ဆေးဖက်အသုံးဝင် ယာကွန်ပင်

ဆေးဖက်အသုံးဝင် ယာကွန်ပင်

နှစ်ရှည်ခံအပင်ဖြစ်သော    ယာကွန်ပင်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိဒေသအများစု၌  အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင်မျိုးရင်းသည်  Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ်  Smallanthus Sonchifolius ဖြစ်သည်။  မူလစိုက်ပျိုးရာဒေသမှာတောင်အမေရိကတိုက်ဖြစ်ပြီး      ကိုလံဘီယာနှင့် အာဂျင်တီးနားနိုင်ငံတို့၌ စိုက်ပျိုးကြသည်။ ယာကွန်ပင်    အပေါ်ပိုင်းအပင်ခြောက်၍  အရွက်ကြွေကျချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံးနိုင်ပြီဖြစ်သည်။     တူးဖော်ရာတွင်   ယာကွန်ဥများကို ထိခိုက်မှုမရှိစေရန်  အထူးဂရုစိုက်ရမည်ဖြစ်သည်။

ယာကွန်ဥသည် ပျမ်းမျှအလေးချိန် ၃၀၀ ဂရမ်ခန့်ရှိပြီး  ကြီးထွားသန်မာပါက  ၂၀၀၀  ဂရမ်ခန့်အထိရှိသည်ကို တွေ့နိုင်သည်။

မာကြွပ်ဆတ်၍ အရည်ရွှမ်းပြီး ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့ ချိုမြိန်နေသော  မြေအောက်ရှိ  ထူးခြားသောပင်စည်ဥ(Tuber Root)အတွက် ယာကွန်ပင်ကို အများဆုံးစိုက်ပျိုးကြသည်။ ယာကွန်ဥကို တူးဖော်ပြီးနောက် ခြောက်သွေ့၍ အေးမြပြီး လေဝင်လေထွက်ကောင်းသောနေရာတွင်ထားပါက   ကာလအတန်ကြာအထိ သိုလှောင်ထားနိုင်သည်။    နေရောင်တွင် နှစ်ပတ်ခန့်လှန်းပြီးစားသုံးပါက  အချိုအရသာ ပိုမိုရှိစေသည်။  အပင်တွင်းကစီဓာတ် (Carbohydrate) များပြောင်းလဲလာခြင်းကြောင့် သိုလှောင်စဉ်အတွင်း သကြားဓာတ်ပါဝင်မှုတိုးလာ၍ဖြစ်သည်။ ယာကွန်ပင်သည် စိုက်ပျိုးရလွယ်သည့်အပင်ဖြစ်၍ မည်သည့်စိုက်ပျိုးရေးအတွေ့အကြုံမျှမလိုဘဲ  အလွယ်တကူစိုက်ပျိုးနိုင်သည်။  ယာကွန်ဥအား အရည်ရွှမ်းသောဥ၊ မြေအောက်သစ်တော်သီး၊    မြေအောက်ပန်းသီး၊ ယာကွန်အာလူး၊  ယာကွန်စတော်ဘယ်ရီဟု နိုင်ငံကိုလိုက်၍ ခေါ်ဆိုမှုအမျိုးမျိုးတွေ့ရသည်။ တချို့နိုင်ငံများတွင် ယာကွန်ဥကို Super Food ဟုခေါ်ဆိုကြသည်။ ယင်းသည် ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်သည်။ ယာကွန်ပင်များသည်  အများအားဖြင့် ၄ ပေမှ ၅  ပေအမြင့်ထိရှိသည်။ အေးမြသောရာသီဥတုမျိုးကိုကြိုက်နှစ်သက်သည်။  တချို့နေရာတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိပါက  ၇ ပေမှ ၈ ပေအထိမြင့်သည်။ စိုက်ပြီး ငါးလမှ ကိုးလအတွင်း ပန်းပွင့်၍   ပန်းပွင့်မှာ အဝါရောင်ဒေစီပန်းကဲ့သို့ သေးငယ်သည့် အရွယ်ရှိကာ  အစိမ်းရင့်ရောင်အရွက်များရှိသည်။

ယာကွန်ပွင့်ကို ရုတ်တရက်ကြည့်ပါက အေးသောဒေသတွင်ပေါက်သော နေကြာအရိုင်းပန်းပွင့်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။  ယာကွန်ပင်သည်  နေကြာပန်းအမျိုးအနွယ်တွင်ပါဝင်သည်။ ယာကွန်ပင် အထက်ပိုင်းပန်းပွင့်သည် နေကြာပန်းကဲ့သို့ဖြစ်ပြီး အောက်ဘက်အမြစ်သည် ကန်စွန်းဥကဲ့သို့အသွင်ရှိကာ အရသာမှာ အရည်ရွှမ်းသောပန်းသီး၊  သစ်တော်သီးကဲ့သို့ ရှိသောကြောင့် ထူးခြားပြီး ဆွဲဆောင်မှုရှိသော အပင်တစ်မျိုးဖြစ်သည်။  ယာကွန်ဥကို အရောင်မျိုးစုံတွေ့နိုင်သည်။

အများအားဖြင့် ယာကွန်ပင်၏မူလဒေသဖြစ်သောတောင်အမေရိကတိုက်တွင် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်တို့ရှိပြီး ထင်ရှားသောအနံ့အရသာရှိသည်။   မြန်မာနိုင်ငံတွင်   အဝါရောင်ယာကွန်ဥကို အများဆုံးတွေ့ရသည်။   အများအားဖြင့် ယာကွန်ဥအခွံသည် အဝါရောင်သန်းသည့် အညိုရောင်ဖြစ်သည်။   မြေအောက်မြစ်ဖြစ်သော ယာကွန်ဥကိုချက်ပြုတ်၍သော်လည်းကောင်း၊ အစိမ်းသော် လည်းကောင်း စားသုံးနိုင်သည်။ ထို့ပြင် ယာကွန်ဥသည် အချိုဓာတ်ရသဖြင့် သကြားအစားထိုးအဖြစ် အစားအစာအမျိုးမျိုးတွင် ကျန်းမာရေး အစားအစာအဖြစ်   ထည့်သွင်းကြသည်။   ယာကွန်ဥဖျော်ရည် (Yacon Syrup) သည်   ချဉ်ဖန်ကိန်း  pH-5.4  ရှိ၍ အက်စစ်ဂုဏ်သတ္တိအနည်းငယ်ရှိပြီး     အနည်းငယ်ချဉ်သော အရသာရှိသည်။

ယာကွန်ဥတွင် ၈၉ ဒသမ ၉ ကစီဓာတ် 9-13 g/100g၊  အမျှင်ဓာတ်  3.1-4 mg/100 g၊  Fructooligo-saccharide  (FOS) 6.4-70%၊ အသားဓာတ်   2.7-4.9 g/100 g  နှင့်  သကြားဓာတ်  15-40 ပါဝင်သည်။ ယာကွန်ဥတွင်    သွေးအတွင်းရှိ   သကြားဓာတ်ကို ထိန်းညှိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ပါဝင်မှုမြင့်မားသည်။  အင်ဆူလင်သည် ရှုပ်ထွေးသောဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဖြည်းညင်းစွာ ပြိုကွဲပါက Fructose ဟုခေါ်သော အချိုသတ္တိရှိ သကြားဓာတ်အမြောက်အမြားကို ထုတ်ပေးသည်။ ယာကွန်ဥတွင်  Fructose  အမြောက်အမြားပေါင်းစည်းထားသော  Fructooligosaccharine ဓာတ်ပေါင်းနှင့်  ရေတို့အဓိကပါဝင်သည်။

ထိုဓာတ်ပေါင်းကို  ခန္ဓာကိုယ်မှ ချေဖျက်နိုင်စွမ်းမရှိပေ။   ထိုဓာတ်ပေါင်းကြောင့်   Fructose   သည် ထူးခြားစွာတန်ဖိုးရှိချိုမြိန်နေသည်။     Fructose ဆိုသည်မှာ  Fruit Sugar (အသီးအနှံတို့တွင် ပါဝင်သောအချိုဓာတ်) ဖြစ်သည်။ သဘာဝအားဖြင့်  အသီး၊ ပျားရည်နှင့်အမြစ်တို့တွင်  တွေ့နိုင်သည်။ သကြားဓာတ်များဖြစ်သည့် Sucrose ၊ Glucose ၊ Fructose နှင့် Lactose  တို့တွင်  Fructose   သည် အချိုဆုံးဖြစ်သော်လည်း  ခန္ဓာကိုယ်အတွက်   အချိုဓာတ်အနည်းဆုံးပေးသောအရာဖြစ်သည်။ ယင်းကို သကြားအစားထိုးအချိုအဖြစ် ဆီးချို၊  သွေးချိုသမားများ အာဟာရဖြည့်စွက်စားသုံးနိုင်သော အရာတစ်ခု ဖြစ်လာသည်။

ခန္ဓာကိုယ်မှ   FOS   ကို   ချေဖျက်နိုင်စွမ်းမရှိသောကြောင့်  သွေးထဲမှ သကြားဓာတ်ကိုစုပ်ယူခြင်းမရှိတော့ပေ။  သွေးထဲမှသကြားဓာတ်များခြင်းကို ကာကွယ်ပေးသည်။ ထို့ကြောင့်ပင်  အသည်းမှသကြားဓာတ်ထုတ်ခြင်းကို လျော့ကျလာစေသည်။ ထိုအချက်ကြောင့် ဆီးချို၊ သွေးချိုသမားများ ဆေးဖက်ဝင်သုံးရန် အဓိကကျစေသည်။ ယာကွန်ဥက အမျိုးအစား (၂) ဆီးချိုရောဂါကဲ့သို့ အင်ဆူလင်အပေါ်  မှီခိုနေသည့်ရောဂါများအတွက် သွေးတွင်းသကြားဓာတ်ထိန်းညှိရာတွင် အသုံးဝင်သည်ဟု သုတေသီတချို့က အခိုင်အမာဆိုထားသည်။

ယာကွန်ဥတွင် ကိုယ်အလေးချိန်ကျဆင်းစေနိုင်သည့်ပစ္စည်းများ ပါဝင်နေသောကြောင့်  Diet Potatoဟု  ခေါ်ကြသည်။  ယာကွန်ဥတွင်   ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး အချိန်အတော်ကြာ ဗိုက်ပြည့်နေသည်ဟု ခံစားရသော   Fructooligosaccharide ဓာတ်တစ်မျိုးလည်းပါဝင်သည်။      ချေဖျက်နိုင်ခြင်းမရှိသော FOS  ကြောင့် ခန္ဓာကိုယ်အတွက် ကယ်လိုရီတက်ခြင်းမရှိတော့ပေ။   FOS  များစွာပါဝင်သော ယာကွန်ကြောင့် ကျန်းမာရေးကို အထောက်အကူပြုစေသည်။ FOS သည်  အစားအစာတွင်ပါဝင်သော  သဘာဝ အစိတ်အပိုင်းဖြစ်သည်။   ကြက်သွန်ဖြူ၊  ကြက်သွန်နီ၊ ကညွတ်၊ ငှက်ပျောသီး၊ ဂျုံနှင့် ယာကွန်ဥတို့တွင် FOS ပါဝင်သည်။  ယာကွန်ဥတွင်   FOS အများဆုံးပါဝင်သည်။ အရေးပါသော FOS ကို   ခန္ဓာကိုယ်မှ မစုပ်ယူခြင်းသည် အူအတွင်းရှိ      အကျိုးပြုဗက်တီးရီးယားများက ချိုမြိန်သောအရသာကို မသိ၍မဟုတ်ပေ။ ယာကွန်ဥတွင်     ကိုယ်တွင်းရှိ   အကျိုးပြုအရာများ ကြီးထွားသန်မာခြင်းကို  အားပေးလှုံ့ဆော်သည့် အရာများ ပါရှိသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့်  သတ္တုဓာတ်များရယူမှုကိုလည်း  ယာကွန်ဥက ကူညီပေးသည်။

ယာကွန်ဥတွင် ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓာတ်အပြင်   သက်စောင့်ဓာတ်များဖြစ်သော ဗီတာမင်အုပ်စုများဖြစ်သည့် Vitamin A ၊ Vitamin B1 ၊ Vitamin B2 နှင့် Vitamin C တို့လည်း ကြွယ်ဝစွာပါဝင်သည်။   ထို့ပြင်   ရောဂါကာကွယ်စေသော ဓာတ်ပေါင်းများဖြစ်သည့်   အယ်လ်ကာရွိုက်၊ ဖ‌လေဗိုနွိုက်၊  ဂလိုင်ကိုဆိုဒ်၊ ပရိုတင်း၊ စပိုနင်းနှင့်  သကြားဓာတ်တို့ပါဝင်သည်။

ယာကွန်ဥသည် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိ ပေးနိုင်သည့်အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်း  အထောက်အပံ့ပေးသဖြင့် ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်လိုသူများ ယာကွန်ဥအသုံးပြုနိုင်သည်။ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင်လည်း  ယာကွန်မှထုတ်သည့်  Sweetener ကိုထည့်သောက်နိုင်သည်။ ယာကွန်က တန်ဖိုးကြီးသည့်    တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး      အနာကိုကျက်စေနိုင်သည့်     အစွမ်းသတ္တိလည်း

ရှိသည်။ ရောဂါရှိသူများကို    ကျန်းမာရေးအခြေအနေကောင်းမွန်အောင်   လုပ်ဆောင်ပေးနိုင်ရုံသာမက  ကျန်းမာရေး ကောင်းမွန်သူများကိုလည်း ပိုပြီးကျန်းမာအောင်     လုပ်ဆောင်ပေးနိုင်သည်။     သွေးတွင်း သကြားဓာတ်လွန်ကဲမှုကို  လျော့ကျစေတတ်သောကြောင့်     မြန်မာနိုင်ငံတစ်ဝန်းလုံး၌     ယာကွန်ကို အသုံးပြုလာကြပြီဖြစ်သည်။ ဆေးဖက်ဝင်ယာကွန်ဥသည် ဆီးချိုရောဂါကိုသက်သာစေခြင်း၊  ကျောက်ကပ်အတွင်း  အကျိုးပြု ဗက်တီးရီးယားတိုးပွားစေခြင်း၊    သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း၊ မကောင်းသော   ကိုလက်စထရောနည်းပါးစေခြင်း၊    ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အသည်းကျန်းမာရေး ကို ကောင်းမွန်စေခြင်း၊  ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊   ဓာတ်တိုးမှုကို ဆန့်ကျင်ခြင်းတို့ကြောင့် လူသိများထင်ရှားလာသည်။    ယာကွန်ပင်သည် အရေပြားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သွေးကင်ဆာ ရောဂါတို့ကို တိုက်ဖျက်နိုင်သည့်    အစွမ်းသတ္တိရှိပြီး ကင်ဆာဆဲလ်များကို   တိုက်ဖျက်ခြင်းအားဖြင့် ဆဲလ်များ   မျိုးဗီဇပြောင်းလဲမှုကို   ဟန့်တားပေးသည်။

ယာကွန်ဥသည်     ဆေးဖက်ဝင်ဓာတ်အမြောက်အမြားပါဝင်ပြီး ကိုယ်ကာယကြံ့ခိုင်စေသည် ဆိုသော်လည်း  တချို့သောသူများတွင်   ယာကွန်ဖျော်ရည် အနည်းငယ်သောက်ရုံမျှဖြင့်   ဝမ်းသွားစေနိုင်သည်။

ဗိုက်နာစေတတ်သည်။  တချို့တွင်  ဓာတ်မတည့်မှုဖြစ်စေသည်။  ထို့ကြောင့်  ယာကွန်ဥကို သင့်တင့်မျှတစွာ စားသုံးသင့်ပေသည်။  အလွန်အကျွံစားသုံးပါက အသက်အန္တရာယ်ကို မထိခိုက်စေသော်လည်း ဗိုက်နာခြင်း၊ လေထိုးခြင်းနှင့် ဝမ်းသွားခြင်းလက္ခဏာများကို တွေ့ရမည်ဖြစ်သည်။

ယာကွန်က  အူများ၏လှုပ်ရှားမှုကို   တိုးတက်စေသောကြောင့် ဝမ်းမချုပ်အောင်  ထောက်ပံ့ပေးသည်။  ယာကွန်ဥ၏    အမျှင်ဓာတ်ကြောင့်   အနည်းငယ် ဝမ်းပျော့မှုကိုဖြစ်စေကာ   အစားအစာစုပ်ယူမှုကို ပိုမိုအားကောင်း စေနိုင်ခြင်းဖြင့်      ဝမ်းချုပ်ခြင်းနှင့်   အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါများကို  လျော့ကျစေနိုင်သည်။   ယာကွန်က   အူအတွင်းရှိ အကျိုးပြုဗက်တီးရီးယားများကို တိုးပွားစေခြင်းဖြင့်  အစာခြေစနစ်ကို   စည်းချက်ညီအောင် လုပ်ဆောင်ပေးသကဲ့သို့      အူရောင်ရမ်းနာ မဖြစ်အောင်လည်း ကာကွယ်ပေးသည်။

ဓာတုဗေဒဆိုင်ရာ    လေ့လာဆန်းစစ်မှုများအရ ယာကွန်တွင်   ခန္ဓာကိုယ်ရောင်ရမ်းမှုနှင့် နာတာရှည်ရောဂါ ဝေဒနာများကို ကာကွယ်နိုင်သည့် ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိများ ပါဝင်နေသည်ကို တွေ့ရသည်။ ဤအစွမ်းသတ္တိက ယာကွန်ဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ လေ့လာမှုများအရ ယာကွန်တွင် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေနိုင်သည့် ဓာတ်သတ္တုများပါဝင်နေပြီး ဖျားနာနိုင်ခြေကို   လျှော့ချပေးနိုင်စွမ်း ရှိသည်ဟု သိရသည်။  ယာကွန်က   ဆီးဖြစ်ပေါ်မှုကိုတိုးစေပြီး   မကြာခဏဆီးသွားစေသည့်   ဆီးရွှင်စေသောအစွမ်းသတ္တိလည်းရှိသည်။       ဆီးရွှင်စေသောကြောင့်  အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး    ကျောက်ကပ်တွင်  ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ မဖြစ်အောင် ကာကွယ် ဟန့်တားပေးကြောင်း သိရသည်။

အသည်းသည်     ခန္ဓာကိုယ်အတွက်   Glucose  ထုတ်ပေးရာ အရင်းအမြစ်ဖြစ်သည်။ ယာကွန်စားသုံးခြင်းဖြင့် Glucose ကို ပုံမှန်လည်ပတ်ထုတ်ပေးကာ  အသည်းကျန်းမာရေးကို    အထောက်အကူပြုပြီး အသည်းအဆီဖုံးခြင်းကို   ကာကွယ်ပေးနိုင်သည်။ ယာကွန်ဥသည် တခြားသောအမြစ်ဥ (Tuber) များကဲ့သို့   ကစီဓာတ်များနှင့်   ဖွဲ့စည်းထားခြင်းမဟုတ်သောကြောင့်    ကိုယ်အလေးချိန်တက်စေမည့် ကယ်လိုရီ ဓာတ်မရနိုင်၍       ကိုယ်အလေးချိန်ကို မတက်စေနိုင်ပေ။  ယာကွန်ရွက်ကို အစိမ်းမစားသင့်ဘဲ  လက်ဖက် ခြောက် ကဲ့သို့သာ   သုံးစွဲသင့်သည်။

တိုက်ရိုက်သုံးစွဲပါက    ကျောက်ကပ်ကို   ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။   အဆိုပါယာကွန်ရွက်တွင်လည်း    အကျိုးပြုအော်ဂဲနစ် ဒြပ်ပေါင်းများစွာ ပါဝင်သည်။ ယာကွန်ရွက်များတွင်လည်း   ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဖြစ်သည့် Caffeic Acid၊ Ferulic Acid  နှင့်  Chlorogenic     တို့ပါဝင်နေသည်။     မှိုပိုးတိုက်ဖျက်သည့် အစွမ်းသတ္တိရှိသည်။  ယာကွန်ရွက်ကို  သဲဝဲစားသကဲ့သို့ မှိုပိုးကူးစက်ဝင်ရောက်ခြင်းမျိုးကို ကုသရန် အသုံးပြုနိုင်သည်။

ယာကွန်ဥတွင်  ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိများကြွယ်ဝစွာ ပါဝင်သောကြောင့်   ယာကွန်ဥကို ပုံမှန်စားသုံးခြင်းဖြင့် သဘာဝဓာတ်တိုးပစ္စည်းပျက်စီးခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။  ယာကွန်သည် ရောင်ရမ်းမှုကို   လျော့ပါးသက်သာစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် အဆစ်နာခြင်း၊  အဆစ်ရောင်နာနှင့် ဂေါက်ရောဂါများကြောင့်  ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေသည်။ ယာကွန်ရွက်နှင့် ယာကွန်ဥ နှစ်မျိုးစလုံးတွင် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းသတ္တိများရှိသည်ဟု လေ့လာမှု များအရ အတည်ပြုထားကြသည်။

အသက်ကြီးလာသည်နှင့်အမျှ အရိုးသိပ်သည်းဆကျဆင်းလာသည်။      ယာကွန်တွင်   ခန္ဓာကိုယ်မှ အရိုးများ ကြံ့ခိုင်သန်စွမ်းရန် အရေးပါသည့် ကယ်လ်စီယမ်နှင့်    မဂ္ဂနီစီယမ်တို့ကဲ့သို့   သတ္တုဓာတ်များ ရရှိမှုကို တိုးတက်စေခြင်းဖြင့်  အရိုးသိပ်သည်းဆကို တိုးတက်အောင်လုပ်ဆောင်ပေးသည်။   ယာကွန်ကို   နေ့စဉ်စားသုံးပေးပါက  အရိုးပွခြင်း၊    အရိုးအဆစ်ရောင်ရမ်းနာနှင့် Scoliosis (ကျောရိုးစောင်းရောဂါ) ဖြစ်ပေါ်နိုင်ခြေကို ကာကွယ်ပေးသည်။

အချုပ်အားဖြင့်ဆိုသော်   ယာကွန်ဥတွင်    အဆီအနည်းငယ်နှင့် ရေဓာတ်အများအပြားပါဝင်မှုကြောင့် ဝသောသူများနှင့်   အထူးသင့်လျော်ပေသည်။   လူအများ၏ အစာအာဟာရတွင်   ယာကွန်ဥ ပါဝင် လာစေခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါအတွက် သော်လည်းကောင်း၊      ကိုယ်အလေးချိန် လျော့ကျလိုသူများ အတွက်သော်လည်းကောင်း၊  မကောင်းသောအဆီနှင့်    ကိုလက်စထရော လျော့ကျခြင်းတို့အတွက် သော်လည်းကောင်း၊    အရိုးအဆစ်များ သန်မာစေခြင်းအတွက် သော်လည်းကောင်း၊   ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများ အတွက်သော်လည်းကောင်း  လွန်စွာအထောက်အကူပြုစေကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။       ။

ဒေါက်တာလပြည့်ခင်