မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၂)တွင် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းနိုင်ပွဲရရှိ
ရန်ကုန် ဩဂုတ် ၂၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ပြိုင်ပွဲ ပွဲစဉ်(၁၂)ပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းနိုင်ပွဲရရှိ ခဲ့ပြီး ဧရာဝတီယူနိုက်တက် ယူ-၂၀ အသင်း နှင့် ဒဂုံပေါ့ ယူ-၂၀ အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၂)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစား ကွင်း၌ ရှမ်းယူနိုက်တက် ယူ-၂၀အသင်း နှင့် Junior Lions အသင်းတို့ကစားခဲ့ရာ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ် အနယ်ရှိခဲ့ပြီး ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် ဟိန်းသန့်က သွင်းယူပေးနိုင်ခဲ့ သည်။
အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းက အနိုင်ရရှိခဲ့သည့်အတွက် ၁၁ ပွဲကစားပြီးချိန်တွင် ကိုးပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၂၉ မှတ်ဖြင့် အမှတ် ပေးဇယားအဆင့်(၁)နေရာတွင် ဆက်လက် ရပ်တည်လျက်ရှိနေပြီး ရှုံးနိမ့်ခဲ့သည့် Junior Lions အသင်းသည် ၁၁ ပွဲကစားပြီးချိန်တွင် ခုနစ်ပွဲနိုင် သုံးပွဲသရေ တစ်ပွဲရှုံး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၂)နေရာ တွင် ဆက်လက် ရပ်တည်လျက်ရှိနေသည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းအားကစားကွင်း၌ ဧရာ၀တီ ယူနိုက်တက် ယူ-၂၀ အသင်းနှင့် ဒဂုံပေါ့ ယူ-၂၀အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဒဂုံပေါ့ ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ကျော်စိုးဟိန်းက သွင်းယူပေးနိုင်ခဲ့ပြီး ဧရာဝတီ ယူနိုက်တက် ယူ-၂၀ အသင်း အတွက်သွင်းဂိုးကို ပွဲချိန် ၃၃ မိနစ်တွင် ဖြိုးသီဟအောင်က သွင်းယူ ပေးနိုင်ခဲ့ကြောင်း သိရသည်။
စည်သူအောင်