မသိမဖြစ်သော လျှပ်စစ်ဓာတ်အား တရားမဝင် သုံးစွဲမှုအန္တရာယ်

 

မသိမဖြစ်သော လျှပ်စစ်ဓာတ်အား တရားမဝင် သုံးစွဲမှုအန္တရာယ်

 

ယခုအခါ နိုင်ငံတစ်ဝန်းလျှပ်စစ်ဓာတ်အား မလုံလောက်မှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင်ပြီးရော”ဆိုသကဲ့သို့ မိမိတို့ အကျိုးစီးပွားအတွက် တရားမဝင်ဓာတ်အား သုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက်ရှိနေကြသည်။   တရားမဝင်ဓာတ်အား သုံးစွဲမှုများသည် နှစ်စဉ်တိုးပွားလာနေပြီး ယခုအခါ တရားမဝင်သုံးစွဲမှုများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  စစ်ဆေးဖော်ထုတ်လျက်ရှိနေရာ အမှုပေါင်းသောင်းနှင့်ချီ၍ စစ်ဆေး တွေ့ရှိနေရသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ယူနစ်ပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးရပြီး ဓာတ်အားခဘီလီယံနှင့်ချီ၍  နစ်နာကြေး တောင်းခံနေရသည်ကို တွေ့ရှိနေရသည်။

သို့ဖြစ်၍ ယခုအခါလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်   တရားမဝင်ဓာတ်အား သုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်မှ အထူးကြပ်မတ်၍ စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိပြီးသူ အချို့ကလည်း မီတာများအား မသမာသည့် နည်းလမ်းများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေသလို လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် မရရှိသေးသူများကလည်း  တိုက်ရိုက်ချိတ်ဆက် ခိုးယူသုံးစွဲနေကြသည်။ တရားမဝင်ခိုးယူ သုံးစွဲမှုများကို လေ့လာရာတွင် တိုက်ရိုက်ခိုးယူ သုံးစွဲမှုများသည် အများဆုံးဖြစ်ပြီး ဝန်ပိုသုံးစွဲခြင်း၊ ဆင့်ပွားသုံးစွဲခြင်း၊ ရှန့်လင့်ခွာ၍   ခိုးယူသုံးစွဲခြင်း၊  မီတာခွထောက် ပြုလုပ်သုံးစွဲခြင်း၊ ကာဗာဆီးလ်ဖြုတ်အတွင်း  ပြုပြင်သုံးစွဲခြင်းများကိုလည်း အထိုက်အလျောက် တွေ့ရှိနေရသည်။ မီတာတပ်ဆင်ထားပြီး   ဓာတ်အားခ အပြည့်အဝမပေးရအောင်၊ မီတာသုံးစွဲယူနစ် မတက်အောင်၊ အလည်နှေးအောင် စသည်ဖြင့် နည်းမျိုးစုံဖြင့်   ခိုးယူသုံးစွဲနေတာမျိုးကိုလည်း  စစ်ဆေးတွေ့ရှိနေရသည်။

လျှပ်စစ်ဥပဒေအရ တရားမဝင်ဓာတ်အား သုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့လျှင် နေအိမ်ဖြစ်စေ၊ စက်ရုံ/လုပ်ငန်းဖြစ်စေ တပ်ဆင်သုံးစွဲထားသော ဝန်အားပမာဏအပေါ်အခြေခံ၍တစ်နေ့ ၈  နာရီ သုံးသည်ဖြစ်စေ၊    မသုံးသည်ဖြစ်စေသုံးသည်ဟု မှတ်ယူ၍ တစ်နှစ်စာ နောက်ကြောင်းပြန်တွက် ချက်လျက် လျော်ကြေးများ ကောက်ခံသွားမည်ဖြစ်သလို လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခံရခြင်း၊ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရခြင်း အပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည့်အပြင် မီးသုံးစွဲမှုလည်း ဖြတ်တောက်ခံရမည် ဖြစ်သည်။ ထိုသို့မီတာတပ်ဆင်ပြီး ခိုးယူသုံးစွဲနိုင်ရန် ဆောင်ရွက် ပေးရာတွင် ဝန်ထမ်းများပါဝင် ပတ်သက်နေပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး၍  အလုပ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်း  စသည်တို့အား ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။   မီတာတပ်ဆင်ခြင်းမရှိဘဲ တိုက်ရိုက်ခိုးယူ သုံးစွဲခြင်းသည် ပြည်သူပိုင်ပစ္စည်းအား ခိုးယူခြင်းဖြစ်၍ ဥပဒေကြောင်းအရ ရဲစခန်း၌  အမှုဖွင့်၍ တရားရုံးတွင် တရားစွဲဆိုရာတွင် လိုအပ်ပါက လျှပ်စစ်ဥပဒေသာမက အခြားသောပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေများဖြင့်ပါ တရားစွဲဆိုသွားမည်ဟုလည်း  သိရသည်။

ထိုကဲ့သို့ နည်းအမျိုးမျိုးဖြင့် တရားမဝင်ဓာတ်အား သုံးစွဲသူများသည် မီတာခကုန်ကျစရိတ်မရှိသဖြင့် ဓာတ်အားရရှိချိန်တွင် အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲကြခြင်းကြောင့်   နိုင်ငံ၏ ဓာတ်အားမလုံလောက်မှုကို ပိုမိုဆိုးရွားသွားစေသည်။ သို့ဖြစ်၍ လျှပ်စစ်မီးပြည့်ဝစွာ သုံးစွဲလိုသည့် တရားဝင်မီတာဖြင့် မှန်မှန်ကန်ကန်သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီးကိုချွေတာ သုံးစွဲရုံသာမကတရားမဝင် ဓာတ်အားခိုးယူ သုံးစွဲနေမှုများ‌ကြောင့် ဓာတ်အားမလုံ‌လောက်ဖြစ်ပေါ်စေခြင်းအား သိမြင်နားလည်ကြပြီး လျှပ်စစ်ဌာနသို့ သတင်းပေးဖော်ထုတ် တိုင်ကြားအသိပေးခြင်းဖြင့် ဓာတ်အား မလုံလောက်နေချိန်တွင် ပိုမိုသုံးစွဲလာနိုင်ရုံမက ဆေးရုံ၊ စာသင်ကျောင်း စသည့်လျှပ်စစ်မီးအရေးကြီး လိုအပ်သောနေရာများသို့ပါ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိခံစားလာနိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် တရားမဝင်ဓာတ်အား သုံးစွဲမှုများကြောင့် ဓာတ်အားများ ပျောက်ဆုံး၍  နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့ကျခြင်း၊  ဗို့အားများကျဆင်းလာခြင်း၊ ထရန်စဖော်မာများ   ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးခြင်း များစွာကိုဖြစ်ပေါ်စေ၍ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက် ရှိသည့်အပြင် မီးဘေးအန္တရာယ်များ၊ ဓာတ်လိုက်မှု အန္တရာယ်များလည်း  များစွာဖြစ်ပွားလျက်ရှိနေသဖြင့် တရားမဝင်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ(၅၂)နှင့် (၅၃)တို့အရ ထိရောက်စွာ အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်လျက် ရှိခြင်းလည်းဖြစ်သည်။

ဤနေရာတွင် အဆိုပါပုဒ်မနှစ်ခုအား ပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုပါသည်-

ပုဒ်မ(၅၂)။    ။ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှလျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊  ဖြုန်းတီးခြင်း၊  အသုံးပြုခြင်းမပြုရ။

(လျှပ်စစ်ဓာတ်အားတိုက်ရိုက်ခိုးယူသုံးစွဲခြင်း မပြုလုပ်ရန်တားမြစ်ခြင်းဖြစ်ပါသည်။)

ပုဒ်မ(၅၃)။ ။ မည်သူမျှ  လျှပ်စီးကြောင်း လွှဲပေးခြင်း၊  လျှပ်စစ်ဓာတ်အားပေးသည့် လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်း မပြုရ။(ဓာတ်အားလိုင်းများမှ တရားမဝင်ချိတ်ဆွဲ သွယ်တန်းသုံးစွဲခြင်း၊ လျှပ်စစ်မီတာအား မသမာမှုပြုလုပ်၍ ဓာတ်အားခိုးယူခြင်းစသည်တို့အား မပြုလုပ်ရန် တားမြစ်ခြင်းဖြစ်ပါသည်။)

အဆိုပါဥပဒေအရ ပုဒ်မ(၅၂)အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင်  လျှပ်စစ်ဥပဒေပုဒ်မ(၆၂)အရ  ပထမ အကြိမ်ကျူးလွန်ပါက ငွေဒဏ်ချမှတ်နိုင်သော်လည်း ဒုတိယအကြိမ်ထပ်မံ ကျူးလွန်ကြောင်း တွေ့ရှိရလျှင်  ငွေဒဏ်အပြင် ၂ နှစ်အထိထောင်ဒဏ်ကိုပါ ချမှတ်သွားလိမ့်မည်ဖြစ်သည်။ ပုဒ်မ(၅၃)အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၃)အရ အနည်းဆုံး၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုပါချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ပုဒ်မ(၆၄)အရ အားပေးကူညီကြောင်း ပြစ်မှုထင်ရှားသူသည်  သက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ်အတိုင်း တစ်ပြေးညီ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်သွားလိမ့်မည်ဖြစ်ရာ မီးကိုမသိ၍ ကိုင်တွယ်မိပါက ပူမည်ဖြစ်သကဲ့သို့ ဥပဒေကိုမသိ၍ လုပ်မိပါသည်ဟု ထုချေ၍ရလိမ့်မည် မဟုတ်ပါ။

အများပြည်သူများအား အသိပညာမျှဝေလိုသည်မှာ လက်ရှိလျှပ်စစ်ဝန်ထမ်းဖြစ်စေ၊ ဝန်ထမ်းဟောင်းဖြစ်စေ၊   လျှပ်စစ်လုပ်ငန်း တတ်သိနားလည်သူ တစ်ဦးဦးကဖြစ်စေ ခွင့်ပြုချက်မရှိဘဲ  မီတာကို တရားမဝင်ဖြုတ်၍  Seal  ကိုဖြတ်ခြင်း/ ပြုပြင်ခြင်း ဆောင်ရွက်ပြီး မီတာအတွင်း မီတာယူနစ်မတက်အောင် ပြုပြင်ခြင်းသည် လျှပ်စစ်ဥပဒေအရ လျှပ်စီးကြောင်း လွှဲပြောင်းခြင်းဖြစ်သဖြင့် ချက်ချင်း အချုပ်အနှောင်ခံရနိုင်သည်ကို သေသေချာချာ သိရှိနားလည်ကြစေလိုသည်။

ထို့ပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တရားမဝင်ဓာတ်အားသုံးစွဲမှုကို   အရေးယူရမည့်   လုပ်ထုံးလုပ်နည်း “ရုံးအမိန့်စာ”အမိန့်အမှတ် ၅၀၄/၂၀၀၉ ညွှန်ကြားချက်အရလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စီမံခန့်ခွဲရေးနည်းလမ်းအရ တစ်ပေါင်းတည်း အရေးယူခြင်းကိုလည်း ခံကြရပါလိမ့်မည်။

အဆိုပါအမိန့်စာ(ညွှန်ကြားချက်)အရ ပြည်သူအချို့ ဆောင်ရွက်လျက်ရှိသော တရားမဝင်သုံးစွဲမှုများမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်း၊ ဆင့်ပွားဓာတ်အား ဆက်သွယ်သုံးစွဲခြင်း၊ အထွေထွေအိမ်သုံးမီတာ/ အိမ်သုံးပါဝါမီတာမှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ မီတာခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း၊ မီတာအမျိုးမျိုးအားပြုပြင်၍  ဓာတ်အားခိုးယူသုံးစွဲခြင်း၊ ကန့်သတ်ထားသော အချိန်တွင် စက်မှုလက်မှု လုပ်ငန်းများအတွက် ဓာတ်အားရယူသုံးစွဲခြင်း၊ ဓာတ်အားအလှည့်ကျ ပိတ်ထားချိန်တွင် မိမိသဘောဖြင့် မိမိဓာတ်အား ရယူသုံးစွဲခြင်း၊ ဓာတ်အားလိုင်းနှစ်လိုင်း သို့မဟုတ် နှစ်လိုင်းနှင့်အထက် ဆွဲထားခြင်း၊ မီတာအမျိုးမျိုးအားချွတ်ယွင်းမှု(Tam-pered)ဖြစ်အောင် တရားမဝင်ပြုလုပ်ခြင်း၊ မီတာနှင့်တွဲဖက်အသုံးပြုရသော  လျှပ်စစ်ပစ္စည်းများကို  မူလအနေအထား ပျက်ယွင်းအောင်ပြုပြင်မှု(Tampered)ပြုလုပ်ခြင်းတို့ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း မသမာသောနည်းလမ်း တစ်ခုခုဖြင့် လျှပ်စစ်ဓာတ်အားကို  တရားမဝင်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် ဝန်ကြီးဌာနမှ အဆိုပါအမိန့်စာပါ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းဖြင့်လည်း ထပ်မံအရေးယူ ဆောင်ရွက်သွားတော့မည်ဟု သိရသည်။

ယခင်ကာလများက မီတာများကို ပြင်ပမှသာ မသမာမှုပြုလုပ်ကြခြင်းဖြစ်ပြီး မီတာယူနစ်မတက်အောင်  မီတာမရောက်မီ အဝင်မှ သုံးစွဲခြင်း(By pass)၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုးကို   ခွထောက်ပြုလုပ်သုံးစွဲခြင်းများ၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုးပြောင်းပြန် တပ်ဆင်သုံးစွဲခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းကာလများတွင် မီတာအတွင်းသို့ပါ ပြုပြင်၍ (Tampered) ဖြစ်အောင် သုံးစွဲနေကြသူများကို အများအပြား တွေ့ရှိနေရပြီလည်းဖြစ်သည်။

သို့ဖြစ်ရာ   လျှပ်စစ်ဓာတ်အားခ မပေးရအောင် နည်းအမျိုးမျိုးဖြင့်    ပြုပြင်သုံးစွဲခြင်းများသည် တရားမဝင်ဓာတ်အား သုံးစွဲခြင်းများဖြစ်၍   ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မများအရ ပြစ်ဒဏ်ထိုက်သင့်သည့်အပြင် ၂၀၀၉ ခုနှစ် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ အမိန့်ညွှန်ကြားချက်အရလည်း စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခံရမည်ကို ပြည်သူအများ သိရှိနားလည်သဘောပေါက်ကြရန် လိုအပ်နေပြီ ဖြစ်သည်။

ဤနေရာတွင် အလျဉ်းသင့်၍ မီတာများတွင် ပြုပြင်မရနိုင်စေရန် အသုံးပြုသော Seal များအကြောင်းကိုလည်း အနည်းငယ်ရှင်းပြလိုပါသည်။ ယခုအခါ Digital မီတာများသည် Electronics စနစ်သုံးများဖြစ်ရာ  မီတာအတွင်းပိုင်းသို့ဖွင့်၍ ပြုပြင်မှုများရှိသဖြင့် မီတာအား Cover Seal ခတ်ထားသည်။ မီတာ၏ Body Cover ကိုဖွင့်မရအောင် ခတ်ထားသော Seal များဖြစ်ပြီး မီတာစတင်ထုတ်ပေးစဉ်ကတည်းက တပ်ဆင်ပြီးပါလာသော seal ဖြစ်၍ မည်သူမှ ဖွင့်ခွင့်မရှိသော  Seal  ဖြစ်သည်။  ဒုတိယအဆင့် အနေဖြင့် Terminal Seal ခတ်ထားသည်။ Terminal Seal မှာ  သက်ဆိုင်ရာမြို့နယ်  လျှပ်စစ်ဝန်ထမ်းများ ခတ်ထားသော Seal ဖြစ်ပြီး တာဝန်ရှိသူမှအပ ဖွင့်ခွင့်မရှိပါ။        

နောက်တစ်မျိုးမှာ မီတာတပ်ဆင်ထားသည့် Box ကို ခတ်သော Box Seal ဖြစ်ပြီး Terminal Seal ကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ Seal များ အဆင့်ဆင့်ခတ်၍ ပြုလုပ်ထားသော မီတာအား Seal ပျက်စီးနေလျှင်၊ Seal မရှိတော့လျှင် Tampered ဟုသတ်မှတ်ပြီး သတ်မှတ်ထားသည့် စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။

မီတာမရှိဘဲတိုက်ရိုက်လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်း အတွက် တပ်ဆင်ဝန်အားအရ ၁၂ နာရီနှုန်းဖြင့် တစ်နှစ်စာ လျော်ကြေးတောင်းခံမည်ဖြစ်သလို တရားစွဲဆိုခြင်းကိုပါ ခံကြရပါမည်။ မီတာရှိပြီး တရားမဝင်သုံးစွဲခြင်းအတွက် တပ်ဆင်ဝန်အားအရ တစ်နေ့ ၈ နာရီနှုန်းဖြင့် တစ်နှစ်စာလျော်ကြေး တောင်းခံမည်ဖြစ်သည့်အပြင် ဒဏ်ကြေးနှင့်အစားထိုးတပ်ဆင်ခများကိုပါ ပေးဆောင်ကြရမည်ဖြစ်သည်။ လျော်ကြေးတောင်းခံပုံမှာ လျော်ကြေး=တပ်ဆင်ဝန်အား(KW)x ၁၂ နာရီ(ဓာတ်အားသုံးစွဲချိန်)x ၃၆၅ ရက်x အမြင့်ဆုံးဓာတ်အားခနှုန်းဟု တွက်ချက်သည်။ မီတာရှိပြီး တရားမဝင် သုံးစွဲခြင်းအတွက် ဓာတ်အားသုံးစွဲချိန်ကို တစ်နေ့ ၈ နာရီဖြင့် ပြောင်းလဲတွက်ချက်မည်ဖြစ်သည်။ Over Load ဖြင့်ဆိုလျှင် အစားထိုးတပ်ဆင်ခ သုံးဆပေးသွင်းရခြင်း၊ ရိုးရိုး Tampered ဖြစ်ခြင်းအတွက်  ဒဏ်ကြေး ငွေကျပ် ၅၀၀၀၀ ပါ ပေးသွင်းရခြင်း စသည့်အခြားသော သတ်မှတ်ချက်များလည်း ရှိလာမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တရားမဝင်သုံးစွဲမှုများသည် တစ်နေ့တခြား များပြားလာလျက်ရှိနေခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်ခန့်က NEP နှင့် ပတ်သက်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်စောင်တွင် မြန်မာပြည်သူများသည် လျှပ်စစ်နှင့် ပတ်သက်၍    ဗဟုသုတလွန်စွာ နည်းပါးလှပြီး ဓာတ်အားခပေးဆောင်နေခြင်းကို အခပေးရသည်ဟု မထင်ဘဲ အခွန်ပေးဆောင်နေရသည်ဟု ထင်မြင်ယူဆနေကြကြောင်း၊ လျှပ်စစ်သုံးစွဲခြင်းအား ရပိုင်ခွင့်တစ်ခုကဲ့သို့  ယူဆနေကြကြောင်း  စသည်ဖြင့် ဖော်ပြထားသည်ကိုဖတ်ရှုခဲ့ဖူးရာ  များစွာဝမ်းနည်းဖွယ်ရာကောင်းလှသည်။   ထိုကဲ့သို့  လျှပ်စစ်ဆိုင်ရာ ဗဟုသုတနည်းပါးခြင်းကြောင့်   မိမိတို့ဆောင်ရွက်မှု၏ အကျိုးဆက်ကို  မသိမြင်ကြတော့ဘဲ မိမိအဆင်ပြေလျှင်ပြီးရော စိတ်ဓာတ်ဖြင့် တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲခြင်းများကိုဖြစ်ပေါ်လာစေသည်ဟု  စာရေးသူအနေဖြင့်  ယူဆမိသည်။  သို့ဖြစ်ပါ၍   လျှပ်စစ်ဆိုင်ရာဗဟုသုတ  ပညာပေးလုပ်ငန်းများအား များစွာဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆမိပါသဖြင့် အထက်ဖော်ပြပါ လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုများကို   မပြုလုပ်မိကြစေရန် တိုက်တွန်းရေးသား တင်ပြလိုက်ရခြင်းဖြစ်ပါသည်။   ။