၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်သည့်နေ့တွင် စံချိန်သစ်နှစ်ခုတင်နိုင်

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်သည့်နေ့တွင် စံချိန်သစ်နှစ်ခုတင်နိုင်

နေပြည်တော်    ဩဂုတ်    ၂၃

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြ များနှင့် အားကစား သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြေးခုန်ပစ်အားကစားနည်းသည် မျက်မှောက်ခေတ် ကာလ အားကစားပြိုင်ပွဲကြီးများတွင် အဓိကကျသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့်အပြင် လူသားတို့၏ စွမ်းရည်ကို ဖော်ထုတ်ပြသရာ ရှေးဦးလမ်းပြ အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၊ အာရှအားကစား ပြိုင်ပွဲအပါအဝင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကဲ့သို့ အားကစားပြိုင်ပွဲကြီး များတွင် ရွှေတံဆိပ် စုစုပေါင်း ၄၀ ကျော် ချီးမြှင့်လေ့ရှိသည့် အားကစားနည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု မြင့်မားစေရန်အတွက် ပြေးခုန်ပစ်အားကစားနည်းတွင် အောင်မြင်မှု ရရှိရန် အသက်သွေးကြောပမာ အရေးကြီးကြောင်း မှာကြားရင်း ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်  တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးက      နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်ရရှိခဲ့သည့် ဆုတံဆိပ် ၁၄ ခုအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းတွင် မှတ်တမ်းတင် ထိန်းသိမ်းထားရှိရန်အတွက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အမျိုးသား/ အမျိုးသမီး (မီတာ ၄၀၀၊ ၁၀၀ x ၄ လက်ဆင့်ကမ်းနှင့် တန်းမြင့်ခုန်)ပြိုင်ပွဲများ၊ အမျိုးသား (မီတာ ၁၀၀၀၀ လမ်းလျှောက်နှင့် မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် အမျိုးသား/ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲများ၏ လူရွေးပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၌ ၂၀၀၆ ခုနှစ်တွင် ပြည့်ဖြိုးထွန်း (ရန်ကုန်တိုင်းဒေသကြီး)တင်ထားသောစံချိန် ၄၉  မိနစ်၂၁ ဒသမ ၀၃  စက္ကန့်အား သန့်ဇင်အောင်(ရှမ်းပြည်နယ်)က ၄၈ မိနစ် ၄၈ ဒသမ ၁၄ စက္ကန့်နှင့် နိုင်လင်းထွန်း (ရှမ်းပြည် နယ်)က ၄၇  မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် နန်းအွမ်ဆိုင်ခမ်း (ရှမ်းပြည်နယ်)သည် ၂၀၁၉ ခုနှစ်တွင် မူကိုဖော(ကယားပြည်နယ်) တင်ထားသော စံချိန် ၃၅ ဒသမ ၀၈ မီတာထက်သာလွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့်လည်းကောင်း စံချိန်သစ်များ တင်နိုင်ခဲ့ကြသည်။

ဩဂုတ်လ ၂၄ ရက် နံနက် ၆ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့် ရေးကွင်းအမှတ်(၁) တို့တွင် ပြည် နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၂၀၀ ပြိုင်ပွဲနှင့် မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲ)၊ (အမျိုးသမီး) မီတာ ၂၀၀၀ တားဆီး ကျော်အပြေးပြိုင်ပွဲတို့ကို   ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့်  တိုင်းဒေသကြီးများက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ပြည်ထောင်စု စိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်ချက်များဖြင့် ဩဂုတ်လ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ်(၁)တို့တွင် ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း အင်အား ၄၅၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့)လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။  

(၅၀၀)

Dates: 
Saturday, August 24, 2024 - 09:04