ပါရီအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်ခွင့်ရရှိ
ရန်ကုန် မေ ၁၇
မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာသည် လက်ရည်စစ်ပွဲအောင်မြင်ခဲ့သဖြင့် ယခုနှစ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ပါရီအိုလံပစ်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကာလကို၂၀၂၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလ၂၈ ရက်အထိ သတ်မှတ်ခဲ့ပြီး သက်ထားသူဇာသည် ယင်းကာလအတွင်း ပြိုင်ပွဲ ၂၃ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လက်ရည်စစ်ပွဲကာလအပြီးတွင် သက်ထားသူဇာသည် ရမှတ် ၃၂၆၃၀ ရရှိပြီး အဆင့် ၂၂ ရရှိကာ လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ လက်ရည်စစ်ပွဲအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁ မှ ၁၆ အတွင်းရပ်တည်နေသူများအနက် တစ်နိုင်ငံလျှင် အများဆုံးနှစ်ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သော်လည်း အဆင့် ၁၇ နောက်ပိုင်း ရပ်တည်သူများအနေဖြင့် တစ်နိုင်ငံလျှင် အများဆုံးတစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ပါရီအိုလံပစ်ကြက်တောင်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ကစားသမား ၃၉ ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်မှ ၃၂ ဦး၊ ဖိတ်ကြားခံနှင့် တိုက်ကြီးများအလိုက် ကိုယ်စားပြု ကစားသမားခုနစ်ဦး ပါဝင်မည်ဖြစ်သည်။
သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရပြီးနောက် ယခု ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။ သက်ထားသူဇာသည် နှစ်ကြိမ်စလုံးလက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-BWF