တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ မြို့အဝင်လမ်းဆုံအနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော ထိုင်းနိုင်ငံထုတ် Common တံဆိပ်ပါ ကျန်းမာရေးအထောက်အကူပြုဖြည့်စွက်စာများဖြစ်သည့် Collagen Dipeptide ဘူး (၁၅၀၀) ၊ Dietary Supplement Product ဘူး (၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၂၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ်လ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Korol လုပ်ငန်းသုံးဖြတ်စက် အလုံး (၁၅၀)အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၆၈၇၇၅၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၆)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် တရုတ်နိုင်ငံထုတ် Porcelain Tiles (၃၈၉၈ ဒသမ ၀၈)စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၂၀၈၇၉၂)ကိုလည်းကောင်း၊ MITT ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရုတ်နိုင်ငံထုတ် Slipper ဖိနပ်သည်းကြိုး (၁၀၉၀၀၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၉၁၉၉၇၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ)၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အိုင်ယာလန်နိုင်ငံထုတ် Sigma Femoral Posterior Stabilized Cemented အရိုးကုသမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်း (၇ ဒသမ ၂၂၅)ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၈၂၇၃၅၃)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် မလေးရှားနိုင်ငံထုတ် Coated Duplex Board ကီလိုဂရမ် (၂၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီးနှင့် Hino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၀၀၃၈၆၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ်လ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၅၆၄)တန်၊ အခြားသစ်(၃ ဒသမ ၅၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၃၂၈၃၁)နှင့် ထော်လာဂျီ (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၃၂၈၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ်လ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ လိုင်စင်မဲ့ Toyota Caldina မော်တော်ယာဉ် (၁)စီး၊ Honda Fit မော်တော်ယာဉ် (၁)စီးနှင့် Toyota Alphard မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၅၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၅၅၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၅၅၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ်လ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Daihatsu Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ်လ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၈၄၁၆၉၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။