လေးဖက်နာအတွက် အသက်ရှူပါ

လေးဖက်နာအတွက် အသက်ရှူပါ

လူတစ်ယောက်သည် ရက်ရှည်အဖျားတက်နေသည်။ ဆရာဝန်များစစ်ဆေးသောအခါ ငှက်ဖျား လည်းမဟုတ်၊ တီဘီရောဂါလည်း မရှိ၊ အဆုတ်နှင့် ကျောက်ကပ်များလည်း ကောင်းနေသည်။ အဖျားမှာ ဆေးထိုး၊ ဆေးသောက်သော်လည်း မကျ၊ ရက်ရှည်လာသည်။   ဖျားလာပြီဆိုလျှင်   သူ၏မျက်နှာမှာ ထူအန်းနီမြန်းလာလေ့ရှိသည်။      တစ်ခါတစ်ရံ တက်သလိုဖြစ်ပြီး သတိလစ်သွားသည်။ သူ၏အဆစ်

များလည်း နာသည်။

အဆစ်အမျက်ရောင်ရောဂါဖြင့် ဖျားသည်ထင်ပြီး ဆရာဝန်များက သူ့ကို အရိုးအဆစ်အထူးကုသမား တော်ကြီးထံ  လွှဲအပ်ပေးလိုက်ကြသည်။ ထိုအခါမှ သူ့ရောဂါမှာ SLE ရောဂါဟုဆိုသော   အရေပြား လေးဖက်နာရောဂါ ဖြစ်နေကြောင်း တွေ့ရသည်။

ဆရာဝန်ကြီးများ၏ သတ်မှတ်ချက်အရ လေး ဖက်နာ ခြောက်မျိုးရှိသည်။

၁။ ပိုးလေးဖက်နာ

၂။ တုံ့ပြန်လေးဖက်နာ

၃။ အဆစ်ရောင်အရေပြားနာ (Psoriasis)

အထက်ပါရောဂါသုံးမျိုးမှာ သွေးစစ်လျှင် သွေးတွင်းခုခံဓာတ်မပေါ်သော အဆစ်ရောင်ရောဂါမျိုး ဖြစ်သည်။

၄။ သွေးလေးဖက်နာ (RA)

၅။ အရေပြားလေးဖက်နာ (SLE)

၆။ အရေပြားထူ အဆစ်နာ (Scleroderma)

ဤရောဂါသုံးမျိုးသည် သွေးတွင်းခုခံဓာတ်ပေါ်သော လေးဖက်နာမျိုးဖြစ်သည်။

SLE ရောဂါဟုခေါ်သော်လည်း အရေပြားလေးဖက်နာမှာ ရှားရှားပါးပါးဖြစ်သော လေးဖက်နာမျိုးဖြစ်ပြီး အသက် ၂၀ နှင့် ၄၀ အတွင်း အဖြစ်များသည်ဟုဆို သည်။ အမျိုးသမီးများ ဖြစ်နှုန်းပိုများသည်။ ကိုယ် ဝန်ဆောင်များတွင်လည်း ဖြစ်လေ့ဖြစ်ထရှိသည်ဟုဆိုသည်။

ထိုထူးဆန်းသော အရေပြားလေးဖက်နာ (SLE)၏    အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ Systemic Lupus Erythematosus   ဖြစ်သည်။  ခန္ဓာကိုယ်အတွင်းရှိသော System အားလုံးကို တိုက်ခိုက်ပြီး အရေပြားကလည်း ထူအန်းနီမြန်းကာ မြေခွေးမျက်နှာလိုဖြစ်သည်။ Lupus ဆိုသည်မှာ မြေခွေးဖြစ်သည်။  ယင်းမှာအနောက်တိုင်းဆေးပညာရှင်များ၏ နီးစပ်ရာပုံနှိုင်းသတ်မှတ်ချက်ဖြစ်သည်။ မြန်မာများမှာ မြေခွေးနှင့် သိပ်မရင်းနှီးကြပါ။ ဤရောဂါကြောင့် အရေပြားအနီကွက်များထွက်ပြီး ခေါင်းလည်းကိုက်လေ့ရှိသည်   ဆိုသည့်အတွက်    အရေပြားအလုပ်၊   ဦးနှောက်အလုပ်၊ ကျောက်ကပ်အလုပ်၊ နှလုံးအလုပ်အားလုံးကို   တိုက်ခိုက်ပြီး   အဆစ်များ နာလာသောအခါမှ လေးဖက်နာ မှန်းသိသောရောဂါမျိုး ဖြစ်သည်။

ဤရောဂါမျိုးဖြစ်သော လူနာအမျိုးသမီးတစ်ဦးကို စာရေးသူကုသပေးရဖူးသည်။ တိုင်းရင်းဆေးဖြင့် အဆစ်များကို ဆေးစည်းပေးရခြင်းဖြစ်သည်။ သူ့မှာ ဆရာဝန်ကြီးများ ပေးထားသည့်ဆေးများကလည်း အထုပ်နှင့်တစ်ထုပ်ဖြစ်သည်။ ထိုဆေးများကိုလည်း  မဖြတ်ရဲ၊ မြန်မာဆေးလည်း စည်းချင်သည်၊ ကုချင်

သည်။

စာရေးသူတို့ ရိုးရာဆေးများမှာ တစ်ခါတစ်ရံ လူနာ အလိုလိုက်ရသည်။      အနောက်တိုင်းဆေးပညာ ထွန်းကားနေသောခေတ်တွင် ဆရာဝန်ကြီးများပေး သောဆေးကိုလည်း မဖြတ်ခိုင်းဘဲ ကိုယ့်မြန်မာဆေးဖြင့်လည်း သင့်လျော်သောအချိန်တွင် ကြားဖြတ်ကုသပေးရသည်။

တစ်ခါတစ်ရံ   အင်္ဂလိပ်ဆေးစားပြီး  မြန်မာဆေးလိမ်း၊ စည်းထားမှ ကြိုက်သည့်လူနာမျိုးလည်းရှိသည်။ လူနာတစ်ဦး ရောဂါပျောက်ရန် မည်သည့်ဆေးနည်းမှမခွဲခြား၊ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ၊ နှစ်မျိုးပေါင်း၍ဖြစ်စေ လူနာသက်သာရန် အဓိကဖြစ်သည်။ မည်သည့်ဆေးကမှ အမြစ်ပြတ်သည်ဟု အယူသီးနေရန်မလိုပါ။ အရေးပေါ်လျှင် ပေါ်သလို သင့်ရာဆေးကို သုံးစွဲကုသရန်လိုသည်။ အရေးပေါ်တွင် အင်္ဂလိပ်ဆေးဟု အရပ်သုံးစကားဖြင့် ခေါ်ကြသော ဆေးက အစွမ်းထက်ပြီး ရေရှည်ရောဂါပျောက်ကင်းစေရန်  မြန်မာဆေးကို အချိန်ကြာကြာစွဲ စားတတ်ကြသည်။

လေးဖက်နာရောဂါ ဝေဒနာရှင်များမှာ အနောက် တိုင်းဆေးဖြင့်ကုသရင်း   အကိုက်အခဲ ပျောက်ဆေးများ အသောက်များလာသောအခါ အစာအိမ်နှင့် အူလမ်းကြောင်းတွင် အနာများ ဖြစ်လာလေ့ရှိသည်။ ဝေဒနာရှင်တချို့မှာ    အကိုက်အခဲပျောက်ဆေး သောက်လွန်း၍     အစာအိမ် သွေးကြောပေါက်ပြီး အသက်သေဆုံးရသူပင် ရှိသည်။

သို့သော် ထူးထူးဆန်းဆန်း တိုင်းရင်းမြန်မာဆေး အမျိုးမျိုးကို စွဲစားရင်း လေးဖက်နာပျောက်သွားသူ များလည်း တွေ့ဖူးသည်။ ထိုသူစွဲစားသည့် တိုင်းရင်း ဆေးမှာ လေးဖက်နာဆေးဟု အမည်တပ်မထား၊ ဓာတ်ကြီးလေးပါးညှိဆေးဟု ရေးသားထားသည်ကို တွေ့ရသည်။ ထိုဆေးကို ဝမ်းမှန်သဖြင့် စွဲစားရင်း လေးဖက်နာပါ သက်သာလာသည်ကို တွေ့ရသဖြင့် စွဲစွဲမြဲမြဲစားခဲ့သည်ဟုဆိုသည်။

ဓာတ်ကြီးလေးပါးဆိုသည်မှာ ရှေးမြန်မာဆရာကြီးများ၏ ဆေးပညာအခြေခံ၊ ဗိန္ဒောဆေး၏ အခြေခံ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော လေးပါးပင်ဖြစ်သည်။ ထိုလေးပါးညီညွတ်နေသမျှ လူတို့တွင် ရောဂါမဖြစ်။ ဓာတ်ကြီးလေးပါးမှာ တစ်ခုနှင့်တစ်ခု မညီညွတ်ကြလျှင်၊ ဖောက်ပြန်လျှင် ရောဂါဖြစ်သည်

ဟု ဒေသနာနယဆေးပညာကဆိုသည်။

ဓာတ်ကြီးလေးပါးတို့တွင် ပထဝီနှင့် အာပေါဓာတ် တို့ လွန်ကဲလျှင် အဆစ်အမျက်များ တောင့်တင်းမည်၊ တင်းကျပ်မည်။ တေဇော၊ ဝါယော ဓာတ်ကြီးနှစ်ပါး လွန်ကဲလျှင်၊ လိုအပ်သည်ထက် လွန်ကဲလျှင် အဆစ်  အမျက်များ ကိုက်ခဲမည်။

ပထဝီဓာတ်နှင့်   အာပေါဓာတ်တို့လွန်ကဲလျှင် အသားဓာတ်တို့ကို လျှော့စားရန်လိုသည်။ တေဇော ဓာတ်နှင့် ဝါယောဓာတ်တို့ လွန်ကဲလျှင် အချဉ်၊ အစပ်၊ အခါးဓာတ်တို့ကို လျှော့စားရမည်ဖြစ်သည်။ အမှန် မှာ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး အရသာခြောက်ပါး စလုံး မျှတအောင် စားသောက်ရန်လိုသည်။ လွန်ကဲမှု တစ်ခုခုရှိလျှင် ရောဂါတစ်မျိုးမျိုးဖြစ်လာနိုင်သည်။ ဓာတ်စာဆရာတို့ကလည်း ဤအချက်ကို ကြည့်ပြီး ဓာတ်စာပေးလေ့ရှိသည်။

တစ်ခါက     ရိပ်သာတစ်ခုတွင်    တရားဟောဓမ္မကထိက     ဆရာကြီးတစ်ဦးနှင့်တွေ့ဖူးသည်။

နှစ်‌ပေါင်းတော့ကြာခဲ့ပြီဖြစ်သည်။  ထိုအချိန်က စာရေးသူမှာလည်း  ဆရာဖြစ်ခါစ  လေးဖက်နာရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတို့ကို ကွဲကွဲပြားပြားမသိသေးသည့် အချိန်က ဖြစ်သည်။ ထိုဆရာကြီးသည် လက်ဆစ်များအားလုံး ရောင်သဖြင့် ဖုထစ်နေသည်ကို တွေ့ရသည်။  ခြေမျက်စိအဆစ်များမှာလည်း ပုံပျက်ပြီး အဖုကြီးများဖြစ်နေသည်။ ထိုဆရာကြီးသည် ရိပ်သာသို့ တစ်ပတ်မှတစ်ခါလာသည့်    ဆရာဝန်ပေးထားသောဆေးကိုလည်း သောက်သည်။ စာရေးသူပေးသော မြန်မာဆေးများကိုလည်း သောက်သည်၊ လိမ်းသည်။ စာရေးသူက "ဆရာကြီး  ဒီရောဂါကြီးနဲ့  တရားထိုင်လို့ဖြစ်ပါ့မလား" ဟုမေးသည်။ ဆရာကြီးက ဖြေသည်မှာ-

"ခန္ဓာရှိရင်တော့ ဝေဒနာရှိမှာပဲ။ ဒီရောဂါရှိတော့ ကျုပ်မှာ ဝေဒနာရှုမှတ်ရတာ ပိုလွယ်တယ်။ အထူး အထွေ    ဝေဒနာရှုစရာမလိုတော့ဘူး။   ကျုပ်ရဲ့ လက်ဆစ်ခြေဆစ်မှာ   ဝေဒနာရှိတယ်၊    နာတယ်၊ ကိုက်တယ်ဆိုရင်  ကျုပ်က  အာနာပါနကို  ပိုပြီးမှတ်လိုက်ရင် ပျောက်သွားတာပဲ"ဟု ပြောသည်။

ထိုယောဂီနည်းပြဆရာကြီးသည် အသက် ၈၀ ကျော် ၉၀ နီးပါးအထိ နေသွားရသည်။ သေမည့်နေ့အထိ တရားမှတ်မပြတ်ခဲ့ကြောင်း သိရသည်။ လေးဖက်နာရောဂါသည်များအတွက် တရားရှုမှတ် ခြင်းသည် အသက်ရှည်ဆေးဖြစ်ကြောင်း ဆရာကြီးသည် နမူနာကောင်းပင်ဖြစ်သည်။

တကယ်တော့ အာနာပါနကမ္မဋ္ဌာန်းသည် ဆေး မဟုတ်။ ဝင်လေထွက်လေကို ပြင်းပြင်းမှန်မှန်ရှူသည့် အသက်ရှူခြင်းပင်ဖြစ်သည်။ ဝင်လေထွက်လေမှန်မှန် သွင်းထုတ်လိုက်သောအခါ ကိုယ်ခံအားများ ပေါ်ထွက်လာသည်။ ယင်းကိုယ်ခံအားသည် အတိုက်အခံဓာတ်များကို ဖွင့်ထုတ်လိုက်သည်။ ထိုသို့ဖွင့်ထုတ်လိုက်သောစွမ်းအားသည် အကိုက်အခဲပျောက်ဆေးများ ထက်ကောင်းသည်၊ အစွမ်းထက်သည်ဟု မှတ်ယူရမည်ဖြစ်လေသည်။

အာနာပါနထက်မြင့်လျှင် ဝိပဿနာအဆင့်ရောက် သည်ဟု   ဓမ္မကထိကဆရာများကဟောကြသည်။ အာနာပါန အဆင့်မှာပင် ရောဂါဝေဒနာများ သက်သာလျှင် တရားရှုမှတ်သူများအတွက် ဝိပဿနာ အဆင့်တွင် မည်သည့်ဝေဒနာမှ နှိပ်စက်နိုင်မည်မဟုတ်တော့ပေ။ ကပ်ငြိလျှင် ကပ်ငြိလာမည်၊ နှိပ်စက်၍ကား ရနိုင်မည် မဟုတ်တော့ပါ။

စာရေးသူ၏ လူနာမိတ်ဆွေတစ်ဦးမှာ လေးဖက်နာ ရောဂါရှိသည်။ နှလုံးကလည်းမကောင်း။ သူသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည်။ တစ်ရက်တွင်  နံနက်စောစော   ကျုံးနံဘေးသို့   လမ်းလျှောက်ရင်း သူ့ကိုတွေ့ရသည်။ သူသည် ကျုံးရေပြင်ကို မျက်နှာမူပြီး အသက်ရှူ လေ့ကျင့်ခန်း လုပ်နေသည်။ စာရေးသူကို  သူက မမြင်ပေ၊   ကျောပေးထားသောကြောင့် ဖြစ်သည်။မကြာမီက    သူနှင့်ဈေးချိုတွင် ဆုံသောအခါ သူ့အဆစ်နာရောဂါသက်သာနေပြီး ကျုံးနံဘေးတွင် အသက်ရှူ လေ့ကျင့်ခန်း    နေ့စဉ်သွားလုပ်ရင်း သက်သာလာကြောင်း  ပြောသည်။   ဤသည်မှာလည်း    အာနာပါန တစ်မျိုးပင်မဟုတ်ပါလား။

အသက်ရှူလေ့ကျင့်ခန်းကြောင့်     ရောဂါဝေဒနာ အမျိုးပေါင်းများစွာ သက်သာကြောင်း ရေးသားထား

သည့် အိန္ဒိယနိုင်ငံထုတ် စာအုပ်တစ်အုပ်ကို ဖတ်ရသဖြင့် သူက အသက်ရှူ လေ့ကျင့်ခန်းလုပ်ခဲ့ခြင်း ဖြစ်

ကြောင်း ပြောပြသည်။

အသက်ကို ပြင်းပြင်းရှူခြင်းဖြင့် အဆုတ်အတွင်းသို့   လေအပြည့်အဝ   ဝင်သွားသည်။  အဆုတ်မှ သွေးကြောများသည် လေကောင်းလေသန့်ရလျှင်၊ လေအပြည့်အဝရလျှင် အားရှိပြီး သန့်စင်သော သွေး ကို နှလုံးသို့ အသစ်တစ်ဖန်ပြန်ပို့သည်။ နှလုံးသည်   အဆုတ်မှ   သန့်ရှင်းသောသွေးကို   အပြည့်အဝ ရသဖြင့် ကျန်းမာရေး  ပိုမိုကောင်းမွန်လာကြောင်း ထိုစာအုပ်တွင် အကျယ်တဝင့် ဖော်ပြထားသည်ဟု ဆိုသည်။

ရှေးက သူတော်စင်များ အသက်ရှည်ကြခြင်းမှာ ယခုခေတ်ကဲ့သို့  ရောဂါဆိုးများ မပေါများသေး၍ဟု ပြောကြသည်။ ထိုအပြောများမှာ မှန်သင့်သလောက်တော့  မှန်ပါလိမ့်မည်။ သို့သော် တောမှီ ယောဂီသူတော်စင်တို့၏ ရုပ်ပုံလွှာကို လေ့လာကြည့်သောအခါ သစ်တစ်ပင်ရိပ်တွင် ထိုင်လျက် အသက်ရှူသော အာနာပါနအလုပ်   လုပ်နေသည်ကို  စာရေးသူ၏ အာရုံတွင် မြင်ယောင်လာသည်။ ရောဂါကင်းစင်ရန် အသက်ရှည်ဆေးနည်းမှာ အသက်ရှူခြင်းဖြစ်လေသည်။   လေးဖက်နာ ရောဂါ ရှိသူများ၊   နာတာရှည်ဝေဒနာခံစားရသူများအား ဤနည်းကို လက်တွေ့ကျင့်သုံးကြည့် စေချင်သည်။ အသက်ရှူလေ့ကျင့်သောနေရာတွင် ရေဓာတ်ရော လေဓာတ်ပါရရှိအောင် မြစ်နံဘေး၊  ချောင်းနံဘေး၊   ကန်နံဘေးတို့တွင် သွားရောက်ပြုလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းမှာ အသက်ရှည်ကျန်းမာစေနိုင်သော နည်းလမ်းကောင်းဖြစ် ကြောင်း တင်ပြအပ်ပါသည်။           ။

ကြည်လွင်မြင့်(မုဒြာ)