဖြစ်သည်ကိုတွေ့ရှိရပြီး သေသေချာချာဂရုစိုက်၍ စိုက်ပျိုးမည်ဆိုပါက အနည်းဆုံး သုံးလမှ အများဆုံး လေးလအတွင်း ဝင်ငွေရရှိနိုင်သည့် အထွက်နှုန်း ကောင်းမျိုးများဖြစ်ကြသည်။ စပါးရိတ်သိမ်းပြီးချိန် သီးထပ်အဖြစ် ကျန်ရှိနေသောအစိုဓာတ်ကို အသုံးပြုကာ အလွယ်တကူ စိုက်ပျိုးနိုင်သည့်အပြင် ပြောင်းသီးနှံစိုက်ပြီးနောက်ပိုင်းတွင်လည်း သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။ ဧရိယာများ တိုးချဲ့စိုက်ပျိုးသော်လည်း မျိုး၊ မြေ၊ ရေ၊ နည်း မမှန်ကန်ပါက လုပ်အား၊ ငွေအား ဆုံးရှုံးမှုသာ ဖြစ်ပေါ်စေမည်ဖြစ်၏။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီမှုရှိသည့် အထွက်ကောင်းမျိုးများကိုသာ စနစ်တကျ ရွေးချယ် စိုက်ပျိုးကြဖို့ လိုအပ်ပေသည်။
ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိသည်ကို တွေ့ရှိရပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချလျက်ရှိနေသည်။ ထို့ပြင် နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးလျက်ရှိသော ပဲသီးနှံအဖြစ် ရပ်တည်သည်။ ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံကဏ္ဍအား အလေးပေး ဆောင်ရွက်ကာ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိနေသည်။ ကုန်ကြမ်းဆီထွက်သီးနှံများ ဆီထွက်နှုန်းကောင်းစေရန် မဖြစ်မနေလိုအပ်သည့် ဆီကြိတ်ခွဲ သန့်စင်စက် များကိုလည်း အဆင့်မြှင့်တင်ပေးနေသည်ကို တွေ့ရှိရသည်။ ပဲပုပ်သီးနှံနှင့် ကုန်ကြမ်းများအတွက် အဓိက လိုအပ်သည့် အခြောက်ခံစက်များ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ သိုလှောင်မှု နည်းစနစ်များ စသည်တို့ကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး ဈေးကွက်လည်းခိုင်မာမှုရှိမည်ဆိုပါက အရည်အသွေးမီ ပဲပုပ်၊ ပဲပုပ်ဆီနှင့် အခြားသောထွက်ကုန်များ တိုးချဲ့ ထုတ်လုပ်နိုင်မည်ဖြစ်၏။ ထို့ကြောင့် လူသားတို့၏ ကျန်းမာရေးရှုထောင့်အတွက်သာမက တိရစ္ဆာန်အစာများ၊ အခြားသော ကုန်ထုတ်လုပ်ငန်းများအတွက်ပါ အကျိုးဖြစ်ထွန်းစေသည့် ဆီထွက်သီးနှံပဲပုပ်အား စနစ်တကျစိုက်ပျိုးကြမည်ဆိုပါလျှင် ဝင်ငွေတိုးပွားမည် ဖြစ်သလို တစ်ဖက်တွင်လည်း နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် အထောက်အကူပြု စေမည်ဖြစ်ပါကြောင်း မှတ်သားမိသမျှဗဟုသုတများမှတစ်ဆင့် ရေးသားတင်ပြလိုက်ရပါသည်။ ။
နွေကံ့ကော်(မြို့လှ)