နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ နိုင်ငံသားတိုင်းရဲ့နှလုံးသားထဲမှာ အမြဲရှိနေရမည့်အရာဖြစ်သည်

နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ နိုင်ငံသားတိုင်းရဲ့နှလုံးသားထဲမှာ အမြဲရှိနေရမည့်အရာဖြစ်သည်

နိုင်ငံတော်ကာကွယ်ရေးလို့ ပြောလိုက်ရင် လူတော်တော်များများက ငါနဲ့မဆိုင်ဘူးလို့  ယူဆကြသူတွေ များပါတယ်။

ငါ့အလုပ်မဟုတ်ဘူး၊ နိုင်ငံတော်ကာကွယ်ရေးဆိုတာ စစ်သားတွေတပ်မတော်သားတွေအလုပ်လို့ပဲ  မြင်ကြပါတယ်။  အဲဒီစစ်သားတွေတပ်မတော်သားတွေဆိုတာ ဘယ်ကနေ ပေါ်ပေါက်လာတဲ့သူတွေလဲ။ သူလိုငါလို အများပြည်သူတွေထဲက ပေါ်ပေါက်လာတာပါ။ တပ်မတော်သားဆိုပြီး မိုးပေါ်က ကျလာ တာမဟုတ်ပါဘူး။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ သူတွေများလာတဲ့အခါ ကာကွယ်ရေး တာဝန် ထမ်းဆောင်ဖို့ လူတွေနည်းပါးလာတာပါပဲ။  အမှန်တကယ်တော့ နိုင်ငံတော် ကာကွယ်ရေးဆိုတာ နိုင်ငံအတွင်းမှီတင်း နေထိုင်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါပဲ။ အရွယ်ရောက်သူ တွေက  လက်နက်ကိုင်စစ်မှုထမ်းဆောင်ကြသလို စစ်မှုမထမ်းဆောင်နိုင်ကြသူတွေက  မိမိတို့တတ်နိုင် တဲ့ ဘက်ကပါဝင်ကူညီကြရမှာပါ။ အသက်အရွယ်ရလာတဲ့ သူတွေအနေနဲ့ လက်နက်စွဲကိုင်စရာ မလိုပေမယ့်   မိမိတို့တတ်နိုင်တဲ့ဘက်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ပံ့ပိုးပေးကြရမှာပါ။

ဒါမှသာ ကျွန်တော်တို့အား လုံးစုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ   ကမ္ဘာတည် သရွေ့ တည်တံ့နေမှာပါ။ တည်တံ့နေဖို့ရာကတော့ အားလုံးမှာ  တာဝန်ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ နှလုံးသားထဲမှာ အမြဲရှိနေရမှာပါ။ လူငယ်လို့ဆိုလိုက်တာက လူတိုင်းဟာ လူငယ်ဘဝကို ဖြတ်သန်းပြီးမှသာ လူကြီးဖြစ်လာကြသူတွေဖြစ်လို့ပါ။ လူငယ်တိုင်းက ငါ့နိုင်ငံတော်၊  ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိရှိနေဖို့လိုပါတယ်။ လူငယ်ဘဝမှာ  ဒီလိုအသိစိတ်ဓာတ် မရှိရင် လူကြီးဖြစ်လာရင်  ပိုမိုဆိုးရွားသွားတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဒီကနေ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တပ်မတော်ကိုဝိုင်းပြီး အပြစ်ထိုင်ပြော နေမယ့်အစား မိမိတို့ စွမ်းဆောင်နိုင်တဲ့နေရာကနေ တပ်မတော်ကို ကူညီပံ့ပိုးပေးသင့်ပါတယ်။ အပြစ်ထိုင်ပြောနေလို့   ဘာမှဖြစ်လာမှာ မဟုတ်တဲ့အပြင် အကြမ်းဖက်သောင်းကျန်းသူတွေဖျက်ဆီးလို့ မြို့ပျက်ရွာပျက်တွေဖြစ်ပြီး စစ်ဘေးရှောင်အဖြစ် ချို့တဲ့စွာ၊  စိတ်ဆင်းရဲစွာနေကြရမှာဖြစ်ပါတယ်။   လေးလေးနက်နက်  စဉ်းစားကြည့်လိုက်ပါ။ အကယ်၍သာ ငါ့မြို့ငါ့ရွာမပျက်စီးဖို့အတွက် အကြမ်းဖက် အဖျက်သမား သူပုန်သောင်းကျန်းသူတွေရဲ့ သတင်းရခဲ့ရင်၊ မိမိရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူဟာ အကြမ်းဖက် အဖျက်သမား အဖွဲ့ဝင်ဆိုတာသိနေကြရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေဆီ ကြိုတင် သတင်းပေးကြရမှာဖြစ်ပါတယ်။ လူတစ်ယောက်၊ လူတစ်စုကိုငဲ့ညှာပြီးမသိချင်ယောင် ဆောင်လိုက် တဲ့အခါ မိမိတို့မိသားစုတွေပြေးရလွှားရ ပုန်းရှောင်ရတဲ့အခြေအနေ ကြုံလာတာဖြစ်ပါတယ်။

အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူ သူပုန်ဆိုတာ ဘာတရားဥပဒေမှမရှိတဲ့အတွက် သတ်ချင်တဲ့ သူသတ်မယ်။ ဖျက်ချင်တဲ့အိမ်ဖျက်မယ်။ မီးရှို့ချင်တဲ့ရွာတွေကို မီးရှို့မယ်။ ဘယ်သူကမှဘာမျှ မပြောရဲ ကြဘူး။ အခုဆိုရင် သူပုန်တွေကြီးစိုးတဲ့နေရာတွေက လမ်းလျှောက်တတ်တဲ့အရွယ်ကစပြီး  အသက် ၅၀ အတွင်းရှိတဲ့ ယောကျ်ားလေး၊ မိန်းကလေးတွေကို အကုန်ဖမ်းပြီး သူတို့အဖွဲ့ထဲ မဝင်မနေရ လုပ်ဆောင် နေတယ်။ တချို့မိဘတွေက ငိုယိုပြီးရှိခိုးတောင်းပန်နေတဲ့  ဗီဒီယိုတွေ လူမှုကွန်ရက်မှာ အားလုံး မြင်တွေ့ရပြီးဖြစ်ပါတယ်။    အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ လက်နက်နဲ့လူနဲ့မမျှကိုင်ဆောင်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း မမြင်ချင်အဆုံးပါပဲ။ ဒီကြားထဲမှာ ဗမာမလာရဆိုတဲ့ နယ်မြေကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး ဗမာတွေကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေတာတွေဟာ အလွန်အကျည်းတန် အရုပ်ဆိုး လွန်းတဲ့ ယုတ်မာရက်စက်တဲ့  လုပ်ရပ်တွေပါပဲ။ ဒါတွေဟာ ကာကွယ်ရေးတာဝန်မှာ ငါတို့နဲ့မဆိုင်ဘူးလို့ တွေးမြင်လာတဲ့ အကျိုးရလဒ်တွေလို့ပြောရင် မမှားနိုင်ပါဘူး။

ဒီကနေ့တပ်မတော်ရဲ့ အခြေအနေကို လေ့လာမိသလောက်ပြောရရင် တပ်မတော်မှာ လူလက်နက် ခဲယမ်းအပြည့်အစုံရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ရင်  ငြိမ်းချမ်းရေး ရရှိထားတဲ့ ရလဒ်တွေ   ပိုမိုကောင်းမွန်ဖို့အတွက် NCA သဘောတူညီချက်အတိုင်းအလေးထား လုပ်ဆောင်ပေးပါ တယ်။

ငြိမ်းချမ်းရေး  ဖိတ်ခေါ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပါတယ်။ စစ်တိုက်ဖြေရှင်းကြမယ့် အစားကွဲလွဲ နေတဲ့ သဘောထားတွေစားပွဲဝိုင်းမှာ အဖြေရှာကြမယ်ဆိုတဲ့မူကို တပ်မတော်က လက်ကိုင် ထားပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာ ပြည်သူအားလုံး လိုလားနေတဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တပ်မတော်က စိတ်ရှည်သည်းခံ လမ်းကြောင်း မှန်ကို ရွေးနေပါတယ်။ တပ်မတော်ဘက်က ၂၀၁၈ ခုနှစ်ကတည်းက တစ်ဖက်သတ် ပစ်ခတ် တိုက်ခိုက်မှုတွေမလုပ်ဘဲ    နေခဲ့တာ ဒီကနေ့အထိပါပဲ။ ဒါဟာ တစ်နည်းပြောရရင် စာပေဟောပြောပွဲမှာ စာရေးဆရာချစ်ဦးညိုရဲ့ စကားအတိုင်းပဲ နေလိုက်တာလို့တောင် ယူဆလို့ရပါတယ်။ ချစ်ဦးညိုက   တပ်မတော်က သွားမတိုက်ရင် ဘယ်တိုင်းရင်းသားကမှ မတိုက်ပါဘူးတဲ့။

အဲဒီတော့ တပ်က နှစ်ပေါင်း ၅ နှစ်ကျော် ၆ နှစ်နီးပါးမတိုက်ခိုက်ပါဘူး။ ဒီကနေ့အထိလည်း မတိုက် ခိုက်ပါဘူး။ တပ်ကမတိုက်ခိုက်တော့ ဒီကနေ့ဘာဖြစ်လာသလဲ။ စာဖတ်သူတို့အားလုံး မြင်တဲ့ အတိုင်း ပါပဲ။ တကယ့် သာသာယာယာနဲ့နေချင်စဖွယ် သဘာဝအလှပသာဒနဲ့ ပြည့်စုံလှတဲ့ လွိုင်ကော်မြို့ကို အကြမ်းဖက် အဖျက်သမား လက်နက်ကိုင်တွေ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးပစ်လိုက်တာ ညက်ညက် ကြေမွသွားပါတယ်။

အလားတူ လားရှိုးမြို့အပါအဝင် အခြားသော မြို့ပြတွေမှာ အကြောင်းမဲ့ သက်သက်ပစ်ခတ် ဖျက်ဆီး လိုက်လို့   ပျက်စီးနေတာတွေ အများကြီးပါပဲ။ ဖြစ်လာတော့မှ တပ်မတော်ကို အပြစ်လာပုံ မချစေချင် ပါဘူး။   တပ်မတော်အနေနဲ့  NCA ဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထားနေချိန်မှာ သူပုန်တွေအမြတ်ထုတ် လိုက်တာပါပဲ။ တပ်မတော်ကပြန်လည် တိုက်စစ်ဆင်ချေမှုန်းရင် မဟုတ်မမှန်သတင်းအတု၊ သတင်း အမှားတွေနဲ့ ဘယ်နေရာမှာတော့  တပ်မတော်က လက်နက်ကြီးတွေနဲ့ပစ်လို့ပြည်သူတွေ ဘယ်လို သေသွားခဲ့တယ်ဆိုတာမျိုး၊ ယာယီနေရပ်စွန့်ခွာလာသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးညှဉ်း ပန်းနှိပ်စက်နေတာမျိုး၊ အကြမ်းဖက်အားပေးတရားမဝင် ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက် သူပုန်တွေရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့ တပ်အပေါ် အထင်အမြင်လွဲမှားအောင် ဖြန့်ဝေနေတာတွေဟာ အချိန်နဲ့အမျှပါပဲ။  နေ့စဉ်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာ ဒီလိုမျိုးသတင်းတု၊ သတင်းမှားတွေကို ဖြေရှင်းနေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပါတယ်။

ဒီလိုမျိုးပြည်ဖျက်မီဒီယာတွေသာမက အမေရိကန်လို အင်အားကြီးနိုင်ငံတွေ၊ ကုလသမဂ္ဂလို နေရာမျိုး တွေမှာလည်း တပ်မတော်က ဘယ်လိုပဲကောင်းတာတွေ လုပ်နေလုပ်နေ ကောင်းတာ မှန်သမျှရဲ့ ဆန့်ကျင်ဘက်တွေပဲ   ပြောပါတယ်။

အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူတွေကို သွေးထိုးမြှောက်ပင့်ပေးပြီး မြန်မာနိုင်ငံ ပျက်စီး ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ ဒါကိုတိုင်းပြည်နဲ့ လူမျိုးချစ်တဲ့ သူတိုင်းသိမြင် ကြပါတယ်။ သိမြင်ကြလို့လည်း တပ်မတော်ရဲ့ဆောင်ရွက်မှုတွေအပေါ်၊ သဘောထား ပျော့ပျောင်းနေမှု တွေအပေါ် အားမလိုအားမရ ဖြစ်နေမိကြပါတယ်။ ကျွန်တော်ထင်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်အရပ်ရပ်ကို ယူထားရတဲ့အတွက်  အနောက်အုပ်စုနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးဘက်စုံ ပိတ်ဆို့ခံထားရမှုတွေကြောင့်လည်း ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်း နေတာလို့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တပ်ရဲ့အခက်အခဲတွေကို သတိပြုမိပြီး တပ်မတော်ကို ငါတို့ ဘယ်လိုပံ့ပိုးပေးနိုင်သလဲ။ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ ငါတို့မှာလည်း   တာဝန်ရှိ တယ်ဆိုတဲ့စိတ်မျိုးရှိနေရပါမယ်။  အထူးသဖြင့်လူငယ်တွေပေါ့။ ရှေ့တန်းရောက်   တပ်မတော် သားနဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် စားသောက်ဖွယ်ရာပေးပို့လှူဒါန်းမှုတွေ၊ အားပေးတဲ့စာလွှာတွေ၊ ပစ္စည်းတွေကို တပျော်တပါး ထုပ်ပိုးနေမှုတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ဌာနတွေ၊ ပြည်သူတွေရဲ့အားပေးမှုတွေဟာ  တပ်မတော်သားတွေအတွက်၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် တကယ့်ကို အားတက်စေပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့အတိုင်း  ပြည်သူ တွေရဲ့ အင်အားဟာ နိုင်ငံ့အင်အားပါပဲ။ အဲဒီလိုမျိုးတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီနေကြသလို ကျွန်တော်တို့ လူငယ်လူရွယ်တွေကရော ကိုယ်တိုင်ကိုယ်ကျ နိုင်ငံတော်ကာကွယ်ရေးမှာ တက်တက် ကြွကြွ ပါဝင်ကြမယ်ဆိုရင် တပ်မတော်အင်အားရှိလာမယ်။ တိုင်းပြည်အင်အားရှိလာမယ်။ အဖျက်သမား သူပုန်တွေ နေရာကျဉ်းမြောင်းလာပါလိမ့်မယ်။

ဒီကနေ့ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်တော့ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးကတည်းက ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတစ်ခုလို့ မြင်မိပါတယ်။ နိုင်ငံအတွက်ရှိသင့်တဲ့ ဥပဒေ တစ်ခုပါပဲ။  နိုင်ငံတချို့မှာတော့  ကျင့်သုံးနေတာကြာပြီဖြစ်ပါတယ်။ သူတို့နိုင်ငံတွေမှာတော့   အရွယ် ရောက်ပြီး သတ်မှတ်ချက်တွေနဲ့ ညီညွတ်ရဲ့သားနဲ့ စစ်မှုထမ်းဖို့ရှောင်ပြေးနေရင် တကယ့်ကို ရှက်စရာ ကောင်းတဲ့အဖြစ်မို့ ဘယ်သူကမှ အားမပေးပါဘူး။ နောက်ဆုံးပိတ်ရုပ်ရှင်မင်းသားရွေးချယ်တာတောင်မှ  စစ်မှုထမ်းဖို့ပျက်ကွက်ခဲ့ရင် မရွေးချယ်ပါဘူး။ သူတို့နိုင်ငံတွေမှာ  တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ စစ်မှုထမ်းရတာကို ပျော်ပွဲစားထွက်ရသလိုမျိုး ပျော်ရွှင်နေကြတာတွေ့ရတော့ ဪ--ငါတို့ မြန်မာ နိုင်ငံသားတွေ၊    လူငယ်တွေမှာ  ဒီလိုစိတ်မျိုးရှိစေချင်လိုက်တာလို့  တွေးမိပါတယ်။

တချို့မေးကြမှာပေါ့။ သူတို့တပ်မတော်ကို သူတို့ချစ်ကြတာကိုးလို့။ အဲဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာ့ တပ်မတော်ကိုရော ပြည်သူတွေမချစ်ကြဘူးလား။ ချစ်တဲ့သူတွေမှအများကြီး။ သို့ပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ အတိတ်သမိုင်းတွေ ပြန်ပြောင်း တွေးကြည့်မယ်ဆိုရင် တပ်မတော်ပြိုကွဲအောင်၊ ပြည်သူတွေက တပ်မတော်ကို မုန်းတီးနေအောင် ဖန်တီးသွားသူတွေ ရှိပါတယ်။  NLD အစိုးရ လက်ထက် Debate တစ်ခုမှာ တပ်မတော်အပေါ် အကောင်းမြင်စိတ်မရှိသူတစ်ဦးက “တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်က မုဒိမ်းကျင့်တယ်။  လူသတ်တယ်။ ပေါ်တာဆွဲတယ်” ဆိုတဲ့ စကားမျိုးပြောလာပါတယ်။  အဲဒီအခါမှာ   အခြားတစ်ယောက်က ‘‘ဒီမှာဒီကိစ္စတွေ တပ်ကလုပ်တယ်ဆိုတာ ခင်ဗျားမြင်လား၊ ခင်ဗျား မှာ  သက်သေအခိုင်အလုံရှိပါသလား။ ရှိရင် ကျွန်တော်ကိုယ်တိုင်တပ်ကိုတရားစွဲ ပေးမယ်။ အထက်ကို လည်းသိအောင် တိုင်ကြားပေးမယ်၊  ပြောပါ” ဆိုတော့၊ ပထမလူက  ဘာမှပြန်မပြောနိုင်ပါဘူး။

ကျွန်တော်တို့ ငယ်ငယ်ကစကားနဲ့ပြောရရင် ‘‘ဗြောသံကြားတရားနာ” ဆိုသလို တပ်အပေါ် အကောင်း မြင်စိတ်မရှိသူဟာ  ငါအပိုင်တွယ်လိုက်မယ်ဆိုတဲ့ သဘောမျိုးပြောတာဖြစ်ပေမယ့် သူ့မှာ လက်ဆုပ် လက်ကိုင် ခိုင်မာတဲ့သက်သေ အထောက်အထားတစ်ခုမှ မရှိပါဘူး။ ဒီလိုမျိုးမဟုတ်တဲ့ အကြောင်း အချက်တွေတော်တော်များများနဲ့ တပ်မတော်ကို တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။

ဘာကြောင့်သည်လိုလူတွေရဲ့စိတ်ထဲမှာ တပ်မတော်မုန်းတီးရေး ဖြစ်နေရတာလဲ။ ကျွန်တော်   တွေ့မြင် သမျှတော့ တပ်မတော်က နယ်လှည့်ဆေးကုပေးတယ်။ ဆင်းရဲချို့တဲ့သူတွေကို ဆန်နဲ့အခြား ရိက္ခာတွေ ထောက်ပံ့ပေးတယ်။

ကိုဗစ်-၁၉ ရောဂါ   ပြင်းပြင်းထန်ထန်ဖြစ်နေချိန်မှာ   တပ်မတော်က  ငွေကုန်ကြေးကျ အများကြီးကျခံပြီး နေရာတွေပေးတယ်။ ထမင်းကျွေးတယ်။ ရောဂါပျောက်တဲ့အထိ ကုသပေးတယ်။ တပ်မတော်က ကယ်တင်ခဲ့လို့ အသက်ရှင်တဲ့သူတွေ ကိုဗစ်-၁၉ ရောဂါကာလမှာအများကြီးရှိပါတယ်။ သဘာဝဘေး ကျရောက်ရင်လည်း   ဒီတပ်မတော်သားတွေပဲကယ်တင်နေရတာပါ။ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းမှာလည်း ဒီတပ်မတော်သားတွေပါပဲ။ တပ်မတော်က လေယာဉ်တွေ၊ ရေယာဉ်တွေပဲ အသုံးပြုခဲ့ကြတာပါပဲ။

ဒါဖြင့် ဘာကြောင့်တပ်မတော်ကို မုန်းတီးရေးတွေဖြစ်လာရတာလဲ။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော် နှစ်ရပ်မှာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်) အဲဒီတုန်းက လွှတ်တော် ကိုယ်စား လှယ်တွေဟာ   တပ်မတော်နဲ့ အတိုက်အခံပြုနေရတာကိုပဲသူတို့အတွက် ဂုဏ်တစ်ခုလို့မြင်နေကြတယ်။ ကိုယ်စားလှယ်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်ကများလို့  ကိုယ်စား လှယ်တွေသုံးလိုက်တာပါ။ သူတို့မှာသာ နိုင်ငံချစ်စိတ်အမှန်တကယ်ရှိရင် တပ်မတော်ဆိုတာ နိုင်ငံမှာ မရှိမဖြစ်တဲ့ အဖွဲ့အစည်းပါလား။ ဒီအဖွဲ့အစည်းရှိနေလို့ အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံဆိုတာ   ရှိနေပါလားဆိုတဲ့ စိတ်ရှိသင့်ပါလျက် မရှိခဲ့ဘူး။ ဘာကြောင့်မရှိရသလဲ။

ပြည်ပစွက်ဖက်နှောင့်ယှက်မှုတွေ၊ သွေးထိုးမှုတွေ၊ အမိန့်ပေးစေခိုင်းနေတာတွေ ကြောင့်ပါပဲ။ ဒါ့အပြင်  ပြည်ပအကြံပေး ၁၀၀ ကျော်က ဝန်ကြီးဌာနတွေကို ချုပ်ကိုင်ထားတယ်။ အစိုးရကလည်း  ဒီမိုကရေစီ စစ်စစ်အစိုးရလို့ ပြောနေပေမယ့် လူမှုကွန်ရက်ကို ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် အကုန် အကျခံငှားရမ်းထားတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ လူမှုကွန်ရက်တွေ ပိတ်ဆို့တားဆီးတယ်။ ဖျက်ဆီး တယ်။ အဆိုးရွားဆုံးကတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ အခြားဘာသာဝင် လူသားတွေကို တန်းညှိတယ်။ ဒါက ပြည်သူတိုင်းမြင်တွေ့နေတဲ့မြင်ကွင်းတွေပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့မဲမသမာမှု ၁၁ သန်းကျော်ရှိခဲ့တာဟာ  ဖြစ်ရပ်မှန်ပဲ။ သူတို့ကို ထောက်ခံနေတဲ့ မီဒီယာအချို့ကပင် မဲလိမ်မဲခိုး၊ မဲမသမာမှုရှိကြောင်း ပြောဆိုတာမျိုး လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့ကိစ္စကို အားလုံးက ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်ဖြေရှင်းလိုက်ရင်ရတဲ့   ကိစ္စဖြစ်ပေမယ့် တပ်မတော်မုန်းတီးရေး စိတ်အခံနဲ့နိုင်ငံဖြစ်ချင်ရာဖြစ် ပြန်လည်မဖြေရှင်းဘဲနေပြီး လွှတ်တော်ကို အတင်းခေါ်ယူဖို့ ကြိုးစားတယ်။  ဒါ့ကြောင့်  ဒီကနေ့အရေးပေါ် ကာလအခြေအနေ ဆိုက်ရောက်ခဲ့ရတာပါပဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောထားရိုးဖြောင့်စွာနဲ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်။ ဆူဆူပူပူနဲ့ ဆန္ဒပြတဲ့သူတွေ၊ စက်ရုံမီးရှို့သူတွေကို အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ညင်သာစွာ ဖြေရှင်း ခဲ့တယ်။

လမ်းမှားကို  လျှောက်လှမ်းသွားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသားတွေအားလုံးကို ပြန်လည်ခေါ်ယူတယ်။ ပြည်သူတွေကိုလည်း ပြန်လည်ခေါ်ယူတယ်။ ဒီမိုကရေစီကို လျှောက်လှမ်းမှာဖြစ်လို့ ပါတီတွေဖွဲ့ပြီး  ရွေးကောက်ပွဲဝင်ကြမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း NCA လမ်းကြောင်းပေါ် ဆက်လျှောက်မယ်။

လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီထောင်ရွေးကောက်ပွဲဝင်ဖို့ အခွင့်အလမ်းတွေပေးထားပါတယ်။ အရေးပေါ်ကာလဟာ ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ်အတွင်းပြီးမြောက်ပြီး ရွေးကောက်ပွဲ ကျင်းပရမယ့် အနေအထားပါပဲ။ ဒါပေမဲ့ လွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ပထွက်ပြေးတယ်။ စင်ပြိုင် အစိုးရဆိုပြီးဖွဲ့တယ်။ ပြည်သူ့ကာကွယ်ရေး အမည်ခံပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ အဖွဲ့တွေ ဖွဲ့တယ်။

တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း သစ္စာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကလည်း NUG၊ CRPH နဲ့ PDF တွေကိုအကြမ်းဖက်သင်တန်းတွေပေးပြီး နိုင်ငံပျက်စီးရေးကို  ဦးတည် လုပ်ဆောင်စေခဲ့တယ်။ အမေရိကန်လို  ပြည်ပနိုင်ငံအချို့ကလည်းငွေကြေးတွေ၊ အကြမ်းဖက် နည်းပညာတွေ ထောက်ပံ့ကူညီပေးတယ်။ အကြမ်းဖက်အားလုံးအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့တွေတည် ဆောက်ထားတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ တာဝါတိုင်၊ မီးရထားလမ်းတစ်ခုမှမရှိပေမယ့် သူတို့ ဖျက်ဆီးလိုက်တဲ့ ပြည်သူပိုင်အဆောက်အအုံတွေကအများကြီးပါပဲ။ PDF တွေအကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်ခံရတဲ့ ရဟန်း၊ သံဃာတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အခြားပါတီဝင်၊ ပြည်သူတွေအရေအတွက်ဟာ အလွန်ပဲများပြားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်   ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူပါတယ်။ အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးသေဆုံးခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့အဆောက်အအုံ  ၁၀၉၃၀  ရှိပါတယ်။

ဖျက်လို့ရတာ  အကုန်ဖျက်မယ်ဆိုတဲ့စိတ်ယုတ်မာနဲ့ ပြည်သူတွေသက်သောင့်သက်သာသွားလာနေတဲ့ မီးရထားလမ်းတွေကိုလည်း မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးပါတယ်။   ဩဂုတ်လ  ၁၆ ရက်နေ့ သတင်းစာမှာ ဖတ်လိုက်ရတာ အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ယခုအချိန်အထိ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၇၉ ကြိမ်၊ ရထား တံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း ၁၇၁ ကြိမ်၊ ဘူတာအဆောက်အအုံနဲ့ ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အဖျက်သမားတွေ ချုပ်ငြိမ်းဖို့ဆိုတာ နိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်တို့ စုစည်းညီညွတ်စွာ ဖြေရှင်းသွားရမှာဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးက ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ်ရမယ်ဆိုတဲ့အသိနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အကြမ်းဖက် အဖျက်သမားတွေ ပျောက်ကွယ်သွားမှာ အမှန်ဖြစ်ပါကြောင်း  ရေးသားလိုက်ပါတယ်။     ။

မန္တလာကိုကိုဝင်း