တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)
နယ်နိမိတ်အနေဖြင့် ကီလိုမီတာပေါင်း ၂၂၀၀ ကျော်ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးမှာ ယခုမှပေါ်ထွန်းလာသည့် ဆက်ဆံရေးမျိုး မဟုတ်။ အေဒီ ၈၀၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်ဟုမှတ်သားရသည်။
ထိုအချိန်များကတည်းက ထိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မကြီး၏လက်အောက်တွင် ရှိနေသည့် ဒေသတစ်ခုဖြစ်သည်။ ထိုအချိန်က ယခုကဲ့သို့ နိုင်ငံရေးပဋိပက္ခများမရှုပ် ထွေးသေးပေ။
သို့သော် နယ်ချဲ့ကျူးကျော်သူများ၏ နယ်မြေသိမ်းစစ်ပွဲများကြောင့် တရုတ်ပြည်မကြီးသည်လည်းကောင်း၊ ထိုင်ဝမ်ကျွန်းသည်လည်းကောင်း နယ်ချဲ့များ၏လက်တွင်းသို့ သက်ဆင်းခဲ့ရသည်။
အတိအကျဆိုရလျှင် ၁၈၉၅ ခုနှစ်တွင် ချင်မင်းဆက်က ဂျပန်အင်ပါယာကိုစစ်ရှုံးခြင်းကြောင့် ထိုင်ဝမ်ကျွန်းကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ထိုင်ဝမ်ကျွန်းသည် ရေလက်ကြား တစ်ခုခြားနေသော်လည်း တရုတ်ပြည်မကြီး နှင့်တစ်ဆက်တည်း ဖြစ်တည်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
ထို့နောက် ဒုတိယကမ္ဘာစစ်ကာလသို့ရောက်လာသည်။ ထိုအချိန်တွင် တရုတ်ပြည်မ ကြီးကလည်း နိုင်ငံကိုကျူးကျော်သူဂျပန်တို့၏အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခွင့်ရရန် ကြိုးပမ်းနေချိန်ဖြစ်သည်။ နောက်ဆုံးတွင် ဂျပန်တို့စစ်ရှုံးပြီး တရုတ်နိုင်ငံကိုသာမက ထိုင်ဝမ်ကျွန်းကိုပါ လက်လွှတ်လိုက်ရသည်။
၁၉၄၃ ခုနှစ် ကိုင်ရိုကြေညာချက်နှင့် ၁၉၄၅ ခုနှစ် ပို့(စ်)ဒမ်ကြေညာချက်တို့ကို ကြည့်မည်ဆိုလျှင်လည်း ဂျပန်တို့အနေဖြင့် သိမ်းယူထားသော ထိုင်ဝမ်ကျွန်းကို တရုတ် ပြည်မကြီးသို့ ပြန်လည်ပေးအပ်ရမည်ဟု အတိအလင်း ဖော်ပြထားသည်ကိုတွေ့ရ သည်။ ထို့ကြောင့် ထိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မကြီး၏ နယ်မြေဖြစ်သည်ဟူသော သက်သေကအခိုင်အမာရှိပြီးဖြစ်သည်။
တစ်ဖန် ထိုအချိန်က တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ကြည့်မည်ဆိုလျှင် ၁၉၁၁ ခုနှစ်တွင် ချင်မင်းဆက်ဖြုတ်ချခံရပြီးနောက် ၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံဟူ၍ ထွက်ပေါ်လာသည်။
၁၉၂၇ ခုနှစ်တွင်မူ တရုတ်ကွန်မြူနစ်ပါတီနှင့်ကူမင်တန်ပါတီတို့ကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ပြည်တွင်းစစ်စတင်ဖြစ်ပွားသည်။ တရုတ်ပြည်မကြီးကို ဂျပန်တို့ကျူးကျော်တိုက်ခိုက်လာသောအခါ ပြည်တွင်းစစ် ဖြစ်နေသော အဖွဲ့များက ပူးပေါင်းပြီး ဂျပန်ကို တွန်းလှန်တိုက်ခိုက်သည်။
ဂျပန်တို့လက်နက်ချကာ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးသို့ပြန်လည်လွှဲပြောင်း ပေးပြီးနောက် ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ တရုတ်ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားသည်။ ထိုပြည်တွင်းစစ်တွင် ကူမင်တန်တို့ ရှုံးနိမ့်ပြီး ထိုင်ဝမ်ကျွန်းသို့ထွက်ပြေး သွားသည်။
ထိုအချိန်တွင် ထိုင်ဝမ်ကျွန်းရောက်ကူမင်တန်များက အမေရိကန်၏ အကူအညီကိုရယူကာ တရုတ်သမ္မတနိုင်ငံကို ထူထောင်ရန်ကြိုးစားသည်။ ကုလသမဂ္ဂတွင်လည်း ထိုင်ဝမ်ကျွန်းတွင်အစိုးရဖွဲ့သူများက တရုတ်နိုင်ငံကိုယ်စားပြုဟုဆိုကာ နေရာရလာ သည်။ သူတစ်ယောက်တည်းကြိုးစားမှုကြောင့်တော့မဟုတ်။ အမေရိကန်ဦးဆောင် သောအနောက်အုပ်စု၏ သွေးခွဲအုပ်ချုပ်မှုပုံစံကြောင့်သာဖြစ်သည်။
၁၉၇၁ ခုနှစ်အရောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကသာ တရုတ်နိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတိအလင်းအတည်ပြုပြီး ထိုင်ဝမ်ကျွန်းတွင် ဖွဲ့ထားသည့် အစိုးရအဖွဲ့ကို တရုတ်နိုင်ငံ အစိုးရအဖြစ် အသိအမှတ်ပြုမှုမှ ဖယ်ရှားခဲ့သည်။
တရုတ်ပြည်မကြီးက ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ပြည်နယ်တစ်ခုအဖြစ် ယနေ့အချိန် အထိ သတ်မှတ်ထားဆဲဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေပိုင်နက်ထဲတွင် ထိုင်ဝမ်ကျွန်းလည်း အပါအဝင်ဖြစ်သည်။
ထိုင်ဝမ်ကျွန်းက တရုတ်နိုင်ငံ၏ခွဲထုတ်လို့ မရသည့်အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာက တရားဝင်အသိအမှတ်ပြုထားသည်။
ထိုသို့အသိအမှတ်ပြုထားသော နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံလည်းအပါအဝင် ဖြစ်သည်။ သို့သော် အမေရိကန်သည် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆက်ဆံရေးကို ဖန်တီးလေ့ရှိသောနိုင်ငံဖြစ်သောကြောင့် ရှေ့တွင်ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောလေ့ရှိသော်လည်း နောက်ကွယ်တွင်မူ တရုတ်နိုင်ငံမှ ထိုင်ဝမ်ကျွန်းခွဲထွက်စေရန် မြှောက်ထိုးပင့်ကော်လုပ်ပေးနေသည်။
ထိုင်ဝမ်ကျွန်းကို လက်နက်တွေ တင်ပို့ရောင်းချပေးသည်။ တရားဝင်သံတမန်ဆက်ဆံ ရေးမထူထောင် ထားသော်လည်း တရုတ်အစိုးရကိုအသိမပေးဘဲ ထိုင်ဝမ်ကျွန်းသို့ သံတမန်အဖွဲ့များကို စေလွှတ်သည်။ ဒီလိုလုပ်ဆောင်နေခြင်းက ထိုင်ဝမ်ကျွန်းကို သီးခြားလွတ်လပ်သော နယ်မြေတစ်ခုအဖြစ် သတ်မှတ်နေသကဲ့သို့ဖြစ်သည်။
ထိုင်ဝမ်ကျွန်းက ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရေးကို ဖော်ဆောင်ထားသည်။ အရင်က ထိုင်ဝမ်ကျွန်းကို ထွက်ပြေးလာခဲ့ရသည့် ကွန်မြူနစ်ပါတီက အစိုးရအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နှင့်ပေါင်းစည်းရေး လုပ်ဆောင်လိုစိတ်ရှိလာသောကြောင့် Democratic Progressive Party-DPP က နောက်ပိုင်း ရွေးကောက်ပွဲများ၌ အနိုင်ရလာသည်ကို တွေ့ရသည်။
တရုတ်နှင့်ပေါင်းစည်းခြင်းသည် ထိုင်ဝမ်ကျွန်းအတွက် အကျိုးယုတ်သည့်လုပ်ရပ် မဟုတ်ဘဲ လွန်စွာမှ အကျိုးရှိစေသောရလဒ်များကို ထွက်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ တကယ်တမ်းတွင် ထိုင်ဝမ်ကျွန်း၌ နေထိုင်သူများက တရုတ်နှင့်ပူးပေါင်းလို သည်။ အမေရိကန်နှင့်အနောက်နိုင်ငံများက ထိုသို့ဖြစ်သွားမှာကို မလိုလား။ ထို့အတွက်ကြောင့်ပင် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးမှခွဲထုတ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံနှင့် ပေါင်းစည်းသွားပါက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိသည့် ကိစ္စအရပ်ရပ်တွင် ယခုထက်ပို၍တိုးတက်မှုများရှိလာနိုင်သည်။ သို့သော် အာရှ-ပစိဖိတ်ဒေသကိုလွှမ်းမိုးနိုင်ရေး ကြိုးပမ်းနေသည့် အမေရိကန်နှင့် အနောက်အုပ်စုအတွက်အရှိုက်ထိစေမည့် ထိုးနှက်ချက်ဖြစ်လာနိုင်သည်။ ထို့ကြောင့် အမေရိကန်တို့က ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးမှခွဲထွက်စေရန် ပေါ်ပေါ်တင်တင် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
သိပ်မကြာမီအချိန်တွင် ထိုင်ဝမ်ကျွန်း၌ ခေါင်းဆောင်အသစ်က ကျမ်းသစ္စာကျိန်ဆို တော့မည်။ သူ့နာမည်က လိုင်ချင်းတယ်ဖြစ်သည်။ ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ တရုတ်အစိုးရအပေါ်ထားရှိသည့် သူ၏သဘောထားက တင်းမာမှုရှိသည်။ ဒါဟာ ကောင်းမွန်သည့် အခြေအနေတော့မဟုတ်ပေ။
လိုင်ချင်းတယ်ဆိုသူမှာ ဆိုင်ယင်းဝမ်လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး DPP ပါတီမှပင် ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည်။
ဇန်နဝါရီလ ၁၃ ရက်ရွေးကောက်ပွဲတွင် ထောက်ခံမဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။
ထိုင်ဝမ်ကျွန်းက တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် တရားဝင်တည်ရှိနေသော်လည်း ခွဲထွက်ရေး ကြိုးပမ်းသူများက သူတို့ဒေသကို နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ကာ သမ္မတရွေးကောက်ပွဲများ ကျင်းပနေခြင်း ဖြစ်သည်။ တရုတ်ကတော့ ထိုရွေးကောက်ပွဲများကို ဒေသခေါင်းဆောင်ရွေးကောက်ပွဲဟုသာ သတ်မှတ်ထားသည်။
လိုင်ချင်းတယ်က ရွေးကောက်ပွဲအနိုင်ရချိန်တွင် ပြောထားသည့်စကားတစ်ခုရှိသည်။ သူ့အနေဖြင့် ထိုင်ဝမ်ကျွန်း၏ လွတ်လပ်ရေးကို တရုတ်တို့ လက်မှကာကွယ်ကာ တခြားသောဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်တည်ဆောက်သွားမည်ဟု ဆိုထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လိုင်ချင်းတယ်၏သဘောထားတချို့ကို သူ၏ ပြောစကားများတွင်လည်း တွေ့ရသည်။ သူ၏သဘောထားမှတ်ချက်ကို ပြန်ဖော်ပြရသော် ထိုင်ဝမ်ဆိုတာ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံဖြစ်ပြီး တရုတ် သမ္မတနိုင်ငံလို့ခေါ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးကို သီးသန့်ကြေညာဖို့မလိုတော့ပါဘူးဆိုပြီးဖြစ်သည်။
မကြာခင်ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမေရိကန်ဘက်က အရာရှိဟောင်း များကို စေလွှတ်သွားရန် စီစဉ်ထားသည်။ ထိုင်ဝမ်ကျွန်းနှင့် သံတမန်ဆက်ဆံရေးရှိသော နိုင်ငံ ၁၂ နိုင်ငံမှ တာဝန်ရှိသူတချို့ တက်ရောက်မည်။ သြစတြေးလျမှ လွှတ်တော်အမတ်များလည်း တက်ရောက်မည်ဖြစ်သည်။
ထိုင်ဝမ်ကျွန်းနှင့် ဆက်ဆံရေးရှိပြီး တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးမရှိသည့် နိုင်ငံများမှ ကိုယ်စားလှယ်များက ထိုပွဲသို့တက်ရောက်မည်မှာ အကြောင်းမဟုတ်။
တရုတ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် အမေရိကန်အပါအဝင်အနောက်အုပ်စုမှ တာဝန်ရှိသူတချို့အနေဖြင့် ထိုပွဲသို့တက်ရောက်မည်ဆိုခြင်းက တင်းမာမှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်သည်။
အမေရိကန်က တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ရာအတွက် ဖြစ်နိုင်သမျှသောနည်းလမ်း များအားလုံးကို ပုံအော အသုံးပြုနေသည့်အချိန်ဖြစ်သည်။ ထိုအချိန်တွင်ထိုင်ဝမ်ကျွန်း ကိုခွဲထုတ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပါက ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအထိပါ ကမောက်ကမ ဖြစ်သွားနိုင်သည်။
သို့သော် ဒီအခြေအနေတွေကို အမေရိကန်ကဂရုမစိုက်ပေ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် စိတ်ဓာတ်ရှိနေသူက အမေရိကန်ဖြစ်သည်။ ထိုင်ဝမ်ကျွန်းကတော့ ကျားချင်းကိုက်ရာ သမင်လမ်းကူးမှားဆိုသည့် စကားပုံအတိုင်း ဒုတိယယူကရိန်းဖြစ်လာနိုင်သည်။
မိမိတို့မြန်မာနိုင်ငံကမူ ဟိုးယခင်ကတည်းက ထိုင်ဝမ်ကျွန်းဆိုတာကို တရုတ်နိုင်ငံ၏ ပိုင်နက်တစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်ကျွန်းနှင့်လည်း မည်သည့်အခါကမျှ သံတမန်ဆက်ဆံရေး မထူထောင်ခဲ့ပေ။
အိမ်နီးချင်းနိုင်ငံပီပီ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံပြီး တရုတ်အစိုးရနှင့်သာ အစဉ်အဆက်သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မကြီး၏ နယ်မြေတစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံက အစဉ်အမြဲသတ်မှတ်ထားသောကြောင့် ဖြစ်သည်။
သမိုင်းအစဉ်အလာအားဖြင့် သော်လည်းကောင်း၊ မှတ်တမ်းမှတ်ရာအထောက်အထား များအရသော် လည်းကောင်း၊ ကုလသမဂ္ဂက ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များအရ သော်လည်းကောင်း ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတစ်ခုဖြစ်သည်မှာ ထင်ရှားနေသည်။
ထို့ကြောင့် အမှန်ကိုသိမြင်နေသော မြန်မာနိုင်ငံအစိုးရ အဆက်ဆက်အနေဖြင့် လက်ခံထားသည့် ဘယ်တော့မှ မပြောင်းလဲမယ့် အမှန်တရားတစ်ခုကတော့ တရုတ်နိုင်ငံဆိုတာ တစ်နိုင်ငံတည်းပါ ဆိုသည့်အချက်ပဲဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။
ထက်မြက်