မန်ယူအသင်း လူငယ်ကစားသမား ယိုရိုအနေဖြင့် တစ်ဦးတည်း လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နေပြီး မကြာမီ ပွဲစဉ်များ ပါဝင်ကစားနိုင်မည်

 

မန်ယူအသင်း လူငယ်ကစားသမား ယိုရိုအနေဖြင့် တစ်ဦးတည်း လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နေပြီး မကြာမီ ပွဲစဉ်များ ပါဝင်ကစားနိုင်မည်

 

မန်ချက်စတာ   ဩဂုတ်  ၂၁

မန်ယူအသင်းက  လူငယ်ခံစစ်ကစားသမား ယိုရိုအနေဖြင့် ဒဏ်ရာမှ  ပြန်လည်သက်သာလာသည့် အတွက် တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နေပြီး မကြာမီအသင်းနှင့်အတူ ပွဲစဉ်များတွင် ပါဝင်ကစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယိုရိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက  လိုင်လီအသင်းနှင့်အတူ  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြင်သစ်လီဂူးပြိုင်ပွဲတွင် ဘောလုံးပေးပို့မှု ၁၇၂၇ ကြိမ် အထိပြုလုပ်နိုင်ခဲ့ကာ ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ဘောလုံးပေးပို့မှု အများဆုံး    လူငယ်ကစားသမား အဖြစ်ပင်   အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက်  ဥရောပထိပ်တန်း အသင်းကြီးများနှင့်   အပြိုင်ကမ်းလှမ်းရာမှ မန်ယူအသင်းက  ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

‌မန်ယူအသင်းက ယိုရိုကို ဥရောပထိပ်တန်း အသင်းကြီးများကို ကျော်ဖြတ်ပြီး    ပြောင်းရွှေ့ကြေး   စတာလင်ပေါင် ၅၂ ဒသမ ၂ သန်းဖြင့် ခေါ်ယူခြင်းဖြစ်ပြီး ယိုရိုအနေဖြင့်   မန်ယူအသင်းနှင့်အတူ  ရာသီကြိုခြေစမ်းပွဲစဉ်များ ကစားခဲ့ကာ ဒဏ်ရာကြောင့်  အနားယူနေရခြင်းဖြစ်သည်။

ယိုရိုသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ရာသီကြိုလေ့ကျင့်ရေး ခရီးစဉ်တွင်စတင် ပူးပေါင်းခဲ့ကာ ရိန်းဂျားအသင်းနှင့် မန်ယူအသင်းတို့ကစားသည့် ရာသီကြိုခြေစမ်းပွဲ၌ ပါ၀င်ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော်လည်း  အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ကစားသည့်ပွဲတွင်  ခြေထောက်အရိုးကျိုး ဒဏ်ရာရရှိခဲ့၍  ခွဲစိတ်ကုသမှု ခံယူရပြီး အနားယူနေခဲ့ရသူဖြစ်သည်။

‌နည်းပြတန်ဟတ်က "ယိုရိုအနေနဲ့ ဒဏ်ရာကနေ အမြန်ဆုံးပြန်လည် သက်သာအောင်  အစွမ်းကုန် ကြိုးစားနေပါတယ်။ အခုဆိုရင်  သူ့အနေနဲ့တစ်ဦးတည်း  လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေပါပြီ။ ယိုရိုကတော့ မကြာခင်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီးတော့  စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်ဆောင်နိုင်မှာပါ။   မကြာမီ အသင်းနဲ့အတူ ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မှာပါ"ဟု ပြောသည်။

အစောပိုင်းက ယိုရိုအနေဖြင့် ဒဏ်ရာကြောင့် သုံးလခန့် အနားယူရမည်ဟု အတည်ပြုထားသော်လည်း လက်ရှိတွင် အမြန်ဆုံး သက်သာလာဖွယ်ရှိနေသည့်အတွက် စက်တင်ဘာလ ၁၄ ရက်တွင် ကစားမည့် ဆောက်သမ်တန် အသင်းနှင့်ပွဲစဉ်၌  ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Dates: 
Thursday, August 22, 2024 - 12:08