စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

ဖက် နဲ့ ဘက်

(ယမန်နေ့မှအဆက်)

စင်စစ်အားဖြင့် ယနေ့ပြဋ္ဌာန်းထားသော “ဘက်” အရေးမှန်သမျှသည် ရင်းမြစ်နက်မရှိပါ။ “ဖက်” ကို “ဘက်” ဟု ပြောင်းလဲရေးထားသော အရေးများသာဖြစ်ကြသည်။ ထို့ကြောင့် “ဘက်” အားလုံး၏ အနက်ကို “ဖက်” ၌သာ ရှာကြရမည်ဖြစ်သည်။ မြန်မာစာအဖွဲ့က စာလုံးပေါင်းသတ်ပုံ ပြဋ္ဌာန်းရာတွင် အနက်ရှိအတိုင်း အနက်စွဲအရေးချည်း ပြဋ္ဌာန်းထားသည် မဟုတ်။ အသံစွဲအရေးများ ခွင့်ပြုသင့်သည်ကို အသံစွဲအရေး “ဘက်” ဖြင့် ခွဲခြားပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။

“ဖက်” နှင့် “ဘက်” ကို ခွဲခြားပြဋ္ဌာန်းရာတွင် အများပြည်သူတို့ အလွယ်တကူ ခွဲခြားသတ်မှတ်နိုင်စေရန်  ရည်ရွယ်၍ အောက်ပါအတိုင်း ခွဲခြားပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ဖက်

    “ဖက်” ကို အောက်ပါဝေါဟာရတို့၌ သုံးသည်-

၁။      ကြိယာ “ဖက်”။  ။ ၀ါစင်္ဂအားဖြင့် ကြိယာဖြစ်သော “ဖက်”  ကို   လုံးချင်းဖြစ်စေ၊   အခြားကြိယာ တစ်ခုတွဲလျက်   ထိုကြိယာ၏    ရှေ့မှာရှိသည်ဖြစ်စေ၊ နောက်မှာရှိသည်ဖြစ်စေ “ဖက်” ကို သုံးသည်။

          သာဓက။   ။ဖက်သည်၊ ဖက်ယမ်းသည်၊ ဖက်ပွေ့သည်၊ စုံဖက်

သည်၊ စွက်ဖက်သည်၊ ဆွဲဖက်သည်၊ တွဲဖက်သည်၊   ပေါင်းဖက် သည်၊   ပွေ့ဖက်သည်၊ ယှဉ်ဖက်သည်၊ လိုက်ဖက်သည် စသည်။

၂။       အဖော်အဖက်။   ။ -ဖော်-ဖက်နှင့်တွဲ၍ဖွဲ့ထားသော နာမ်များကို မည်သို့ပင်အသံထွက်စေ “ဖက်” ကိုသုံးသည်။

          သာဓက။ ။ကူဖော်လောင်ဖက်၊ ကြင်ဖော်ကြင်ဖက်၊ ဆေးဖော် ကြောဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သွားဖော် လာဖက် စသည်။

၃။      သင်္ချာကိန်းဂဏန်းပါသောဖက်။  တစ်၊ နှစ်၊ သုံး စသည့် သင်္ချာ ကိန်းဂဏန်းများနှင့်  ယှဉ်တွဲသော အခါတွင် မည်သို့ပင်အသံထွက် စေ “ဖက်” ကို သုံးသည်။

          သာဓက။   ။ တစ်ဖက်တစ်ချက်၊  နှစ်ဦးနှစ်ဖက်၊ သုံးဖက်မြင်၊ လေးဖက်နာ၊ အနားငါးဖက်ပါ ပဉ္စဂံ၊  လေးလုံးခြောက်ဖက် စသည်။

ဘက်

          “ဘက်” ကို အောက်ပါဝေါဟာရတို့၌ သုံးသည်-

၁။      “အရပ်မျက်နှာ” ကို ညွှန်းသောအခါ အသံမည်သို့ပင် ထွက်စေ “ဘက်” ကို သုံးသည်။

          သာဓက။   ။ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်၊ အရှေ့မြောက်ဘက်၊  အနောက်တောင်ဘက် စသည်။

၂။       “တည်နေရာ” ကို ညွှန်းသောအခါ အသံမည်သို့ပင်ထွက်စေ “ဘက်” ကို သုံးသည်။

          သာဓက။    ။ အိမ်ဘက်မှာ၊ စျေးဘက်မှာ၊ ကျောင်းဘက်မှာ၊ မြစ်ဘက်မှာ၊ တောဘက်မှာ၊ အထက် ဘက်မှာ၊  အောက်ဘက်မှာ၊ ဝဲဘက်မှာ၊ ယာဘက်မှာ စသည်။

၃။      “သူ၊ ငါ၊ ကျား၊ မ” စသည်ကို ညွှန်းသောအခါ အသံ မည်သို့ပင်ထွက်စေ “ဘက်” ကိုသုံးသည်။

          သာဓက။    ။ သူ့ဘက်၊ ကိုယ့်ဘက်၊ ငါ့ဘက်၊ သင့်ဘက်၊ ယောက်ကျားဘက်၊ မိန်းမဘက်၊  လင်ဘက်၊  မယားဘက်၊ သမက်ဘက်၊ ချွေးမဘက်၊ ခဲအိုဘက်၊ မတ်ဘက် စသည်။

၄။      အာဒိစကားလုံး(အစ စကားလုံး)ဖြစ်လျှင် ဘက်ဟုပင် အသံထွက်၍ “ဘက်” ကိုပင်သုံးသည်။

          သာဓက။    ။ ဘက်ကန်၊ ဘက်စုံ၊ ဘက်ပေါင်းစုံ၊ ဘက်မလိုက်၊ ဘက်လိုက် စသည်။

          ခြွင်းချက်။  ။အဖော်အဖက်မှန်သမျှကို -ဖော်-ဖက် ဟု “ဖ” ဦးထုပ်ဖြင့် ရေးရန်ဖြစ်သော်လည်း ရဲဘော်ရဲဘက်၊ ရဲဘော်၊ ရဲဘက်တို့ကိုမူ ဘကုန်းဖြင့်ပင် ရေးပါသည်။ အရေးတွင်ကျယ်မှု အရ  ခြွင်းချက် ထားသည်ဟု မှတ်ယူရပါမည်။

 

                   ဆောင်ပုဒ်

  • အရပ်မျက်နှာ၊ တည်နေရာ၊ သူငါကျားမ၊ အာဒိစ၊ ရေးကြ ဘကုန်းနှင့်။
  • ကြိယာဖက်၊ အဖော်ဖက်၊  ယှဉ်လျက် သင်္ချာ၊ ရေတွက်ခါ၊ ရေးပါဖဦးထုပ်နှင့်။
  • ရဲဘော်ရဲဘက်၊ မျှသာပက်၊ ခြွင်းချက်ထားကုန်လင့်။

 မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။