မြစ်ကိုအလျှားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

မုတ်သုံလေတစ်ချက်အဝေ့တွင် မိုးပေါက်များ အခန်းထဲသို့ ခပ်ကြမ်း ကြမ်းဖျန်းပက်လာသည်။ အိမ်ရှေ့ခန်းတစ်ခုလုံး ရွဲရွဲစိုကုန်တော့သည်။ ရုတ်တရက်မို့ တံခါးပိတ်ချိန်ပင် မရလိုက်။

"ဂလွမ်း...ဗိုင်း"

အိမ်ရှေ့အုန်းပင်မှ အုန်းလက်ခြောက်တစ်လက်  ကြွေသွားသည်။ အိမ်ခေါင်မိုးပေါ်မကျလို့ တော်သေးတာပေါ့။ အိမ်ခေါင်မိုးပေါ်ကျရင်တော့ ဓနိမိုးလေး ပျက်စီးသွားနိုင်သည်။

"ပေးလေ အမေ အဝတ်လဲပေးဦး"

"ဒီတစ်နေ့တော့ မတက်နဲ့ပေါ့ သားလေးရယ်"

"မရဘူး အမေ ဆရာမက ကျောင်းမပျက်ရဘူးတဲ့"

"ခက်ပါလား သားလေးရယ်"

"အမေ မတရားဘူး သားကို အဝတ်အစားအသစ်လည်း ဝယ်မပေးဘူး၊ မုန့်စားဖို့ပိုက်ဆံလည်း တစ်ခါမှ မပေးဘူး"

"သားအဖေရောက်တော့ ပေးမှာပေါ့ သားရယ်"

"မရဘူး အမေခုပေး"

အမေ၏အဇ္ဈတ္တတွင် သောကနှင့်ဒေါသဒီရေ ဘယ်အတိုင်းအတာ အထိ မြင့်တက်သွားပေသည်မသိ။ သားငယ်၏လက်မောင်းတစ်ဖက်ကို ဆတ်ခနဲဆွဲပြီး ကျောပြင်ကို ဗုန်းခနဲရိုက်ချလိုက်တော့သည်။ မိမိရှေ့ တွင် မှောက်လဲသွားသော သားငယ်ကိုကြည့်ပြီး အမေ့မျက်လုံးအိမ်တွင် မျက်ရည်များ အိုင်ထွန်းလာခဲ့သည်။ အမေသည် အိပ်ရာသို့ပြေးဝင်ပြီး ခေါင်းအုံးပေါ်မှောက်ကာ မျက်ရည်များကို သွန်ချလိုက်တော့သည်။

"အမေ...အမေရေ...ဧည့်သည်ရောက်နေတယ်"

သိပ်မကြာ သားအလတ်ကောင်က အိမ်ထဲသို့လှမ်းခေါ်ရင်း အမေ့ကို အသိပေးလိုက်၏။ သည်ကောင်ကတော့ ရှိတဲ့အဝတ်တစ်စုံကို လဲပြီးနေပြီ။

"ဧည့်သည်...ဧည့်သည်..."တဲ့။ ထူးခြားမှုတော့ ရှိတန်ကောင်းပါရဲ့။ အမေသည် အိပ်ရာမှလူးလှိမ့်ထလိုက်၏။ ထဘီအထက်စကိုဆွဲပြီး မျက်ရည်များကို အလျင်စလိုသုတ်ပစ်လိုက်သည်။ အိမ်ရှေ့သို့ ခပ်သွက်သွက် ထွက်ပြီး လှမ်းကြည့်လိုက်၏။ မည်းခြောက်ခြောက် ပိန်ရှည်ရှည်လူတစ် ယောက်၊ ရေစိုအဝတ်တွေနဲ့ တံခါးဝတွင် မတ်တတ်ရပ်လျက်။

"ဘာကိစ္စပါလဲ အိမ်ပေါ်တက်ပါရှင်"

အမေ့ရဲ့ ဖိတ်မန္တကအပြီးမှာ လူကြီးက အိမ်ရှေ့ခန်းမှာပဲ  ခြေတွဲလောင်းချပြီး ကိုယ်တစ်စောင်း လှည့်ထိုင်လိုက်သည်။

"ကျွန်တော် တပ်ရာရွာက ဦးဘအောင်ပါ။ မြေပုံမြို့နယ်ကပါပဲ။ ဒီက ကိုမောင်အေးစိန်တို့နဲ့ဆို သိပ်ခင်တာ။ ကျွန်တော် စစ်တွေက လာခဲ့တာပါ"

အဖေ့နာမည်ကြားလိုက်တာနဲ့ အမေ့မျက်ဝန်း ချက်ချင်းလင်းလက် သွားသည်။ ဦးဘအောင်ဆီက နောက်ထပ်ထွက်လာမည့် စကားလုံးများ အတွက် အမေ အသက်ပင် ပြင်းပြင်းရှူဝံ့ပုံမပေါ်။ ဦးဘအောင်ဟာ မြစ် ပြင်ဘက်သို့ ငေးကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ကိုမောင်အေးစိန်ဆီက ဘာသတင်းများ ပါပါသလဲရှင်"

ဦးဘအောင်၏  ပွင့်လင်းမှုမရှိသည့်ပုံရိပ်ကြောင့်  အမေက  ထပ် မေးလိုက်သည်။

"ဟုတ်ကဲ့ခင်ဗျာ ကိုမောင်အေးစိန်သတင်းကို ပြောမလို့ပါပဲ ကျွန်တော် လည်း စိတ်မကောင်းဘူးဗျာ"

အမေ့ရဲ့မျက်လုံးအစုံဟာ ပိုမိုပြူးကျယ်သွားသလို တွေ့လိုက်ရသည်။ ခက်ပြီ။ အဖေတော့ တစ်ခုခုဖြစ်ပြီပေါ့။  ကျွန်တော်နှင့်အမေ  အားငယ်

သော မျက်ဝန်းချင်းဆုံတွေ့သွားကြသည်။

"ကိုမောင်အေးစိန်တို့လှေ   ဆိပ်ခံတံတားအောက်ကို   ရေတက်နဲ့ဝင်ပြီး နစ်မြုပ်သွားတယ်ဗျာ"

"ဟင်"

အမေနှင့် ကျွန်တော်၏နှုတ်ဖျားမှ ပြိုင်တူထွက်သွားသည့်အသံ။ အမေ၏နှုတ်ခမ်းအစုံဟာ တဆက်ဆက်တုန်နေပေသည်။ မျက်လုံးအစုံ ကို မှိတ်လိုက်ချိန်တွင်တော့ မျက်ရည်များ စီးကျသွားသည်။

"ကိုမောင်အေးစိန်မှာ မျောသစ်တွေ ရောင်းလို့ရတဲ့ပိုက်ဆံလည်း အဲဒီလှေဖော်ခနဲ့တင် မမီချင်ဘူး။ အကြွေးတောင် တင်သွားတယ်တဲ့ဗျာ"

ဦးဘအောင်ရဲ့စကားခွန်းတိုင်းသည်  အမေ့နှလုံးအိမ်ကို  ဆူးချွန်နဲ့ ထိုးဆွနေသလိုများ ဖြစ်နေလေရော့သလားမသိ။ အမေသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါအောင်အထိ ငိုကြွေးနေလေပြီ။

"ကျောက်တော်မြို့နယ်ဘက်မှာပဲ အဲဒီလှေနဲ့ အလုပ်သွားလုပ်မယ် တဲ့၊ ကြွေးမြီတွေကျေလောက်မှ  ပြန်လာတော့မယ်တဲ့၊ အဲဒါ ကိုမောင် အေးစိန် မှာလိုက်လို့ ကျွန်တော်လာပြောပြတာပါ"

ဦးဘအောင်လည်း စိတ်ကောင်းဟန်မတူ။ ပြောပြီးသည်နှင့် ထသွား တော့သည်။ အမေ၏ရှိုက်သံသည် မိုးနဲ့အပြိုင် ခပ်မြိုင်မြိုင်ပေါ်ထွက်နေ ပေတော့သည်။ ကျွန်တော်တို့မိသားစု မျှော်လင့်အားထားခဲ့သော အဖေ ၏ခရီးစဉ်။ ခုတော့ အက်စစ်ထိသွားသည့်အထည်စလို ကြွေမွသွားပါ ပေါ့လား။

ရင်ထဲခံစားချက်အသိနဲ့ ကျွန်တော်ကြိုးစားသည်။ စာဖတ်သည်။ တွက်ချက်သည်။ သို့သော် အဋ္ဌမတန်းပထမနှစ်ကလိုပဲ သင်္ချာ(၁)ကော၊ သင်္ချာ(၂)ကော   ကျွန်တော့်ကို    ခြောက်လှန့်မြဲခြောက်လှန့်လျက်ရှိ ကြသည်။ အစရှိ တနောင်နောင်လို့ပဲ ဆိုရလေမလား။ စာပေကဗျာ လေ့လာလိုက်စားမှုကား လျော့ကျမသွားသည့်အပြင် ပို၍ အတင့်ရဲလာ ခဲ့သည်ဟု ဆိုရပေမည်။ ပြန်ကြားရေးဌာန  စာဖတ်ခန်းသို့   စနေနေ့တစ်ဝက်ဖွင့်တိုင်း  ဝတ္ထု၊ ကဗျာတွေ သွားဖတ်မြဲဖတ်သည်။  ဤတွင် ချိုတေးသံ မဂ္ဂဇင်းဆိုသည်ကို  သွားတွေ့၏။  ဝတ္ထု၊  ကဗျာများအပြင်  ရုပ်ရှင်၊ ဂီတအနုပညာလုပ်ငန်းသတင်းများ၊ ရေဒီယိုတေးများ၊ သောတရှင်

လိုရာတေးများ စသည်ဖြင့် စုံလှသည်။ တစ်လမှာနှစ်ကြိမ် ထုတ်ဝေသည်။  အသင်းဝင်လို့လည်းရသည်။  စာမူတွေပို့တိုင်း  အသင်းဝင် အမှတ်ကို ထည့်ရေးရသည်။ အသင်းဝင်ရမည့်ပုံစံလည်း စာအုပ်တွင် ထည့်ပေးထားသည်။  စာပေဝါသနာရှင်ကြီးကျွန်တော်  ကျောက်ဖြူ စာတိုက်မှတစ်ဆင့် ချက်ချင်း အသင်းဝင်လိုက်သည်။ တစ်လအတော အတွင်းမှာပဲ အသင်းဝင်ကတ်ကလေးကို ကျွန်တော် ရရှိခဲ့ပေသည်။

ကျောက်ဖြူ မောင်ညွန့်လွင်

အသင်းဝင်အမှတ်-၁၂၅၂၄ သည်တွင်ပဲ စာပေလမ်းကြောင်းကလေးတစ်ခု ရသွားခဲ့ပြီဖြစ်၍ ဝတ္ထု တွေ၊ ကဗျာတွေ ရေးမြဲရေးသည်၊ ပို့မြဲပို့သည်။ ပြောရလျှင် အပုဒ် ၂၀ ပို့ တစ်ပုဒ်ဖော်ပြခံရ။ ၁၅ ပုဒ်ပို့ တစ်ပုဒ်ဖော်ပြခံရ။ ၁၀ ပုဒ်ပို့ တစ်ပုဒ်ဖော်ပြ ခံရအဆင့်နဲ့ သွားမြဲသွားသည်။

ပြန်ကြားရေးဌာန စာဖတ်ခန်းသို့လည်း သွားမြဲသွားပြီး အလိုရှိရာ စာအုပ်တွေကို ဖတ်မြဲဖတ်သည်။ ကျောက်ဖြူမြို့တွင် မြန်မာနိုင်ငံလွတ် လပ်ရေးရပြီးစကပင် ဖွင့်လှစ်ခဲ့ဟန်ရှိသော စာကြည့်တိုက်ကြီးရှိခဲ့သည်။ ပြည်သူ့ဆေးရုံနှင့် အားကစားကွင်းအကြား ရုံးတက်လမ်းတွင်ဖြစ်ပါ သည်။ အင်္ဂလိပ်၊ မြန်မာ စာအုပ်မျိုးစုံရှိသည်။ ကျွန်တော်သည် စာကြည့် တိုက်အသင်းဝင်ပြီး ကိုယ်ဖတ်လိုသည့်စာအုပ်များကို ငှားရမ်းဖတ်ရှုရသည်။ စာအုပ်များကို မှန်ဗီရိုကြီးများဖြင့် စနစ်တကျစီထားသည်။

ပင်လယ်ကမ်းခြေဘက် သွားလမ်းတွင်ရှိ၍ တိတ်ဆိတ်သည်။ ယင်းအချိန် က ပြည်သူ့စာကြည့်တိုက်တွင် စာရေးကြီးမှာ ဦးဘသိန်းဖြစ်ပြီး အငယ် တန်းစာရေးမှာ ဒေါ်ခင်ထွေးဖြစ်သည်။ နှစ်ယောက်စလုံးမှာ မြစ်နားတန်း ရပ်ကွက်ကပင် ဖြစ်ကြသည်။   စာရေးကြီးဦးဘသိန်းဆို   ကျွန်တော့်ကို အထူးအဆန်းအာရုံစိုက်ပြီး ကြည့်နေတတ်သည်ကို ကျွန်တော် သတိထားမိသည်။

                                  ဆက်လက်ဖော်ပြပါမည်။