အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်)
လူကုန်ကူးမှုပပျောက်ရေးအလေးထားဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေ၏ ရည်ရွယ်ချက်များမှာ လူကုန်ကူးမှုများအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာတားဆီးနှိမ်နင်းရန်၊ လူကုန်ကူးခံရသူ အားလုံးကို ကာကွယ်စောင့်ရှောက်ရန်၊ အထူးသဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးနှင့် ကလေးသူငယ်များအား အလေးဂရုပြု၍ ကာကွယ်ရန်နှင့် အကူအညီပေးရန်၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန် ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ် စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်း အတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်က လက်ခံထားသော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ပရိုတိုကောလ်များ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲတွင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့်စာချုပ်များ၊ နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံ များနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၁/၂ဝ၂၄)ကို သြဂုတ်လ ၂၂ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့သည်။ ၂ဝ၂၃ ခုနှစ် UNODC မှထုတ်ပြန်ခဲ့သည့် အရှေ့တောင်အာရှ ဒေသအတွင်းကာစီနို၊ ဆိုက်ဘာလိမ်လည်မှုနှင့် အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်စေရန် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ အရှေ့တောင်အာရှဒေသများဖြစ်သော ကမ္ဘော ဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံစသည့်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုများကို အတင်းအကျပ်ကျူးလွန်စေသည့် လူကုန်ကူးမှုများသည် ပုံစံအသစ်ဖြင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှ ပုံစံသစ်ဖြင့်ဖြစ်ပေါ်လာသော လုပ်အား ခေါင်းပုံဖြတ်သည့် လူကုန်ကူးမှုဟု အမည်တပ်ထားကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ထိထိရောက် ရောက်တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသူများကို ကယ်တင်၍ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ နယ်စပ် ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံရှိသံရုံးများနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဆက်သွယ်မှု လမ်းကြောင်း များမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်ပြီး ကယ်တင်ရရှိသူများကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများနှင့်ချိတ်ဆက်ကာ သက်ဆိုင်ရာ ဝန်ကြီး ဌာနများပူးပေါင်း၍ မိမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံတကာပူးပေါင်း ဆောင် ရွက်မှုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဘင်းမ်စတက်)အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည် ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းလုပ်ငန်းလမ်းညွှန် (TOR) နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့သည်။ လူကုန်ကူးခံရသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စံလုပ်ငန်း အစီအစဉ်တစ်ခုဖြစ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်(၂ဝ၂ဝ) ကို ရေးဆွဲအတည်ပြုပြီး ဖြစ်သည်။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် လူကုန်ကူးမှု တားဆီးရေး အဖွဲ့များအား အဆိုပါ စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းများကို ယခင်နှစ်များ အတိုင်း ဆက်လက်ဆောင်ရွက်သွားပြီး စံလုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် လုပ်ငန်းစဉ်များအတိုင်း လိုက်ပါ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူကုန်ကူးခံရသူများကို လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေ သည်ကို တွေ့ရှိနေရသဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်းကာလကို၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုသည် မိမိတို့လူမှုပတ်ဝန်းကျင်တွင် လုံးဝမရှိသင့်သော ကိစ္စရပ်ဖြစ်သည်။ မသိနားမလည်သူများကို ငွေကြေးမြောက်မြားစွာရရှိမည့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရှိသည်ဟုဆိုကာ နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်စည်းရုံး၍ လူကုန်ကူးမှုကို ကျူးလွန်နေကြခြင်းဖြစ်ပေရာ သက်ဆိုင်သူအားလုံးက လူကုန်ကူးမှု ပပျောက်ရေး အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။ ။