ဆေးဖက်ဝင် ကြောင်ပန်းပင်

ဆေးဖက်ဝင် ကြောင်ပန်းပင်

ကြောင်ပန်းပင်သည် ကျွန်းမျိုးရင်းဖြစ်ပြီး အမည်မှာ Verbaneaceae  ဖြစ်သည်။   ရုက္ခဗေဒအမည်အရ Vitex  Trifolia  Linn  ဟုခေါ်၍  အင်္ဂလိပ်အမည် Indian Wild Pepper ဟု ခေါ်သည်။

အပင်မှာ ချုံငယ်ပင်မျိုးဖြစ်ပြီး အမြင့် ၁၅ ပေခန့်အထိ ရှိတတ်သည်။  ပင်စည်မှာ  ညိုခြောက်ခြောက် အရောင်ရှိသည်။  အခေါက်ပါးသော်လည်း  အနည်း ငယ်ကြမ်းသည်။

အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျထွက်သည်။ ယင်းသုံးရွက်တွင် အလယ် ရွက်က ကျန်ဘေးနှစ်ရွက်ထက် ပိုကြီးပြီး ပိုရှည်သည်။ အရင်းသွယ်၍  ထိပ်ဖျားချွန်သည်။   ရွက်ညှာသည် တစ်လက်မ    သို့မဟုတ်   တစ်လက်မခွဲခန့်ရှိသည်။

အရွက်၏အောက်မျက်နှာမှာ  မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာမှာ အစိမ်းပုပ်ရောင်ဖြစ်သည်။

အပွင့်မှာသေးငယ်ပြီး စုပြုံပွင့်သည်။ အရောင်မှာခရမ်းရောင်ဖြစ်၍ ပွင့်ဖတ်ငါးခုပါရှိသည်။  ပွင့်ဖတ် တစ်ခုမှာရှည်၍  အနည်းငယ်ကြီးပြီး  ယင်းအပေါ်၌ အရည်ရွှမ်းသောမွေးနုကလေးများပါရှိသည်။  ကျန်  ပွင့်ဖတ်လေးခုမှာ  ရွယ်တူဖြစ်ပြီး  ခရမ်းနုရောင်ဖြစ် သည်။  ကဆုန်၊  နယုန်လများတွင်  အပွင့်ပွင့်လေ့ရှိသည်။

အသီးမှာ လုံးဝိုင်း၍ ထိပ်ဘက်မှာ နီညိုရောင်ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလများတွင် အသီးသီးသည်။  အပူပိုင်းဒေသတွင်  အများအပြား တွေ့ရတတ်သည်။ သဘာဝအလျောက်ပေါက်ရောက်သည်။ အရွက် နှင့်အစေ့တို့ကို ဆေးဖက်ဝင် အသုံးပြုနိုင်သည်။

ကြောင်ပန်းပင်နှင့် မြန်မာဆေးကျမ်းများ

 မြန်မာဆေးကျမ်းများအဆိုအရ ကြောင်ပန်းပင်သည် ခါး၏။ ဖန်၏။ ပူ၏။ ဝမ်းမီးကိုတောက်စေ၏။ လေကိုနိုင်၏။ အနာကိုအသားနုတက်စေ၏။ အဖျားကိုနိုင်၏။ ဓမ္မတာမှန်စေ၏။ အားအင်တိုးပွား၏။ အဆိပ်ကိုပြယ်စေ၏ဟု ဖော်ပြထားသည်။

 ကြောင်ပန်းရွက်သည်  အဆိပ်သင့်နာ၊  နူနာ၊ ပိုးနာ၊  လေနာ၊   သလိပ်နာများကိုနိုင်၏။ ကြေလွယ်၊ ကျက်လွယ်သောသတ္တိရှိသည်။

 ကြောင်ပန်းရွက်သည်   လေကိုလည်းကောင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်းတို့ကိုလည်းကောင်း သက်သာ ပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်သည် ပူခါးသောအရသာရှိ၏။ သလိပ်ကိုနိုင်၏။ အဆိပ်အတောက်ကို ပြယ်စေတတ်သောသတ္တိရှိသည်။

ကြောင်ပန်းပင်နှင့် ကျန်းမာရေး

ကြောင်ပန်းရွက်ကို   အရည်ညှစ်သောက်ခြင်း၊ ကြော်ချက်စားခြင်းဖြင့် အကြောရောဂါနှင့် အရေပြားရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

ကြောင်ပန်းရွက်အရည် (သတ္တုရည်) ထဲကို နှမ်းဆီနှင့် ပျားရည်အနည်းငယ်ထည့်ပြီး နားကျပ်ပေးခြင်းဖြင့် နားပြည်ယို၍ နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်အရည် (သတ္တုရည်)ကို သက်ရင်းကြီးမြစ်နှင့် ရောသွေးပြီးသောက်ပါက ခန္ဓာကိုယ် ဖောရောင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။

 အနာဆွေးအနာပေါက်များကို ကြောင်ပန်းရွက်ကို ကြိတ်ညှစ်၍ရလာသောအရည်ဖြင့်    ပွတ်လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်ပြုတ်ရည်ကို   သောက်ပါက ညောင်းကျရောဂါ၊  ငှက်ဖျားရောဂါနှင့်  မီးတွင်းဖျား ရောဂါများကို ပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်ကို    ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက  လေနာရောဂါ၊  ဝမ်းဖောဝမ်းရောင်၊ ဝမ်းကိုက်ရောဂါများ ပျောက်ကင်းစေနိုင်သည်။

 အိပ်မပျော်ခြင်းနှင့် ဦးနှောက်တွင်ဖြစ်သောရောဂါများအတွက် ကြောင်ပန်းရွက်အခြောက်ကို ခေါင်းအုံးပြုလုပ်၍ အိပ်ခြင်းဖြင့်   နှစ်ခြိုက်စွာအိပ်ပျော်စေနိုင် သည်။

 ကလေးများအညှော်မိခြင်း၊      အဖျားကြီးခြင်းအတွက် ကြောင်ပန်းမြစ်ကိုသွေး၍  တိုက်ကျွေးခြင်းဖြင့် လည်းကောင်း၊   နှာရှူဆေးအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

 ကိုယ်လက်မအီမသာဖြစ်ခြင်းအတွက် ကြောင်ပန်းရွက်နှင့် သက်ရင်းကြီးရွက်တို့ကို ပါးပါးလှီးပြီး ဆားအနည်းငယ်ထည့်၍ ကြပ်ထုပ်ထိုးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်ကိုပြာချပြီး အုန်းဆီနှင့်ဖျော်၍ ဝဲစို၊ ဝဲခြောက်များနှင့် အရေပြားပေါ်တွင်ပေါက်သော  ယားနာအမျိုးမျိုးတို့ကို   လိမ်းပေးပါက   သက်သာ ပျောက်ကင်းစေနိုင်သည်။

 ကြောင်ပန်းရွက်ကို  ကြက်သွန်ဖြူ၊  နနွင်းတို့ဖြင့်ကြိတ်၍ ဆီးကင်းခန့် တစ်နေ့သုံးကြိမ် ရေနွေးဖြင့် သောက်ပေးပါက  ချောင်းဆိုးသွေးပါ၊  အဆုတ်နာ၊ တီဘီရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။

ကလေးငယ်များလေနာခြင်းအတွက် ကြောင်ပန်းရွက်ကိုကြိတ်၍   ဗိုက်ကိုစည်းပေးပါက  သက်သာ ပျောက်ကင်းစေနိုင်သည်။

ကြောင်ပန်းပင်နှင့် စားသုံးပုံ

ကြောင်ပန်းရွက်ကိုပြုတ်၍ ငါးပိရည်၊ ငံပြာရည်ချက်တို့နှင့်  တို့စရာအဖြစ်လည်းကောင်း၊ ပြုတ်၍ အသုပ်အဖြစ်လည်းကောင်း၊  ဟင်းခါးအဖြစ်လည်းကောင်း၊ မန်ကျည်းရည်ထည့်၍ အချဉ်ဟင်းအဖြစ် လည်းကောင်း စားသုံးနိုင်သည်။ ကြောင်ပန်းရွက်ကို ပြုတ်သောအခါ ရေအေးနှင့်ရော၍မပြုတ်ဘဲ   ပွက်ပွက်ဆူသော ရေနွေးတွင် ကြောင်ပန်းရွက်ကိုထည့်၍  မနွမ်းခင်  စားသုံးသင့်သည်။  ထိုမှသာ  အာဟာရ ဓာတ်မပျက်ပြယ်ဘဲ စားသုံးနိုင်မည်ဖြစ်သည်။

ပြည်တွင်း၌ အလေ့ကျပေါက်ရောက်သည့် ကြောင်ပန်းပင်မှထွက်ရှိသော ကြောင်ပန်းစေ့များကို  လွန်ခဲ့သော ၁၀ နှစ်ခန့်ကစပြီး  တရုတ်နိုင်ငံဈေးကွက်သို့ စမ်းသပ်တင်ပို့ရောင်းချခဲ့ရာမှ    ဈေးကွက်ခိုင်မာမှု ရရှိခဲ့သည်။   မြန်မာနိုင်ငံမှ    ကြောင်ပန်းစေ့များကို တရုတ်နိုင်ငံ၌ အိမ်သုံးဆေးဝါးနှင့် အလှကုန်ပစ္စည်း များထုတ်လုပ်ရာတွင် အသုံးပြုကြသည်။

ကြောင်ပန်းပင်များသည် နှစ်စဉ် မိုးဦးကာလတွင် အသီးများစတင်သီးပြီး   သြဂုတ်လမှစ၍ အသီးကို ဆွတ်ခူးနိုင်ကာ အစေ့ကိုထုတ်ယူကြရသည်။ ယခုနှစ် ကြောင်ပန်းပင်အသီးသီးသော ရာသီတွင်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းလာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာကာ အရောင်း

သွက်နေကြောင်း၊  တရုတ်နိုင်ငံသည်  ယမန်နှစ်က ကြောင်ပန်းစေ့တစ်ပိဿာလျှင်  ငွေကျပ်  ၁၈၀၀၀ ဖြင့် ဝယ်ယူခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၄၂၀၀၀ အထိပေးကာ ဝယ်ယူနေမှုကြောင့် နိုင်ငံခြားဝင်ငွေရရှိနေကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုရသော်  အလေ့ကျပေါက်သည့် ကြောင်ပန်းပင်သည် ဘေးထွက်ဆိုးကျိုးမရှိဘဲ  ဆေး ဖက်ဝင် အသုံးပြုနိုင်သည့်အပြင်   ကြောင်ပန်းစေ့၏ ဈေးနှုန်းမှာ     တစ်နှစ်ထက်တစ်နှစ် မြင့်မားလာ၍ နိုင်ငံခြားဝင်ငွေ ရှာပေးသော မြေကြီးက ရွှေသီးသကဲ့သို့ အလေ့ကျပေါက်ရောက်နေသည့် ကြောင်ပန်းပင်များကို  တစ်ပိုင်တစ်နိုင်မှသည်  ဈေးကွက်ဝင်ပျိုးပင်များအဖြစ် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် ရောဂါအမျိုးမျိုးတို့အား ငွေမကုန်စေဘဲ သက်သာပျောက်ကင်းစေနိုင်ကြောင်း ရေးသားလိုက်ရပါသည်။                          

ပေါက်ပေါက်