မွန်မြတ်သောအလှူဒါနနှင့် ကောင်းသောဆောင်ရွက်ချက်
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ မေ ၁၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၉ ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အဦများ လှူဒါန်းမှု စုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင် စုစုပေါင်း ၇၀၇၈၀ ဖြစ်ကြောင်း သိရသည်။
စာအုပ်စာစောင်များ လှူဒါန်းခြင်းသည် လူတိုင်းအတွက် ကောင်းမွန်သော ဓမ္မအလှူကိုလှူခြင်း ဖြစ်သည်။ စာပေဖတ်ရှုခြင်းဖြင့် မိမိတို့ဘဝကို တိုးတက်အောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ စာပေမှ ရရှိသောအသိတရားဖြင့် မကောင်းမှုများကို မပြုလုပ်ဘဲ အများကောင်းကျိုးကိုသာ သယ်ပိုးလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဆိုသည့်အတိုင်း အလှူအားလုံးတွင် ဓမ္မအလှူ ၊ ပညာအလှူ၊ ဉာဏပစ္စည်းအလှူသည် အမြတ်ဆုံးဖြစ်သည်။ ဤလောကတွင်ပေးလှူချင်စိတ်ရှိခြင်းသည် ကောင်းသည့် စိတ်ထားဖြစ်သည်။ အပေးဟူသမျှတွင် အသိဉာဏ်ကိုဖွင့်ပေးခြင်းမှာ အကောင်းဆုံးဖြစ် သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံ (၅)ရပ်နှင့်ကိုက်ညီသည့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ၆၁၀၆ ခုရှိရာ လက်ရှိအခြေအနေအရ စာကြည့်တိုက် ၃၅၀၈ တိုက်သာကျန်ရှိပြီး ၂၅၉၈ တိုက်မှာ ရပ်နားခဲ့ရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူခံရရှိသည့် အလှူငွေနှင့် စာအုပ်စာစောင်များကို သုံးစွဲရာတွင် လုပ်ငန်းစဉ်(၄)ရပ်သတ်မှတ်ထားရှိပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်(၄)ရပ်မှာ ရပ်နားထားသည့်စာကြည့်တိုက်များကို ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှု လေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် စာအုပ်စာစောင်များ ဖြန့်ဝေမည့် လုပ်ငန်းစဉ်များ ဖြစ်သည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ် သည့်အတွက် လုပ်ငန်းစဉ်လေးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။ စာကြည့်တိုက် များ ထာဝစဉ်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေများ ထပ်မံရရှိရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လှူဒါန်းပွဲများ ကျင်းပလျက်ရှိသည်။ လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ရေးအတွက် လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်နှင့် စာပေလေ့လာ ဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက် ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ အောင်မြင်ရေးကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ပြည်သူများလူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေရေးနှင့် အနာဂတ်တွင် အသိပညာ ကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် စာကြည့်တိုက်များက အခြေခံ အုတ်မြစ်ဖြစ်သည်။ စာကြည့်တိုက်များက လူမှုစီးပွားဘဝဖွံ့ဖြိုးရေး အကြံဉာဏ်ကောင်းများ ရရှိနိုင် သည်။
လူကိုစိတ်က အုပ်ချုပ်သည်။ စိတ်ကို ဉာဏ်ပညာကအုပ်ချုပ်သည်။ ဉာဏ်ပညာကို ဗဟုသုတက အုပ်ချုပ်သည်။ သို့ဖြစ်၍ ဗဟုသုတရှိစေရန် စာအုပ်စာတမ်းအမျိုးမျိုးတို့ကို ဖတ်ကြရမည်ဖြစ်သည်။ မြန်မာစကားပုံတွင် “ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ဟူ၍ ဆိုရိုးစကားရှိသည်။ အလားတူ စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့်နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကိုလည်း မြင်တွေ့နေကြပြီးဖြစ်သည်။
စာဆိုရှင်မဟာရဋ္ဌသာရက “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို စွဲသုံးသောထွေ၊ မှန်လှစေ။ ငါ၏စိတ်တွင် ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်း ဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ဟူ၍ တိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း မှန်ကန်နေဆဲဖြစ်သည်။ ပညာသည် ဘဝအလင်းရောင်မည်သည်။ ပညာအလင်းရောင်မရှိပါလျှင် သူကန်းနှင့်တူသည်။ သူကန်းကား အဘယ် သို့လျှင် သွားလာမည်နည်း။ သွားလာတုံ့ခေါက် မြန်မြန်လျှောက်က ချောက်ထဲကျမည်သာဖြစ်သည်။ ပညာ၏ တန်ဖိုးကားရေးပြ၍ မကုန်နိုင်အောင် များပြားလှသည်။
စာဖတ်သည့်သူကသာ ကမ္ဘာကြီးကို ပိုင်စိုးသည်ဟု ဆိုထားသည်မှာ ပညာခေတ်တွင် လက်တွေ့ မှန်ကန်သည့် အရာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရည်မြင့်မားခြင်းက အဓိက နေရာတွင်ရှိနေသည်။ စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရေးမှာ တာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများက ကြိုးစား ဆောင်ရွက် ပေးကြရမည်ဖြစ်သည်။ ပြည်သူများစာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက်များကို အားပေးမြှင့်တင်ပေးခြင်း၊ စာတတ်သူ တိုင်းစာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်းများကို ဆောင်ရွက်နေသည်မှာ နိုင်ငံနှင့်လူမျိုးတို့၏ အနာဂတ်အတွက် ကောင်းသောဆောင်ရွက်ချက်များဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။